ကျောက်တော်က အရပ်သားတစ်ဦး စစ်ကြောရေးဒဏ် ဆေးကုဖို့ မိသားစုတောင်းဆို


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် ၅၂ နှစ်အရွယ် ဦးမောင်ကျော်သန်းဟာ တပ်မတော်စစ်ကြောရေးစခန်းက ရလာတဲ့ အတွင်းဒဏ်ရာတွေနဲ့ ရဲစခန်းအချုပ်မှာရောက်နေပြီး၊ ဆရာဝန်နဲ့ပြသခွင့်မရလို့ စိုးရိမ်နေတယ်လို့ မိသားစုက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာမှာနေထိုင်တဲ့ အသက် ၅၂ နှစ်အရွယ်ဦးမောင်ကျော်သန်း ဟာ  ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့မနက်က ရွာထဲကိုရောက်ရှိလာတဲ့ တပ်မတော် စစ်ကြောင်းတစ်ခုထံမှာ ဖမ်းဆီးခံခဲ့ရတာပါ။

အောက်တိုဘာ ၁၉ ရက်နေ့ညနေမှာ တပ်မတော်က ဦးမောင်ကျော်သန်းကို ကျောက်တော်မြို့မရဲစခန်းကို အပ်နှံခဲ့ပြီး စစ်ကြောရေးစခန်းထဲမှာ ရိုက်နှက်ထိုးကြိတ်ခံရတဲ့ ဒဏ်ရာတွေကြောင့် ကျန်းမာရေးချို့ယွင်း နေတယ်လို့ သူ့ရဲ့မိသားစုကပြောပါတယ်။

ဦးမောင်ကျော်သန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ဦးလှယဉ်က သူ့အမျိုးသားဟာ ဆရာဝန်နဲ့ပြသဖို့လိုအပ်နေကြောင်း RFA ကိုပြောပါတယ်။

“ကျွန်မအမျိုးသားဟာ စကားလည်းကောင်းကောင်းမပြောနိုင်ပါဘူး။ လမ်းမလျှောက်နိုင်ဘူး။ ကျောချ လို့လည်း မအိပ်နိုင်ဘူး။ အသက်လည်း ကောင်းကောင်းမရှူနိုင်ဘူးဖြစ်နေပါတယ်။ အစားလည်း ကောင်းကောင်း မစားနိုင်လို့ ဆရာဝန်နဲ့ ပြချင်တယ်လို့ တောင်းနေပါတယ်။ ကျွန်မအမျိုးသားက သူတို့လက်ထဲ ရိုက်နှက်ခံရချိန်မှာ သတိမေ့သွားလို့ ဆေးသွင်းခဲ့ရတယ်လို့ ကျွန်မကိုပြောပြပါတယ်”

ကျောက်တော်မြို့မရဲစခန်းအချုပ်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ ဦးမောင်ကျော်သန်းဟာ မိသားစုနဲ့တွေ့ခွင့်ရတဲ့ အောက်တိုဘာလ ၂၀ ရက်နေ့ကပင် စစ်ကြောရေးစခန်းကနေ ရရှိလာတဲ့ အတွင်းဒဏ်ရာတွေကို ဆရာဝန်နဲ့ပြသခွင့်ရဖို့ပြောဆိုခဲ့ပေမယ့် ရဲစခန်းတာဝန်ရှိသူတွေက ဒီနေ့အထိ ခွင့်မပြုသေးဘူးလို့ ဇနီးဖြစ်သူ ဒေါ်ဦးလှယဉ်ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကျောက်တော်မြို့မရဲစခန်းတာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ မနက် ၆ နာရီလောက်က ရုပ်သားကျေးရွာကို တပ်မတော်က ဝိုင်းဝန်းပိတ်ဆို့ပြီး အေအေ အဖွဲ့နဲ့ ပတ်သက်လို့ ရွာသားတွေကို ဘုန်းကြီးကျောင်းကို ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ဦးမောင်ကျော်သန်း ဖမ်းဆီးခံခဲ့ရတာပါ။

တပ်မတော်သတင်းမှာပြန်ကြားရေးအဖွဲ့က အောက်တိုဘာ ၂၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့  အောက်တိုဘာလ ၁၈ ရက်နေ့မနက်က အသက် ၅၂ နှစ်အရွယ် ဦးမောင်ကျော်သန်းကို ဘုန်းကြီးကျောင်းမုခ်ဦးအနီးမှာ မသင်္ကာဖွယ်တွေ့ရှိလို့ ခေါ်ယူစစ်ဆေးရာမှာ သူကိုင်ဆောင်ထားတဲ့ OPPO အမျိုးအစားဖုန်းမှာ AA အဖွဲ့က တပ်မတော်ရေယာဉ်တွေ၊ ယာဉ်တန်းတွေနဲ့ စစ်ကြောင်းတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို ချောင်းမြောင်းပြီး မိုင်းထောင်တိုက်ခိုက်မှုတွေကို အပြန်အလှန် ဖုန်းဆက်သွယ်ပြောဆိုခဲ့တဲ့ အသံဖိုင်တွေကို စစ်ဆေးတွေ့ရှိလို့ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ သူ့ကို ဥပဒေနဲ့အညီ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေး ဆောင်ရွက်နေကြောင်း ပါရှိပါတယ်။

