ဆေးသယ်တာ အခက်အခဲရှိလို့ ပလက်ဝမှာ ကိုဗစ်ကာကွယ်ဆေးမထိုးနိုင်သေး

ဇန်နဝါရီ ၂၇ ရက်မှာ ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးပေး

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ကျန်းမာရေးဝန်းထမ်းတွေကို ကိုဗစ် ကာကွယ်ဆေး မထိုးပေးနိုင်သေးဘူးလို့ မြို့နယ်ဆရာဝန်ကြီးနဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့တို့က ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို အခုလ ၂၇ ရက်နေ့ကနေ တစ်နိုင်ငံလုံးအတိုင်းအတာမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သက်ဆိုင်ရာမြို့နယ်တွေမှာ ပထမဆုံးအသုတ်အနေနဲ့ ထိုးပေးနေပြီလည်းဖြစ်ပါတယ်။

ပလက်ဝမြို့နယ်မှာ အခုလို ကိုဗစ်ကာကွယ်ဆေး မထိုးနိုင်သေးတာဟာ ဆေးတွေကို ပို့ဆောင်ရတဲ့အခါမှာ သယ်ယူရေး အခက်အခဲဖြစ်နေတဲ့ အတွက်ကြောင့် ဆေးမရောက်နိုင်သေးတဲ့အတွက် ကြန့်ကြာနေရတာ ဖြစ်တယ်လို့ ပလက်ဝမြို့နယ် ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်းက ဆိုပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ကျောက်တော်မြို့နယ်နဲ့ နယ်စပ်ချင်းဆက်စပ်နေတဲ့ မြို့နယ်တစ်ခုဖြစ်ကာ ကုန်းလမ်းဆက်သွယ်ရေးခက်ခဲပြီး ကုလားတန်မြစ်ကြောင်း တစ်ခုတည်းကိုပဲ ရေလမ်းခရီးအဖြစ် အသုံးပြုသွားလာနေရတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။

ပလက်ဝ မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့

ပြီးခဲ့တဲ့ ၂နှစ်တာအတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေခဲ့တဲ့ အတွက် ပလက်ဝမြို့နယ်နဲ့ အဓိက ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ ကုလားတန်မြစ်ကြောင်း သွားလာရေးကို စစ်ရေးအခြေအနေအရ ပိတ်ထားခဲ့ပါတယ်။

လက်ရှိမှာတော့ အဲ့ဒီမြို့နယ်အတွင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုး ပေးနိုင်ရေးအတွက် လိုအပ်တဲ့ကာကွယ်ဆေးတွေကို ပခုက္ကူမြို့နယ်က တစ်ဆင့် ကုန်းလမ်းဆက်သွယ်ရေးနဲ့ ပို့ဆောင်ထားပြီးဖြစ်ကာ မကြာခင် ရက်ပိုင်းအတွင်းမှာ ထိုးပေးနိုင်တော့မယ်လို့ ဆရာဝန်ကြီး ဒေါက်တာ စိုးသက်ဝင်းက ပြောပါတယ်။

"ကျွန်တော်တို့ဘက်ကတော့ ဒေသဝေးတော့ သယ်ယူပို့ဆောင်ရေးအခြေအနေကြောင့် နည်းနည်းကြာတယ်။ နောက်ကျတာပေါ့။ အခုရက်ပိုင်းအတွင်းထိုးမှာပါ။ နီးနီးနားနား လေယာဉ်ကွင်းတွေလည်းမရှိတော့ အနီးဆုံးကျွန်တော်တို့ဆီကို ပုခုက္ကူ ကနေ ပို့ရပါတယ်"လို့ ဒေါက်တာ စိုးသက်ဝင်းက ပြောပါတယ်။

အဲ့ဒီဆေးတွေကို ပို့ဆောင်တဲ့အခါမှာတော့ တခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ပို့ဆောင်ပေးသလို အအေးပုံးတွေနဲ့ ထည့်ပြီး ပုံမှန်အတိုင်းပဲ သယ်ယူလာမှာ ဖြစ်ပေမယ့် ပလက်ဝကိုတော့ လုံခြုံရေးတွေနဲ့ သယ်ယူရမှာဖြစ်တယ်လို့သိရပါတယ်။

မန္တလေးမြို့မှာ ဇန်နဝါရီ ၂၇ ရက်က ကာကွယ်ဆေးစတင်ထိုးစဥ်

လောလောဆယ်ကတော့ လမ်းခရီးအခြေအနေ လုံခြုံရေးကြောင့် ဘယ်ကနေ ဘယ်လို သယ်ယူမယ်ဆိုတာ ပြောလို့မရသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း အရေအတွက်က ၂၂၀ ရှိပြီး အဲ့ဒီဝန်ထမ်းအရေအတွက် အတိုင်း ဆေးရရှိမှာဖြစ်တယ်လို့ ဒေါက်တာစိုးသက်ဝင်းက ပြောပါတယ်။

