မြန်မာပြည်က ချင်းဒုက္ခသည်တွေကို ကန်ကူညီဖို့ ပြည်ပရောက် ချင်းတိုင်းရင်းသားတွေ တောင်းဆို

ဓါတ္ပံု-Chin Association of Maryland

မြန်မာနိုင်ငံက ချင်းတိုင်းရင်းသား ပြည်တွင်း ဒုက္ခသည် IDP တွေနဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ ရောက်နေတဲ့ ပြည်ပရောက် ချင်း ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုက အခုထက်ပိုပြီး အကူအညီတွေ ပေးဖို့ ၊ လက်ခံစောင့်ရှောက်ဖို့အတွက် ချင်းတိုင်းရင်းသားအရေး လှုပ်ရှားတဲ့အဖွဲ့နဲ့ ဘာသာရေး/ ဒုက္ခသည်ဆိုင်ရာ အဖွဲ့အစည်းတွေက အမေရိကန်အစိုးရကို တောင်းဆိုလိုက် ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အမေရိကန်အရှေ့ဘက်ခြမ်း မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့ ( CAM - Chin Association Maryland ) က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစီရင်ခံစာ နှစ်စောင် ထုတ်ပြန်ခဲ့ပြီး တခုကတော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ IDP ပြည်တွင်းဒုက္ခသည် အကြောင်းနဲ့ နောက်တခုက အိမ်နီးချင်း အိန္ဒိယနဲ့ မလေးရှားမှာ ရောက်နေတဲ့ ချင်းဒုက္ခသည်တွေအကြောင်းပဲ ဖြစ်ပါတယ်။

ပြည်တွင်းဒုက္ခသည် IDP ဖြစ်နေရတဲ့ ချင်းတိုင်းရင်းသား အနည်းဆုံး (၁၈,၀၀၀) လောက် ရှိတယ်လို့ CAM ရဲ့အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အိမ်နီးချင်း အိန္ဒိယနဲ့ မလေးရှားနိုင်ငံတွေကို ထွက်ခွာသွားကြတဲ့ ချင်းဒုက္ခသည် အရေအတွက်ကတော့ အိန္ဒိယမှာ (၁)သိန်းကျော်နဲ့ မလေးရှားမှာ ( ၅၆,၀၀၀) ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒီလို ပြည်တွင်း/ပြည်ပ ချင်းဒုက္ခသည်တွေကို အမေရိကန်အစိုးရအနေနဲ့ ထိရောက်တဲ့ အရေးပေါ် အကူအညီပေးရေးနဲ့ အမေရိကန်ပြည်ထောင်စုထဲမှာ ဒုက္ခသည်အဖြစ် အခြေချ နေထိုင်ခွင့်ပေးဖို့ အောက်တိုဘာ (၂၁) ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ကြောင်း မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးဇိုသွန်းမှုန်က VOA ကိုပြောပါတယ်။

“ ချင်းပြည်နယ်၊ ပလက်ဝ၊ ဆာမီးမှာရှိတဲ့ အဲဒီ IDP နဲ့ Refugee အကြောင်းကို ကျနော် Report ရေးပြီးတော့ ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ လုပ်ရတဲ့ ရည်ရွယ်ချက်က တခုကတော့ ဒီ Refugee အကြောင်း ။ မလေးရှားမှာ ၅ သောင်းနီးပါး ချင်းတွေရှိတယ်။ ကျနော်တို့ တခြား မြန်မာပြည်က တိုင်းရင်းသားတွေလည်း ရှိတယ်။ အဲဒါကို သမ္မတ Trump ကနေ များများယူဖို့ ကျနော်တို့ တိုက်တွန်းတယ်။ ပြီးတော့ IDP ကျတော့ အခု မကြာခင်မှာ သမ္မတ Trump ကနေ နိုင်ငံခြားရေး ဝန်ကြီးဌာနကပဲ ဖြစ်ဖြစ် USAID ကပဲ ဖြစ်ဖြစ် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အထောက်အကူကို အခုက လက်မှတ်ထိုးတော့မယ်။ ဒါကြောင့်မို့ ချင်းပဲဖြစ်ဖြစ် တခြား IDP တွေကို များများ ကူညီပါဆိုပြီးတော့ ကျနော်တို့ တိုက်တွန်းတာဖြစ်ပါတယ်။”

VOA က တက်ရောက်ခဲ့တဲ့ အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ဝါရှင်တန်ဒီစီ အခြေစိုက် ရွှေ့ပြောင်းအခြေချသူများနဲ့ ဒုက္ခသည်များ အကူအညီပေးရေး ကက်သလစ် ဘာသာဝင်များအဖွဲ့ ( Migration and Refugee Services) အမှုဆောင်ဒါရိုက်တာ Bill Canny ကလည်း ချင်းဒုက္ခသည်တွေအပါအဝင် မြန်မာနိုင်ငံက အခြားတိုင်းရင်းသား ဒုက္ခသည်တွေကိုပါ လက်ရှိထက် အမေရိကန် ပြည်ထောင်စုမှာ ပိုလက်ခံဖို့ သမ္မတထရမ့် အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

