ဗီယက်နမ် စစ်တန်းလျား မြေပြိုမှုအတွင်း စစ်သား၁၁ဦး အလောင်းတွေ့ပြီး၊ ၁၁ဦးပျောက်ဆုံးနေ

နောက်ထပ်မြေပြိုမှုတွေ ဖြစ်လာမှာကို စိုးရိမ်ရတဲ့အတွက် ကယ်ဆယ်ရေးကြိုးပမ်းမှုတွေ အဟန့်အတား ဖြစ်နေ

ဗီယက်နမ်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး ရေကြီး ရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာပဲ စစ်တန်းလျားတစ်ခုမှာ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး အပျက်အစီးပုံအောက်မှာ ပိတ်မိနေဆဲ စစ်သား ၁၁ဦးကို ရှာဖွေကယ်ဆယ်ဖို့ အသည်းအသန် ကြိုးစားနေကြပါတယ်။

နိုင်ငံအလယ်ပိုင်း ကွမ်ချိပြည်နယ်က စစ်တန်းလျား အပျက်အစီးပုံတွေအောက်ကနေ လောလောဆယ် အလောင်း ၁၁လောင်း ရှာတွေ့ခဲ့ပြီး ဖြစ်ပါတယ်။

ညတုန်းက မြေပြိုမှုတွေဟာ ဗုံးပေါက်ကွဲသလို အသံမျိုးကြီးနဲ့ ဆက်တိုက်ဖြစ်ခဲ့တာလို့ အစိုးရ တာဝန်ရှိသူတစ်ဦးက ပြန်ပြောပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဗီယက်နမ်နိုင်ငံက ဒေသအတော်များများမှာ မိုးသည်းထန်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ၇၀ လောက်သေဆုံးခဲ့ရပါတယ်။

လာမယ့်ရက်ပိုင်းတွေမှာ နောက်ထပ် ရေတွေ မြင့်တက်လာနိုင်တယ် ဆိုပြီး စိုးရိမ်နေကြပါတယ်။

ကွမ်ချိပြည်နယ်က နေရာအတော်များများမှာ ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေရ

တနင်္ဂနွေနေ့ မနက် လင်းအားကြီးအချိန်မှာ ဗီယက်နမ် စစ်တပ် တပ်မဟာ ၄ တပ်ရင်းမှာ မြေပြိုမှု ဖြစ်ခဲ့တာလို့ အစိုးရက ပြောပါတယ်။

"မနက်၂ နာရီက စပြီး ဗုံးပေါက်ကွဲသလိုမျိုး မြေပြိုမှုတွေ ၄ ၊ ၅ ခုလောက် ဖြစ်ခဲ့ပါတယ်။ တောင်ကြီးတစ်တောင်လုံး ပြိုကျတော့မယ့်ပုံမျိုးပါပဲ" ဆိုပြီး ဒေသန္တရ အစိုးရတာဝန်ရှိပုဂ္ဂိုလ် ဟာငေါ့ဒူအုန်း ရဲ့ ပြန်ပြောပြချက်ကို Vn Express သတင်းဌာနက ကိုးကားဖော်ပြထားပါတယ်။

အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေတဲ့ ရုပ်အလောင်းတွေကို ဆယ်ထုတ်ဖို့ ကယ်ဆယ်ရေးသမားတွေ ကြိုးစားနေကြချိန်မှာပဲ နောက်ထပ် မြေပြိုမှုတွေ ရှိလာနိုင်တာကြောင့် အခင်းဖြစ်ရာနေရာဆီ သွားဖို့ ပိုဘေးကင်းလုံခြုံတဲ့နည်းတစ်ခု လိုကောင်းလိုနိုင်တယ်လို့ ထိပ်တန်းတာဝန်ရှိပုဂ္ဂိုလ်တွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အဲဒီပြည်နယ်နဲ့ကပ်ရက် သူသီယန်းဟူးပြည်နယ်မှာ မြေပြိုမှုဒဏ် ခံခဲ့ရတဲ့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုကနေ အလုပ်သမားတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၃ ဦးကို သေဆုံးလျက်သား ပြန်တွေ့ခဲ့ပါတယ်။ အဲဒီကယ်ဆယ်ရေးအဖွဲ့ဝင်အတော်များများဟာ စစ်သားတွေ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54600017

ဗီယက်နမ် စစ်တန်းလျား မြေပြိုမှုအတွင်း စစ်သား၁၁ဦး အလောင်းတွေ့ပြီး၊ ၁၁ဦးပျောက်ဆုံးနေ  ဗီယက်နမ် စစ်တန်းလျား မြေပြိုမှုအတွင်း စစ်သား၁၁ဦး အလောင်းတွေ့ပြီး၊ ၁၁ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 21:03 Rating: 5

No comments:

Powered by Blogger.