ကမ္ဘာ့ဘဏ်ရဲ့ ဒေါ်လာ ၂၂၅ သန်းတန် စီမံကိန်း ရပ်ဆိုင်းပေးဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို

ကမ္ဘာ့ဘဏ်ရဲ့ ဒီစီမံကိန်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ မြို့ ပြစီမံကိန်း စတဲ့ ဖွံဖြိုးရေး ကဏ္ဍတွေ ပါဝင်မှာ ဖြစ်တယ်လို့ ဆို

ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာ ၂၂၅ သန်း တန် “ ငြိမ်းချမ်းသာယာစည်ပင်သော ရပ်ကွက်အသိုင်းအဝိုင်းများတည်ဆောက်ရေး” ဆိုတဲ့ စီမံကိန်းကို ရှမ်းပြည်နယ်မှာ ဖော်ဆောင်မှာနဲ့ ပတ်သက်လို့ အရပ်ဘက်အဖွဲ့အစည်း ၆၀ ကျော်က ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးရဖို့ အရေးကြီးတဲ့ ပြည်နယ်တခုဖြစ်တဲ့ ရှမ်းပြည်နယ်မှာ နိုင်ငံရေးအရ အဖြေမရှာရသေးတဲ့ အချိန်ကာလအတွင်း ဖွံဖြိုးရေးစီမံကိန်းတွေ မဖော်ဆောင်ဖို့ ကန့်ကွက်ရတာဖြစ်တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ခွန်ဦးက ဘီဘီစီကို ပြောပါတယ်။

“၉၀/၉၁ အရင်တုန်းက ယူခဲ့တဲ့ ငြိမ်းချမ်းရေးတွေ၊ လက်နက်နဲ့ ဒီမိုကရေစီ လဲလှယ်ခဲ့တဲ့ ခေတ်ကာလက လက်နက်ချ စီးပွားရေးလုပ်၊ ဖွံ့ဖြိုးရေးလုပ် အဲဒီလို ပုံစံမျိုးနဲ့ ချဉ်းကပ်ခဲ့တာ၊ နိုင်ငံရေး အာမခံချက် မရှိခဲ့ဘူးပေါ့။

လက်နက်ကိုင်ထပ်ပြီးတော့ ပဋိပက္ခ ပြန်ဖြစ်လာမှာကိုလည်း စိုးရိမ်တယ်ဆိုတဲ့ စိတ်ကလည်း တခုပေါ့။ လက်ရှိ၂၀၀၈ ဖွဲ့စည်းပုံကိုပဲ အခြေခံပြီးတော့ပဲ ဒီစီမံကိန်းကိုပဲ လုပ်သွားဖို့ ရှိမယ်။ အဲဒီကြောင့် ပြည်နယ်နဲ့ ပြည်ထောင်စုကြားထဲမှာ အာဏာခွဲမှုတွေ၊ မမျှတခဲ့တဲ့ အချိန်ကာလမျိုးမှာ တဖန်ပြန်ပြီးတော့ ပဋိပက္ခလည်း ဖြစ်လာနိုင်တယ်” လို့ဆိုပါတယ်။

ဒီစီမံကိန်းဟာ အရင်ကလည်း ကရင်၊ ကရင်နီ နဲ့ မွန်ပြည်နယ်တို့မှာ လုပ်ဆောင်ဖို့ ကနဦး လျာထားခဲ့တာဖြစ်ပေမယ့်ဒေသခံ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ကန့်ကွက်ခဲ့ကြတယ်လို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ကမ္ဘာ့ဘဏ်ဟာ ဗဟိုအစိုးရနဲ့သာ တိုင်ပင်ညှိနှိုင်းခဲ့ ကာ အထက်အောက် ချဉ်းကပ်မှုနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေအခံဥပဒေ အရ ဗဟိုအစိုးရနဲ့ ဝန်ကြီးဌာနတွေကပဲ စီမံသွားမှာဖြစ်တာကြောင့် ဒေသတွင်းဖွံ့ဖြိုးမှုမှာ ထိရောက်မယ်လို့ မယူဆဘူးလို့လည်း ခွန်ဦးက ပြောပါတယ်။

“ကမ္ဘာ့ဘဏ်ချဉ်းကပ်တဲ့ အစီအစဉ်က ready-made plan( အဆင်သင့် အစီအစဉ်) ကြီး ဖြစ်နေတယ်လို့ သုံးသပ်မိတယ်ပေါ့နော်။ Ready-made plan ဆိုတာကလည်း ခုနက ပြောနေတဲ့ စာချုပ်တို့ လုပ်ငန်းစဉ်တွေ နေရာတွေ သုံးမယ့်ပိုက်ဆံတွေ၊ ဘယ်သူတွေ လုပ်မလဲ၊ ဘယ်သူက ဆုံးဖြတ်ချက် ချသွားမလဲ ဆိုတာနဲ့ ပတ်သက်လို့ ပြည်နယ်ဘက်ကလူတွေက အကုန်လုံး ဗဟိုကနေပဲ ဆုံးဖြတ်ချက်ချသွားမယ်ဆိုတဲ့ လုပ်ဆောင်မှုမျိုး ချဉ်းကပ်မှုမျိုး ဖြစ်တဲ့အတွက်ကြောင့် ဒီစာကို ထုတ်တာလည်း ပါတယ်” လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဒီစီမံကိန်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ မြို့ ပြစီမံကိန်း စတဲ့ ဖွံဖြိုးရေး ကဏ္ဍတွေ ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ ရှမ်းပြည်နယ်မှာ စီမံကိန်းတွေ တည်ဆောက်မယ်ဆိုရင် ဒေသခံ တိုင်းရင်းသားတွေ၊လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး သဘောထားဆန္ဒ အရင် ကောက်ခံသင့်တယ်လို့ ခွန်ဦးက တိုက်တွန်းပါတယ်။

“လက်ရှိစီမံကိန်းကို အသစ်က ပြန်စပေါ့နော်။ ရှမ်းပြည်နယ်မှာ လုပ်မယ်ဆိုရင် ရှမ်းပြည်နယ်မှာရှိတဲ့ အစုအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေနဲ့ ဘယ်လိုလုပ်ကြမလဲ။ အဲဒီအချိန်ကျရင် bottom-up approach ( အောက်ကနေ အထက်) ချဉ်းကပ်မှုမျိုး ပြန်သွားပေါ့။ ဒီဇိုင်းကိုလည်း အစကနေ ပြန်ဆွဲလို့လည်း ရတယ်ပေါ့နော်” လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ ဒီစီမံကိန်းဟာ ပြင်ဆင်ရေးဆွဲနေတဲ့ အဆင့်မှာပဲ ရှိနေသေးပြီး တိုင်ရင်းသားလက်နက်ကိုင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်လက် ဆွေးနွေးညှိနှိုင်းလျက်ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55847319

ကမ္ဘာ့ဘဏ်ရဲ့ ဒေါ်လာ ၂၂၅ သန်းတန် စီမံကိန်း ရပ်ဆိုင်းပေးဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို  ကမ္ဘာ့ဘဏ်ရဲ့ ဒေါ်လာ ၂၂၅ သန်းတန် စီမံကိန်း ရပ်ဆိုင်းပေးဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို Reviewed by THITHTOOLWIN on 00:39 Rating: 5

No comments:

Powered by Blogger.