“ မြန်မာနိုင်ငံမှာ ဖိနှိပ် ခွဲခြားဆက်ဆံခံရမှုတေ ွကြောင့် ဖြစ်လာရတဲ့ ပြည်တွင်းပြည်ပရောက် ဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးဖို့နဲ့ အမေရိကန်နိုင်ငံမှာ အခြေချ နေထိုင်ခွင့် ပေးဖို့ကို ကျနော်တို့ ဆက်လက်ပြီး တောင်းဆိုလိုပါတယ်။ သမ္မတ ထရမ့်အစိုးရအနေနဲ့လည်း လာမယ့် ၂၀၂၁ အတွက် မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံးက ဒုက္ခသည် အရေအတွက်ကို လက်ရှိထက် ပိုပြီး အနည်းဆုံး (၉၅,၀၀၀)အထိ လက်ခံပေး စေချင်ပါတယ်။ ဒီလူတွေဟာ မြန်မာနိုင်ငံတွင်းမှာ အကြပ်အတည်း မျိုးစုံကို ရင်ဆိုင်နေရတာပါ”

ကမ္ဘာ့ ဒုက္ခသည်များ အကူအညီပေးရေး World Relief အဖွဲ့ရဲ့ ဒုဥက္ကဌ Ms. Jenny Yang ကလည်း လူ့အခွင့်အရေးကို အလေးထားပါတယ်ဆိုတဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခကြောင့် ကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရပ်တန့်သ ွားအောင်လို့ မြန်မာခေါင်းဆောင်တွေကို ဖိအားပေးသင့်တယ်လို့ အွန်လိုင်း သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

“မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေ - အထူးသဖြင့် ချင်းတိုင်းရင်းသားတွေ ကြုံနေရတဲ့ ပဋိပက္ခနဲ့ ခွဲခြားဆက်ဆံ ခံရမှု စတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရပ်တန့်သွားအောင်လို့ အမေရိကန်အစိုးရက မြန်မာအစိုးရ တာဝန်ရှိသူတွေကို ဖိအားပေး ပြော ပေးစေချင်ပါတယ်။ ချင်း ဒေသတချို့မှာ အစိုးရတပ်နဲ့ ဖြစ်နေတဲ့ စစ်ပွဲ တွေကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ IDP ပြည်တွင်းဒုက္ခသည်တေ ွ ၊ ဘာသာရေး ခွဲခြား ဆက်ဆံခံရလို့ ပြည်ပကို တိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တေ ွအတ ွက် သူတို့ နေ့စဉ်ဘဝမှာ လိုအပ်နေတဲ့စားနပ်အကူအညီ အထောက်အပံ့တွေကို ကာယကံရှင်တွေ လက်ထဲ ရောက်အောင် ၊ ထိရောက်တဲ့ လမ်းကြောင်းကတဆင့် အမေရိကန် အစိုးရက ကူညီပံ့ပိုး ပေးစေချင်ပါတယ်။”

မေရီလန်း ချင်းတိုင်းရင်းသားများအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးဇိုသွန်းမှုန်က တော့ ပြည်တွင်း IDP တွေအတွက် အခုလို နိုင်ငံတကာကို အကူအညီတောင်းခံနေပေမယ့် လက်ရှိမှာတော့ စစ်ရှောင်ဒုက္ခသည်စခန်းတွေဆီ အကူအညီ တိုက်ရိုက်ပေးပို့နိုင်မယ့် လမ်းကြောင်းတွေ ပိတ်ပင်တားဆီးခံရတဲ့ အခြေအနေမျိုးရှိကြောင်း ရှင်းပြပါတယ်။

“ တော်တော်လေး အခက်အခဲ သူတို့ ကြုံနေတယ်။ အခု ပလက်ဝမှာဆိုရင် ဆန်တွေက လုံးဝ လုံခြံုကို အစိုးရက အကြောင်းပြပြီးတော့ အခု ဆန်တောင်မှာ ပံ့ပိုးလို့မရ ဖြစ်နေတဲ့အခြေအနေ ပြီးတော့ Camp တွေလည်း ကောင်းကောင်းမရှိဘူး COVID-19 ကြောင့်မို့ သူတို့မှာတော်တော်လေး အခက်အခဲရှိတယ်။ အဓိကတော့ အစားအသောက်ကိစ္စ ။ အဲဒီမှာ WFP တို့ US အစိုးရကလည်း နည်းနည်းကူညီပါတယ် အဲဒါလည်း ပလက်ဝ အထိကို ဝင်လို့မရဘူး”

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုမှာ လာရောက် အခြေချခွင့် ရှိတဲ့ ချင်းတိုင်းရင်းသား ဒုက္ခသည် ပေါင်း အနည်းဆုံး ( ၆ သောင်း ၃ ထောင်)လောက် ရှိတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ 


ကိုဉာဏ်ဝင်းအောင်/VOA (Burmese)

https://burmese.voanews.com/a/myanmar-chin-idp-report-usa-chin-association-of-maryand-/5631090.html

မြန်မာပြည်က ချင်းဒုက္ခသည်တွေကို ကန်ကူညီဖို့ ပြည်ပရောက် ချင်းတိုင်းရင်းသားတွေ တောင်းဆို မြန်မာပြည်က ချင်းဒုက္ခသည်တွေကို ကန်ကူညီဖို့ ပြည်ပရောက် ချင်းတိုင်းရင်းသားတွေ တောင်းဆို Reviewed by THITHTOOLWIN on 19:50 Rating: 5

No comments:

Powered by Blogger.