ရုပ်သားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ထွန်းကတော့ ဖမ်းဆီးခံထားရတဲ့ ဦးမောင်ကျော်သန်းဟာ ဘယ်အဖွဲ့နဲ့မှအဆက်အဆံမရှိဘဲ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေသူဖြစ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို လက်မခံနိုင်ဘူးလို့ပြောပါတယ်။

“သူက လူကောင်းသူကောင်းတစ်ယောက်ပါ။ ဟိုကိုဒီကို သွားလာတာလည်းမရှိဘူး။ မိရိုးဖလာ လယ်နဲ့ကိုင်းအလုပ်တွေနဲ့ လုပ်ကိုင်စားသောက်နေသူပါ။ လူကောင်းသူကောင်း တစ်ယောက်ဖြစ်လို့ အခုဖမ်းထားတဲ့ကိစ္စကိုလည်း လွတ်လာစေချင်ပါတယ်။ အပြစ်မရှိတဲ့လူတစ်ယောက်ကို ဖမ်းထားတာမျိုးက မကောင်းပါဘူး”

ဦးမောင်ကျော်သန်းကိစ္စနဲ့ပတ်သက်လို့ တပ်မတော်ကထုတ်ပြန်ထားသလို အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဘုန်းကြီးကျောင်းမုခ်ဦးနားမှာ ဖမ်းဆီးတာမဟုတ်ဘဲ အောက်တိုဘာလ ၁၇ ရက်နေ့မနက်က နေအိမ်ကနေ ဖမ်းဆီးခံရတာဖြစ်ကြောင်း၊ ရွာထဲက အခြားနေအိမ်တွေနည်းတူ မွှေနှောက်ရှာဖွေခံရတာကြောင့် ငွေကျပ် ရှစ်သိန်းကျော် ပျောက်ဆုံးသွားကြောင်း မိသားစုကပြောပါတယ်။

ဒီအချက်တွေအပါအဝင် စစ်ကြောရေးစခန်းမှာ ရိုက်နှက်ထိုးကြိတ်ခံရလို့ ကျန်းမာရေးချို့ယွင်းသွားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းကို (မနေ့က) RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကတော့ အရပ်သားတွေ အခုလို လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ကိစ္စရပ်တွေဟာ မျက်ကွယ်ပြုခံနေကြရတယ်လို့ ပြောပါတယ်။

“တချို့ဆိုရင် ကျောက်တော်ရဲစခန်းကို အလောင်းပဲရောက်လာတယ်။ တချို့ဆို ဒဏ်ရာပြင်းပြင်းထန်ထန်နဲ့ ရောက်လာပြီး ဆေးရုံးမှာပဲ ဆုံးသွားတဲ့လူတစ်ချို့ကိုလည်း တွေ့ခဲ့ရတယ်။ ဒီလိုဖြစ်စဉ်ကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံကို တင်ပြခဲ့တာတွေရှိတယ်။ အသိပေးခဲ့တာတွေရှိတယ်။ ဒါပေမယ့် ဒီကိစ္စရပ်တွေမှာ ထူးထူးခြားခြား ဆောင်ရွက်ပေးခဲ့တာတွေကို ခုအချိန်ထိ မတွေ့ရသေးဘူး။ ပြည်သူတွေဘက်ကတော့ ထိတ်လန့်စရာ၊ စိတ်မကောင်းဖြစ်စရာ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ အခြေအနေမျိုးတွေကို နောက်ပိုင်းမှာ ပိုတွေ့လာရတယ်”

ရုပ်သားကျေးရွာမှာ အိမ်ခြေ ၂၈၀ နဲ့ လူဦးရေ ၁၃၀၀ ကျော်ရှိပြီး တပ်မတော်စစ်ကြောင်း ရွာထဲကို ဝင်ရောက် စစ်ဆေးတဲ့ အောက်တိုဘာ ၁၇ ရက်နေ့က ကျေးရွာသားအများအပြားဟာ ကြောက်လန့်ပြီးတော့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ အခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ၃၀၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၆၇၀ ဦး ရှိနေပါတယ်။

အဲဒီအထဲမှာ တပ်မတော်စစ်ကြောရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးတာနဲ့ တပ်မတော်စစ်ကြောရေးစခန်းကနေ အလောင်းကို ဆေးရုံနဲ့ ရဲစခန်းကို လာရောက်အပ်နှံတာ စုစုပေါင်း ၃၂  ဦးအထိ ရှိပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/Detained-Kyawtaw-resident-seeks-proper-health-care-after-he-got-tortured-10232020204124.html

ကျောက်တော်က အရပ်သားတစ်ဦး စစ်ကြောရေးဒဏ် ဆေးကုဖို့ မိသားစုတောင်းဆို  ကျောက်တော်က အရပ်သားတစ်ဦး စစ်ကြောရေးဒဏ် ဆေးကုဖို့ မိသားစုတောင်းဆို Reviewed by THITHTOOLWIN on 19:30 Rating: 5

No comments:

Powered by Blogger.