ကိုဗစ်ဖြစ်ပွားမှု မြန်မာက တရုတ်ထက် ပိုများ


မြန်မာနိုင်ငံအတွင်း COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွါးမှု အရေအတွက်က ကပ်ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံထက် ၂ ထောင်လောက်ပိုများသွားပါပြီ။

ကမ္ဘာ့ကပ်ရောဂါအခြေအနေကို မပြတ်စောင့်ကြည့်ပြီးမှတ်တမ်းတင်နေတဲ့ အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ ဒီကနေ့ မှတ်တမ်းအရ တရုတ်နိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၉၃၂၂၁ယောက်ရှိပြီး မြန်မာနိုင်ငံရဲ့ အတည်ပြုလူနာက ၉၅၀၁၈ ယောက်ရှိနေပါတယ်။

မြန်မာကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြတဲ့အရေအတွက်နဲ့လည်း ကိုက်ညီပါတယ်။ မြန်မာနိုင်ငံအတွင်း ကပ်ရောဂါကူးစက်ဖြစ်ပွားမှုက စိုးရိမ်စရာကောင်းနေတုန်းပါ။ အခုဆို မန္တလေးခရိုင်အတွင်းမှာ နေအိမ်ကနေ ၂ ပတ်ကြာ အပြင်မထွက်ရေးကို စတင်ကျင့်သုံးပါတော့မယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီဇင်ဘာလ ၃ ရက် ည၈နာရီ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်းက ၉၅၀၁၈ ယောက်ရှိတယ်လို့ ဆိုတာကြောင့် အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းအရ မြန်မာနိုင်ငံရဲ့ ကပ်ရောဂါဖြစ်ပွားမှု အရေအတွက်က တရုတ်နိုင်ငံထက် ၁၇၉၇ဦး ပိုများနေပါတယ်။ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၂၀၂၈ယောက်ရှိနေပြီး တရုတ်နိုင်ငံမှာတော့ သေဆုံးသူ ၄၇၄၅ ယောက် ရှိပါတယ်။ မြို့နယ် ၇ မြို့နယ်ရှိတဲ့ မန္တလေးခရိုင်မှာ မနက်ဖြန်ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၈ ရက် နေ့အထိ အချိန် နှစ်ပတ်ကြာ မလိုအပ်ဘဲ အပြင်မထွက်ပဲ နေအိမ်မှာပဲ နေဖို့ မန္တလေးတိုင်းအစိုးရက ညွှန်ကြားလိုက်ပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီနေ့ကျင်းပတဲ့ မန္တလေးတိုင်း လွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေကို ပြောခဲ့တာပါ။

“ရန်ကုန်က နေအိမ်နေထိုင်ရေးဖြုတ်ပေးဖို့ စာတင်တယ်။ ဖြေလျော့မှုတွေက စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားလို့ရတယ်။ ဆိုင်တွေမှာ ထိုင်ရင် ကာထားတာတွေဖြုတ်တယ်။ ဒါတွေက မဖြစ်သင့်ဘူး။ ဒီအချိန်က အရေးကြီးတဲ့အချိန်၊ အကုန်လုံးကို ကန့်သတ်ချင်လို့ မဟုတ်ဘူး။ ဒါတွေက မဖြစ်သင့်ဘူး။ နေအိမ်နေထိုင်ရေးဆိုတာ မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့။ မဟုတ်ရင် အိမ်မှာပဲနေပါ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ကြေညာထားတဲ့အတိုင်းပဲ ဆက်လုပ်ပါမယ်”

အထွေထွေရွေးကောက်ပွဲ မတိုင်ခင်က မန္တလေးခရိုင်အတွင်း တစ်နေ့ကို ပိုးကူးစက်ခံရသူ ၅၀ ဝန်းကျင်ရှိရာကနေ ရွေးကောက်ပွဲပြီးနောက် တစ်နေ့ကို ပျမ်းမျှအားဖြင့် လူ ၂၀၀ ကျော် ပိုးကူးစက်ခံနေရပါတယ်။ ပျမ်းမျှအားဖြင့် မန္တလေး အထွေထွေဆေးရုံကြီးကို အနံ့ပျောက်လို့ လာရောက်ပြသူ နှစ်ယောက်မှာ တစ်ယောက် ပိုးတွေ့ နေတာပါ။ မန္တလေးတိုင်းအတွင်းမှာ အခုလ ၃ ရက်နေ့အထိ ပိုးကူးစက်ခံရသူ ၆၇၅၃ ယောက်ရှိပြီး ရောဂါပိုးကင်းစင်သူ ၄၃၈၂ ယောက် ရှိပါတယ်။ သေဆုံးသူကတော့ ၆၇ ယောက်ပါ။ အခုရက်ပိုင်းတွေအတွင်း မန္တလေးခရိုင်တွေမှာ ကပ်ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း သိသိသာသာ မြင့်တက်လာတာကြောင့် အခုလို နေအိမ်မှာနေထိုင်ရေး ညွှန်ကြားချက်ထွက်ပေါ်လာတာပါ။ မြန်မာနိုင်ငံမှာ ကပ်ရောဂါဖြစ်ပွားမှုအများဆုံး ဒေသတွေထဲမှာ မန္တလေးတိုင်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဆိုးဆုံးက ရန်ကုန်တိုင်းဖြစ်ပြီး၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ရောဂါဖြစ်ပွားမှုတွေ များနေတာပါ။

