ကပ်ရောဂါတိုးလာလို့ မလေးရှားရောက်မြန်မာနိုင်ငံသားတွေကို သံရုံးသတိပေး

မလေးရှားနိုင်ငံ Kuala Lumpur မြို့မှာ တွေ့ရတဲ့ မြင်ကွင်း။ (ဧပြီ ၁၄၊ ၂၀၂၀)

မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ ပြန်တိုးလာနေတဲ့အတွက် သွားလာလှုပ်ရှားမှုတွေကို ဒီနေ့ကစ ပြန်လည်ကန့်သတ်လိုက်တာကြောင့် မြန်မာနိုင်ငံသားတွေ သတိထား သွားလာကြဖို့ မြန်မာသံရုံးက သတိပေးလိုက်တဲ့အကြောင်း ပြောပြမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ တကျော့ပြန်တိုးလာနေတာကြောင့် အဓိကမြို့ကြီးတွေမှာ ဒီနေ့ကစပြီး သီတင်း ၂ ပတ်ကြာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်လိုက်ပါတယ်။ နေ့စဉ်ကူးစက်သူ ရာဂဏန်းအထိ တိုးလာနေတာကြောင့် ၁၄ ရက်ကြာ ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်တဲ့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း စည်းကမ်းအတိုင်း လိုက်နာကြဖို့နဲ့ သတိထားသွားလာကြဖို့ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက တိုက်တွန်းလိုက်ပါတယ်။

“ကွာလာလမ်ပူရယ်၊ စလန်းဂေါရယ်၊ ပူထရာဂျာယာရယ် အဲဒီပြည်နယ်သုံးခုကိုတော့ လောလောဆယ် lockdown ချလိုက်တာ ဒီနေ့ ၁၄ ရက်ကစပြီးတော့ ၂၇ ရက်အထိ ၂ ပတ်ပေါ့။ အခု ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ မလိုအပ်ဘဲ အပြင်တွေဘာတွေ မထွက်ဖို့တော့ လိုလိမ့်မယ်၊ အသွားအလာတော့ သတိထားဖို့ လိုပါမယ်။ လိုအပ်တယ်ဆိုရင် အထောက်အထား အပြည့်အစုံတွေ ယူသွားဖို့ လိုလိမ့်မယ်။ အရမ်းကြီး စိုးရိမ်ဖို့တော့ မလိုပါဘူး၊ သူ့နိုင်ငံရဲ့ ဒီ သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းလေးတွေတော့ ဒီအချိန်မှာ ပိုပြီး တိတိကျကျ လေးလေးစားစား လိုက်နာဖို့တော့ လိုပါတယ်လို့ ပြောချင်ပါတယ်။”

ကပ်ရောဂါ ကာကွယ်ရေးအတွက် ၃ လကြာ တနိုင်ငံလုံး အသွားအလာ ပိတ်ဆို့ကန့်သတ်မိန့်ကို ပြန်လည်ရုပ်သိမ်းပြီး ၄ လ အကြာမှာပဲ ကန့်သတ်မှုတွေ ထုတ်ပြန်ခဲ့ရတာပါ။ ဒီလ ၂၅ ရက်နေ့အထိ စာသင်ကျောင်းတွေ၊ ဘာသာရေး အခမ်းအနားတွေ၊ အားကစားပွဲတွေနဲ့ လူမှုရေးလုပ်ငန်းတွေကို ရပ်နားထားမှာ ဖြစ်ပေမဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ တင်းကြပ်တဲ့ စည်းမျဉ်းတွေနဲ့ ဆက်လုပ်ခွင့်ပြုထားပါတယ်။

ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတဲ့ မြို့တွေမှာ အဓိကလမ်းမကြီးတွေကို ပိတ်ထားပေမဲ့ အလုပ်သမားတွေကိုတော့ လုပ်ငန်းရှင်ရဲ့ ထောက်ခံချက်နဲ့ သွားလာလှုပ်ရှားခွင့်ပြုထားပါတယ်။

အာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို မလေးရှားရောက် မြန်မာနိုင်ငံသားတွေ သိရှိနိုင်အောင် မြန်မာပရဟိတအဖွဲ့တွေက လူမှုကွန်ရက်နဲ့ ဖုန်းတွေကနေ အသိပေးနေကြောင်းလည်း ကွာလာလမ်ပူ အခြေစိုက် ကပုန်းလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောပါတယ်။

“စက်ရုံတွေဆိုရင် နီးစပ်တဲ့ စက်ရုံတွေကို ကျနော်တို့ အကြောင်းကြားပေးတယ်ပေါ့လေနော်။ အဲဒီအချက် ၁၆ ချက်နဲ့ ညီညွတ်အောင်။ အဲလိုမှမဟုတ်ဘဲ သူတို့လုပ်နေမယ်ဆိုရင် ကျနော်တို့ပြီးခဲ့တဲ့ တကြိမ်တုန်းကလိုပေါ့ သင်္ကြန်ပွဲလုပ်လို့ အဖမ်းခံရတာမျိုးတွေ မလိုလားအပ်တဲ့ ကိစ္စမျိုးတွေ ဖြစ်မှာစိုးလို့ အားလုံးကို ပိတ်ပင်ထားပါတယ်။ ဒီအချိန်ဟာ မလေးရှားနိုင်ငံမှာ ဒီရောဂါလေးတွေ ပြန်ဖြစ်နေတဲ့ အနေအထားရှိသလို မြန်မာနိုင်ငံရဲ့ သီတင်းကျွတ်လလည်း ဖြစ်တော့ ဒီဥစ္စာကို လူငယ်တွေက မသိဘဲ ပျော်ပွဲရွှင်ပွဲ လုပ်မိမှာ စိုးလို့ပါ။”

ရဲစစ်၊ စစ်သားနဲ့ အရပ်ဝတ် လုံခြုံရေးအဖွဲ့တွေက သွားလာတဲ့သူတွေကို စောင့်ကြည့်မှာဖြစ်ပြီး ကြေညာချက်တွေကို ဖောက်ဖျက်ရင် အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။ စက်တင်ဘာလလယ်ပိုင်းမှာ ရောဂါကူးစက်မှု မရှိသလောက် ဖြစ်ခဲ့တဲ့ မလေးရှားနိုင်ငံက အောက်တိုဘာ ၆ ရက်မှာ အယောက် ၆၉၀ ကျော်တနေ့တည်းတွေ့ခဲ့ပြီး မနေ့က အောက်တိုဘာ ၁၃ ရက်အထိ ပြန်မကျသေးတာမို့ အခုလို အသွားအလာကန့်သတ်မှုတွေ တကြော့ပြန်လုပ်ခဲ့တာဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးရသူ ၁၆၃ ယောက်ရှိပြီး ကူးစက်ခံရသူအရေအတွက်ကတော့ ၁၇,၀၀၀ လောက် ရှိနေပါတယ်။


ဇော်ထက်/VOA (Burmese)

https://burmese.voanews.com/a/malaysia-myanmar-migrant-mm-embassy/5620872.html

ကပ်ရောဂါတိုးလာလို့ မလေးရှားရောက်မြန်မာနိုင်ငံသားတွေကို သံရုံးသတိပေး ကပ်ရောဂါတိုးလာလို့ မလေးရှားရောက်မြန်မာနိုင်ငံသားတွေကို သံရုံးသတိပေး Reviewed by THITHTOOLWIN on 18:54 Rating: 5

No comments:

Powered by Blogger.