မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင်း ရေကြီး မြေပြိုအန္တရာယ် သတိထားဖို့လို

မိုးလေဝသ သတိပေးကြေငြာချက်။ (ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန - အောက်တိုဘာ ၂၂၊ ၂၀၂၀)

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသတချို့မှာ မိုးကြီးနိုင်သလို လျှပ်တပြတ် ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်နိုင်တဲ့အကြောင်း မိုးလေဝသပညာရှင်တွေ သတိပေးနေတဲ့ သတင်းကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့ နေ့ခင်း ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ မုန်တိုင်းငယ်အဖြစ် ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ မောင်တောမြို့အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၃၀ အကွာ ဗဟိုပြုနေပြီး နောက်၂၄ နာရီအတွင်းမှာ ပိုမိုအားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ကြောင်းနဲ့ ၂၃ ရက်နေ့ မွန်းလွဲ၊ ညနေပိုင်းမှာ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောပါတယ်။

ဒီမုန်တိုင်းဟာ လက်ရှိမှာ မြန်မာပြည်ကို ဦးတည်ရွှေ့လျားတဲ့ အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့်သတ်မှတ်ထားပေမဲ့ မုန်တိုင်းရဲ့ သက်ရောက်မှုကြောင့် မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်ကြောင်း ဒေါက်တာကျော်မိုးဦးက ဆက်ပြောပါတယ်။

“ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း၊ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းမှာ တလျောက်မှာတော့ တခါတရံ မိုးသက်လေပြင်းကျပြီးတော့မှ လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျတဲ့အချိန်မှာလည်း မြေပြင်ရေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်ကနေ မိုင် ၄၀ လောက်အထိ တိုက်နိုင်ပါတယ်။ နောက်တစ်ခုကတော့ မုန်တိုင်းကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် ဒီနေ့ နေ့ခင်းကနေစပြီးတော့မှ ၂၄ ရက်နေ့အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး ဒီဒေသတွေမှာတော့ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးရနိုင်ပြီးတော့မှ နောက် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် ဒီဒေသတွေမှာတော့ နေရာအနှံ့အပြားလောက် မိုးရွာနိုင်ပါတယ်။ ပြီးသွားရင်တော့ နေရာကွက် မိုးကြီးတာတို့ ဘာတို့ ဒီဟာမျိုးတွေ ဖြစ်နိုင်ပါတယ်ခင်ဗျ။”

မုန်တိုင်းကြောင့် မြန်မာနိုင်ငံ ဒေသတချို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တာကြောင့် မြေပြိုတာနဲ့ ရေကြီးတဲ့ အန္တရာယ်ကိုလည်း သတိထားဖို့ လိုကြောင်း ပြောပါတယ်။

“သူဖြတ်တဲ့လမ်းကြောင်းက ဒီဘင်္ဂလားဒေ့ရှ်ကို ဝင်ပေမဲ့ ကျနော်တို့ဘက်ထဲမှာ နေရာကွက်မိုးပြီးတာတို့ ဘာတို့ ဖြစ်လာနိုင်တဲ့အတွက် တောင်ကုန်း၊ တောင်တန်းဒေသတွေမှာ ချင်းပြည်နယ်တို့၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့၊ ကချင်ပြည်နယ်တို့ ဒီဒေသတွေမှာ နေရာကွက်မိုးကြီးလာတယ်ဆိုရင် မြေပြိုမှု ဘေးအန္တရာယ်ပေါ့။ ဒီဟာမျိုးတွေ သတိပြုဖို့လိုပါတယ်။ နောက်တစ်ခုကတော့ မိုးကြီးပြီးတော့မှ တောင်ကျချောင်းရေတွေ ရုတ်တရက်စီးဆင်းပြီးတော့မှ မြစ်ဘေး၊ ချောင်းဘေးပေါ့။ မြစ်ငယ်၊ ချောင်းငယ်ဘေးမှာ နေတဲ့ လူတွေအနေနဲ့ ရုတ်တရက် ရေကြီး ရေလျှံမှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒီအတွက် ဒီဟာမျိုးတွေလည်း သတိပြုဖို့ လိုပါတယ်ခင်ဗျ။ ”

ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း မြန်မာနိုင်ငံဒေသတချို့မှာ မိုးကြီးခဲ့ရာက ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းမှာတော့ အမျိုးသမီး ၂ ယောက်နဲ့ ကလေးငယ်တစ်ဦး တောင်ကျချောင်းရေမှာ မျှောပါပြီး သေဆုံးခဲ့ရပါတယ်။

ဒီသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး မင်းတပ်ခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနက ခရိုင်ဦးစီးအရာရှိ ဦးရမ်ချွမ်းက အခုလို ပြောပါတယ်။

“လီလောင်းရွာကနေ ဘေးနားက ရွာကို သူတို့ လူမှုရေးကိစ္စနဲ့ သွားကြတယ်။ အမျိုးသမီး ၂ယောက်နဲ့ ဒီ ကလေး ၃ လပေါ့နော်။ လူမှုရေးကိစ္စပြီးတော့ လီလောင်းကို သူတို့ ညနေပိုင်းလောက် ပြန်လာကြတာ၊ ပြန်လာကြတော့ မိုးရွာပြီးမှ အဲဒီ တောင်ကျချောင်းရေနဲ့ ပါသွားတာပေါ့နော်။”

ဒီလ ၂၀ ရက်နေ့မှာတော့ အမျိုးသမီး ၂ ဦးရဲ့ အလောင်းကို ရှာတွေ့ရပေမဲ့ ကလေးငယ်ကိုတော့ ရှာမရကြောင်းနဲ့ ၂၁ ရက်နေ့မှာ သေဆုံးသူတွေအတွက်ကို သူတို့ဌာနက တစ်ယောက်ကို ကျပ် ၃၀၀,၀၀၀ စီ ထောက်ပံ့ခဲ့ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံနေရာဒေသ အတော်များများမှာ မိုးသည်းထန်ပြီး ရေကြီးခဲ့သလို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းမှာ နေအိမ်တစ်လုံးရေထဲမျှှောပါပြီး လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။ 


မိုးဇော်/VOA (Burmese)

https://burmese.voanews.com/a/weather-myanmar/5631297.html

မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင်း ရေကြီး မြေပြိုအန္တရာယ် သတိထားဖို့လို မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင်း ရေကြီး မြေပြိုအန္တရာယ် သတိထားဖို့လို Reviewed by THITHTOOLWIN on 19:49 Rating: 5

No comments:

Powered by Blogger.