COVID ကူးစက်ပျံံ့နှံ့မှု အပူတပြင်း ကိုင်တွယ်လုပ်ဆောင်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို WHO တိုက်တွန်း

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Tedros Adhanom Ghebreyesus

ကမ္ဘာကြီးဟာ အခုအခါမှာ COVID-19 ကပ်ရောဂါအတွက် သေရေးရှင်ရေး တမ ျှ အရေးအကြီးဆုံး အခြေအနေကို ရောက်နေပြီဖြစ်ပြီး မသေသင့်ပဲ သေဆုံးရတာတွေ၊ ကျန်းမာရေး စနစ်ပျက်စီးသွားတာနဲ့ စီးပွားရေး အခြေနေဆိုးတွေနဲ့ ရင်ဆိုင်ရတာမျိုးတွေ ဖြစ်မလာအောင် ကာကွယ်နိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ချက်ချင်းအရေးယူ ဆောင်ရွက်ကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Tedros Adhanom Ghebreyesus က သောကြာနေ့ ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

“အခုအချိန်ဟာ ကမ္ဘာ့နိုင်ငံအမျာအပြားမှာ အထူးသဖြင့် ကမ္ဘာ့မြောက်ခြမ်းက နိုင်ငံတွေမှာ ဒီကပ်ရောဂါအတွက် အရေးပါဆုံးအနေထားကို ရောက်နေပြီ ဖြစ်ပြီး လာမယ့် လတွေအတွင်း အခြေနေဟာ သိပ်ခက်ခဲလာနိုင်သလို တချို့နိုင်ငံတွေ အတွက်ဆို အန္တရာယ် သိပ်များလာမယ့် အနေထားရှိနေတယ်လို့ ပြောသွားတာပါ။”

နိုင်ငံအတော်များများမှာ အခုအခါ COVID-19 ဖြစ်ပွားမှု တိုးလာနေပြီး ဆေးရုံတွေ အရေးပေါ်ဌာနတွေမှာ မနိုင်မနင်းဖြစ်လာတာ ဒါမှမဟုတ် ဖြစ်လုနီးပါး အခြေနေရောက်လာနေတာတွေ့နေရတယ်လို့ လည်းပြောပါတယ်။

ဒါ့အပြင် အခြေနေတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်မလာအောင် ကာကွယ်ဖို့ အတွက် အချက် ၅ ချက်ကို နိုင်ငံ့အစိုးရတွေက ချက်ချင်းလုပ်ဆောင်ဖို့လည်း ပြောပါတယ်။ ပထမဆုံး အချက်အနေနဲ့ ကိုယ့်နိုင်ငံထဲမှာ ဒီရောဂါနဲ့ ပတ်သက်ပြီး ဖြစ်ပွါးနေတဲ့ အခြေနေမှန်ကို သိအောင် လုပ်ဖို့ လိုအပ်တယ်လို့ WHO အကြီးအကဲ ကပြောပါတယ်။ ဒီကပ်ရောဂါအတွက် ထိန်းချုပ်မှုအောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ နိုင်ငံတွေ အနေနဲ့လည်း ကူးစက်မှု ဆက်ပြီး ကျဆင်းအောင် သေသေချာချာ လုပ်ဖို့အပြင် ရောဂါဖြစ်ပွါးမှုကို ဆန်းစစ်ပြီး တုန့်ပြန်နိုင်အောင် အသင့်ပြင်ထားဖို့ ပြောပါတယ်။

ဒုတိယအနေနဲ့ ကူးစက်မှုတိုးလာပြီး ဆေးရုံတွေ အရေးပေါ်ဌာနတွေမှာ လူနာတိုးလာနေသူတွေ အနေနဲ့လည်း တတ်နိုင်သမျှ အမြန်ဆုံး အခြေနေကို ထိန်းနိုင်အောင် လုပ်ဆောင်ကြဖို့၊ တတိယအနေနဲ့ ဒီကပ်ရောဂါ ပြန့်ပွားမှုမရှိစေဖို့ လိုအပ်တာတွေကို ချပြပြီး ကိုယ့်နိုင်ငံရဲ့ အခြေနေမှန်ကို ပြည်သူတွေ သိအောင် ရိုးသားရှင်းလင်းစွာ တင်ပြကြဖို့ နိုင်ငံ့ခေါင်းတွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီရောဂါဆိုင်ရာ တားမြစ်ချက်တွေကို ပြည်သူတွေ လိုက်နာဖို့ လွယ်ကူစေမယ့် စနစ်တွေ ချမှတ်ဖို့လို အရေးယူဆောင်ရွက်မှုတွေ လုပ်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့တဲ့ အပြင် နောက်ဆုံး အချက် အနေနဲ့ ရောဂါ အကူးစက်ခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ရှေ့ဆက် ဘာတွေ လုပ်ရမယ် ဆိုတာကို သိအောင် အစိုးရက ပြည်သူနဲ့ထိတွေ့ ပြောဆိုဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

တကယ်လို့ နိုင်ငံ့ခေါင်းဆောင်တွေ အနေနဲ့ ဒီအချက်တွေကို လိုက်နာဆောင်ရွက်ပြီး ရောဂါဖြစ်သူတွေကို ခြေရာခံတာ၊ သီးခြားခွဲနေဖို့ အစီစဉ်တွေ ချမှတ်တာတွေ ဆက်လုပ်မယ် ဆိုရင် ဒီကပ်ရောဂါအတွက် အသွားအလာ ပိတ်ပင်တားမြစ်တဲ့ shutdowns လုပ်တာတွေ နေအိမ်မှာပဲ နေဖို့ stay-at-home အမိန့် ထုတ်ပြန်ရတာမျိုးကို ရှောင်ကျဉ် နိုင်မယ်လို့လည်း ပြောပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/who-urge-world-leader-for-the-covid-19-case-/5633592.html

COVID ကူးစက်ပျံံ့နှံ့မှု အပူတပြင်း ကိုင်တွယ်လုပ်ဆောင်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို WHO တိုက်တွန်း COVID ကူးစက်ပျံံ့နှံ့မှု အပူတပြင်း ကိုင်တွယ်လုပ်ဆောင်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို WHO တိုက်တွန်း Reviewed by THITHTOOLWIN on 19:31 Rating: 5

No comments:

Powered by Blogger.