ပလက်ဝမြို့နယ်က ကျန်းမာရေးဝန်ထမ်းတွေကို ထိုးပေးမယ့် ကိုဗစ် ကာကွယ်ဆေးတွေကို ပို့ဆောင်ဖို့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ မတူပီမြို့ကနေ ထွက်သွားပြီဖြစ်ပေမယ့် လမ်းကြောင်း အခြေအနေအရ ဆမီးမြို့မှာ ကြန့်ကြာနေတယ်လို့ ယူဆရကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

ချင်းပြည်နယ်ဟာ တောင်တန်းတွေပေါများပြီး တောင်ပိုင်းနဲ့ မြောက်ပိုင်းမြို့နယ်တွေဟာ အလှမ်းကွာဝေးပြီး ပို့ဆောင်ပေးရတာ မလွယ်ကူတဲ့အတွက် တောင်ပိုင်းမြို့နယ်တွေအတွက် ရန်ကုန်ကနေ ပို့လိုက်တဲ့ဆေးတွေကို ပခုက္ကူကို ပို့ဆောင်ပေးရပြီး အဲ့ဒီကနေတစ်ဆင့် မင်းတပ်၊ မတူပီ၊ ဆမီး၊ ပလက်ဝလမ်းကြောင်းကနေ သယ်ယူနေရတာ ဖြစ်တယ်လို့ ဝန်ကြီးကဆိုပါတယ်။


ကိုဗစ်ကာကွယ်ဆေးတွေကို ပို့ဆောင်ပေးမှု ကြန့်ကြာနေတာဟာ လမ်းပန်းဆက်သွယ်ရေးကြောင့်သာဖြစ်ပြီး စစ်ရေးအခြေအနေတွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ဝန်ကြီးဦးစိုးထက်က ပြောပါတယ်။

"အခုက လမ်းကြောင်းကတော့ အရေးကြီးတဲ့ဆေးတွေနဲ့ အရေးကြီးတဲ့ကိစ္စတွေဆိုတော့ တပ်က သွားလာခွင့်တော့ ပေးထားပါတယ်။ အခုက Ambulance နှစ်စီးနဲ့ သယ်တာပါခင်ဗျား၊ စစ်ရေးကြောင့် မဟုတ်ပါဘူး၊ လမ်းခရီးက အဆင့်ဆင့် သယ်ရ တယ်ဆိုတော့ အဲ့ဒါတွေကြောင့် ကြန့်ကြာတာပေါ့ခင်ဗျား"လို့ ဦးစိုးထက်က ပြောပါတယ်။

ချင်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း သုံးထောင်အထက်ရှိပြီး တောင်ပိုင်းဒေသက ပလက်ဝမြို့နယ်တစ်ခုတည်းမှာသာ ဆေးမထိုးရသေးတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဆေးတွေကိုပလက်ဝကို အမြန်ရောက်ရှိနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို အကူအညီပေးဖို့ ညွှန်ကြားထားတယ်လို့လည်းသိရပါတယ်။

ဆမီးမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ တိုက်နယ်ဆေးရုံက ဝန်ထမ်းတွေဟာလည်း ပလက်ဝမြို့မှာပဲ ထိုးကြရမှာဖြစ်တဲ့ အတွက် ဆေးတွေကို ပို့ဆောင်ရာမှာ ဆမီးက ဝန်ထမ်းတွေကိုသယ်ဖို့ လူနာတင်ယာဉ်နှစ်စီးနဲ့ စီစဉ်ပေးထားတာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဆေးတွေကို သယ်ယူလာတဲ့အခါမှာ ပခုက္ကူကနေ မင်းတပ်ကို မိုင်၂၀၀ ကျော်၊ မင်းတပ်ကနေ မတူပီကို ၁၀၂ မိုင်၊ မတူပီကနေ ပလက်ဝထိ ၁၃၅ မိုင်ခန့် ရှည်လျားပြီး အဆင့်ဆင့် သယ်ယူနေရတာဖြစ်သလို လမ်းမကောင်းတဲ့အတွက်ကြောင့် ကားတွေကိုလည်း ပုံမှန်မောင်းနှင်လို့မရဘဲ ဖြေးဖြေးခြင်းသွားနေရတယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55879418

ဆေးသယ်တာ အခက်အခဲရှိလို့ ပလက်ဝမှာ ကိုဗစ်ကာကွယ်ဆေးမထိုးနိုင်သေး  ဆေးသယ်တာ အခက်အခဲရှိလို့ ပလက်ဝမှာ ကိုဗစ်ကာကွယ်ဆေးမထိုးနိုင်သေး Reviewed by THITHTOOLWIN on 22:23 Rating: 5

No comments:

Powered by Blogger.