မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် UAB ဘဏ်လုယက်မှုမှ တရားခံဖော်ထုတ်ရရှိ


နေပြည်တော် ၁၉ အောက်တိုဘာ 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် UAB ဘဏ်လုယက်မှုမှ တရားခံကို ဖော်ထုတ်ရရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသတင်းထုတ်ပြန်ချက်တွင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် ရတနာလမ်းထောင့်ရှိ ယူအေဘီဘဏ်အတွင်းသို့ အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ Mask တပ်ဆင်လျက် အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး လုံခြုံရေးနှင့် ဘဏ်ဝန်ထမ်းများအား သေနတ်အတို(စိစစ်ဆဲ)ဖြင့် ချိန်ရွယ်၍ ငွေကျပ်သိန်း ၂၀၀ လုယက်ယူဆောင်ပြီး 4D-5422 Mark II အဖြူရောင်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးခဲ့ကြောင်း၊ အမှုနှင့်ပတ်သက်၍ ဖြစ်လျှင်ဖြစ်ချင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က စုံစမ်းရာ ပြစ်မှုကျူးလွန်သူ အသုံးပြုခဲ့သည့် 4D-5422 Mark II အဖြူရောင်ယာဉ်ကို ကားအတွင်း ထိုင်ခုံများအား ဓါတ်ဆီလောင်းမီးရှို့ထားပြီး ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်အတွင်းရှိ ဒူးကြားလမ်းပေါ်တွင် ယင်းနေ့ ညနေပိုင်းတွင် တွေ့ရှိရကြောင်း။

ယာဉ်နှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ၎င်းယာဉ်သည် လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း၊ ယာဉ်အတွင်းရှာဖွေရာ လေသေနတ်တွင် ထည့်သွင်းအသုံးပြုသည့် ဘောစေ့များနှင့် ယာဉ်ဒက်ရှ်ဘုတ်ပေါ်၌ “ကားရွှေ့လိုလျှင် ၀၉၆၇၆၇၆၇၅၆၁”ဟု ရေးထားသည့် စာရွက်တစ်ရွက်တွေ့ရကြောင်း၊ ယင်းဖုန်းနံပါတ်ကို စိစစ်ရာ ဖုန်းမှတ်ပုံတင်ထားသူမှာ အောင်ကျော်ထွန်း၊ မှတ်ပုံတင်အမှတ် ၅/ရဘန(နိုင်) ၁၇၈၀၁၁၊ ရွှေဘိုမြို့နေသူ ဖြစ်ကြောင်း သိရှိရသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်စုံစမ်းခဲ့ရာ ယင်းမှတ်ပုံတင် ကိုင်ဆောင်သူသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက မန္တလေးမြို့သို့ ပြောင်းရွှေ့နေထိုင်သည်ကို စုံစမ်းရရှိကြောင်း၊ မှတ်ပုံတင်နံပါတ်ကို အခြေခံ၍ ဆက်လက်စုံစမ်းခဲ့ရာ အောင်ကျော်ထွန်းသည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် နေထိုင်ကြောင်း အတည်ပြုရရှိ၍ ၎င်း၏ နေအိမ်သို့ အောက်တိုဘာ ၁၆ ရက် ညတွင် စောင့်ကြည့်စိစစ်ရာ ထူးခြားလှုပ်ရှားမှု တစ်စုံတစ်ရာမရှိကြောင်း၊ သို့ဖြစ်၍ နံနက်လင်းချိန်တွင် အိမ်အတွင်း ဝင်ရောက်စိစစ်ခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ ဇနီးဖြစ်သူသာ တွေ့ရှိရပြီး ယာဉ်ပေါ်တွင် တွေ့ရသော ဖုန်းနံပါတ် ၀၉၆၇၆၇၆၇၅၆၁ မှာ အောင်ကျော်ထွန်း၏ ဖုန်းနံပါတ်မှန်ကန်ကြောင်းနှင့် ယာဉ်မှာလည်း ၎င်းတို့ ဝယ်ယူထားသည့် ယာဉ်မှန်ကန်ကြောင်းကို အတည်ပြုစိစစ်ရရှိခဲ့ကြောင်း။