မန္တလေးတိုင်းမှာ မြို့နယ် ၂၈ မြို့နယ်ရှိပြီး မန္တလေးခရိုင်မှာ မြို့နယ် ၇ ခုပါဝင်ပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မန္တလေးခရိုင်အတွင်းမှာ လူဦးရေ ဆယ့်ခုနှစ်သိန်းကျော် ရှိပါတယ်။

မလိုအပ်ဘဲ အပြင်မထွက်ဖို့ သတ်မှတ်ချက် ဖောက်ဖျက်တဲ့သူတွေကို တည်ဆဲဥပဒေအရအရေးယူသွားမယ်၊ လူမှုရေးပြစ်ဒဏ်ပေးဖို့လည်းရှိတယ်၊ ဘယ်လို ပြစ်ဒဏ်ပေးမယ်ဆိုတာကိုတော့ ဆွေးနွေးနေတယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

နေအိမ်မှာနေကြဖို့ သတ်မှတ်ထားတဲ့ကာလမှာ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ စက်သုံးဆီ အရောင်းဆိုင်တွေ၊ စားသောက်ကုန်၊ သား၊ ငါး၊ အအေးခန်းလုပ်ငန်းတွေ၊ ဆေးဝါး၊ ရေသန့် လုပ်ငန်းတွေ၊ နေ့စဉ် တစ်ကိုယ်ရည်သုံး ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေ၊ ကုန်တင်မော်တော်ယာဉ်တွေ၊ ရေယာဉ်လုပ်ငန်းတွေ၊ စာတိုက်ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပြုသွားမှာဖြစ်ပြီး ကျန်တဲ့လုပ်ငန်းတွေကို လုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့ မန္တလေးတိုင်းအစိုးရအဖွဲ့က စာထုတ်ပြန်ထားပါတယ်။

အဲဒီလုပ်ငန်းတွေမှာလုပ်ကိုင်တဲ့ ဝန်ထမ်းတွေအနေနဲ့ ဝင်ခွင့်၊ ထွက်ခွင့်ကတ်တွေကို ကုမ္ပဏီပိုင်ရှင်က မြို့နယ် စီမံခန့်ခွဲရေးကော်မတီကို လျှောက်ထားရမှာပါ။ ဈေးဝယ်ထွက်မယ့်သူတွေအနေနဲ့လည်း တစ်အိမ်ကို တစ်ယောက်နှုန်း သွားရောက်ရမှာဖြစ်ပြီး ဈေးတွေကိုတော့ မနက် ၆ နာရီကနေ ၁၂ နာရီအထိ ဖွင့်လှစ်ခွင့်ပေးသွားမှာပါ။

တိုင်းအစိုးရရဲ့ အခုလို ထုတ်ပြန်ချက်တွေကို ပရဟိတအဖွဲ့တွေက ကြိုဆိုတယ်လို့ မန္တလေးမြို့က ပရဟိတမင်းခေါင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်တင်ကပြောပါတယ်။

“အရမ်းကောင်းပါတယ်။ ဒါမှလည်း ကူးစက်မှုတွေ ရပ်ဆိုင်းနိုင်မယ်။ ဒီလိုလုပ်လို့ ပြည်သူတွေခံစားရရင်လည်း ရက်တိုလေးပါ။ လျော့တိလျော့ရဲသွားရင် ပြည်သူတွေ ဒီထက်ဆိုးတဲ့အခြေနေကို ကြုံတွေ့ရမယ်”

မန္တလေးမြို့မှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ ကိုနေဇော်လတ်က ဒီကာလသတ်မှတ်ချက်တွေ ပြီးတဲ့အချိန်မှာ ဆိုင်တွေပြန်ဖွင့်ရဖို့ မျှော်လင့်နေပါတယ်။

“မန္တလေးခရိုင်က ထုတ်ပြန်ထားတော့လည်း လိုက်နာရမှာပဲ။ စာက ရှေ့ဆင့်နောက်ဆင့် ထွက်လာတယ်။ ၁၄ ရက်ဆို ၁၄ ရက်စောင့်ရမှာပေါ့။ ဒီရက်အတွင်းမှာ ရောဂါထပ်မတိုးပါစေနဲ့ ဆုတောင်းရမှာပဲ”

သတ်မှတ်ထားတဲ့ ရက်အတွင်း မန္တလေးမြို့ကို ညအိပ်လာရောက်မယ်ဆိုရင်လည်း ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံချက်ပါရှိရမှာဖြစ်ပြီး ကုန်စည်တင်ဆောင်တဲ့ကားတွေကလွဲလို့ တခြားကားတွေ ညအိပ်ရပ်နားလို့ မရဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူ အများဆုံးရှိတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာဟာ (၆၈) နိုင်ငံမြောက်ဖြစ်ပြီး အာဆီယံနိုင်ငံတွေထဲမှာတော့ တတိယမြောက်နိုင်ငံဖြစ်လာနေပြီဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mandalay-order-to-stay-at-home-12042020081207.html

ကိုဗစ်ဖြစ်ပွားမှု မြန်မာက တရုတ်ထက် ပိုများ  ကိုဗစ်ဖြစ်ပွားမှု မြန်မာက တရုတ်ထက် ပိုများ Reviewed by THITHTOOLWIN on 22:45 Rating: 5

No comments:

Powered by Blogger.