အောင်ကျော်ထွန်းသည် အဆိုပါယာဉ်ကို စက်တင်ဘာလအတွင်းက Online မှ တစ်ဆင့် အောင်ပြည့်ဖြိုး သူ(ခ)ကောင်းခန့်ကျော်နှင့် ချိတ်ဆက်၍ ဝယ်ယူခဲ့သည်ကို ၎င်း၏ ဖုန်းမှတ်တမ်းများအရ စိစစ်တွေ့ရှိရပြီး ဘောစေ့နှင့်ပစ်သည့် သေနတ်ကိုလည်း Online မှ တစ်ဆင့် ချိတ်ဆက်ဝယ်ယူခဲ့သည်ကို တွေ့ရှိရကြောင်း၊ အောင်ကျော်ထွန်းအား ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းနေစဉ် နံနက် ၇ နာရီခွဲခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ဗဟိုမီးသတ်ခြံဝင်း၏ အပြင်ဘက်တွင် လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ၏ လက်ကောက်ဝတ်တွင် သွေးကြောအား ဓါးဖြင့် အနည်းငယ်လှီးထားသည့် ဒဏ်ရာနှင့် သေဆုံးသူအနီး၌ ၅၉ ယ/၅၂၆၉၈ နံပါတ်ပါ ဆိုင်ကယ်ကိုတွေ့ရပြီး ဆိုင်ကယ် Toolbox အတွင်းမှ အောင်ကျော်ထွန်း အမည်ပါမှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စု ဇယားမိတ္တူတို့ကို တွေ့ရှိရသဖြင့် သေဆုံးသူမှာ အမှုဖြင့် စုံစမ်းလျက်ရှိသည့် အောင်ကျော်ထွန်း ဖြစ်သည်ကို အတည်ပြုရရှိခဲ့ကြောင်း။

ထို့ပြင် ဆိုင်ကယ်အနီး၌ တွေ့ရသည့် စာအုပ်ကြားထဲ၌ ဘရိတ်ဓါးငယ်တစ်ခု၊ လုယက်မှုနှင့် ပတ်သက်၍ သွေးနှင့်ရေးထားသည့် စာကိုလည်း တွေ့ရကြောင်း၊ အမှုခိုင်မာစေရေးအတွတ် ၎င်းထံ ယာဉ်ရောင်းချခဲ့သည့် အောင်ပြည့်ဖြိုးသူ (ခ) ကောင်းခန့်ကျော်အား စိစစ်ခဲ့ရာ အဆိုပါယာဉ်ကို Online မှ တစ်ဆင့် ချိတ်ဆက်၍ အောင်ကျော်ထွန်းထံ ၁၈ သိန်းဖြင့် ရောင်းချခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် ယာဉ်လာဝယ်သည့်နေ့က အောင်ကျော်ထွန်းနှင့်အတူ ၎င်း၏ ဇနီးဖြစ်သူပါ ဆိုင်ကယ်ဖြင့် လာဝယ်သွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အောင်ကျော်ထွန်း၏ ဇနီးအား ယာဉ်လာဝယ်စဉ်က ပါလာသူ ဟုတ်/မဟုတ် တရားသူကြီး တစ်ဦး၏ရှေ့၌ အတည်ပြုဆောင်ရွက်ခဲ့ရာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

စုံစမ်းတွေ့ရှိချက်များအရ UAB ဘဏ်အား လုယက်မှုကျူးလွန်သူမှာ အောင်ကျော်ထွန်းဖြစ်သည်ကို တယ်လီဖုန်းဆက်သွယ်မှု မှတ်တမ်းများ၊ Online ဆက်သွယ်မှုမှတ်တမ်းများ၊ ဆက်စပ်ဖော်ထုတ်ချက်များအရ အတည်ပြုဖော်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


Myanmar Digital News

https://www.facebook.com/MyanmarDigitalNews

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် UAB ဘဏ်လုယက်မှုမှ တရားခံဖော်ထုတ်ရရှိ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် UAB ဘဏ်လုယက်မှုမှ တရားခံဖော်ထုတ်ရရှိ Reviewed by THITHTOOLWIN on 21:01 Rating: 5

No comments:

Powered by Blogger.