COVID ရောဂါပိုးကို အနိုင်ရခဲ့တဲ့ အသက် ၁၀၀ အရွယ်မြန်မာအဖွား

ကိုဗစ် ရောဂါ သက်သာပျောက်ကင်းသွားသူ အသက် ၁၀၀ အရွယ် မြန်မာအမျိုးသမီးကြီး ဒေါ်သိန်းခင်။ (အောက်တိုဘာ ၁၃၊ ၂၀၂၀)

ကိုဗစ်အတည်ပြုလူနာတွေ တိုးလာပြီး ရောဂါပိုးကြောင့် သေဆုံးမှုနှုန်းပါ မြင့်တက်လာတဲ့ မြန်မာနိုင်ငံမှာ ရောဂါကနေ လုံးဝ သက်သာပျောက်ကင်းသွားသူတွေလည်း အများအပြားပါ။ ဒီအထဲမှာတော့ အသက် ၁၀၀ အရွယ် မြန်မာအမျိုးသမီးကြီး တဦးလည်း ပါဝင်ပါတယ်။ သူအပါအဝင် မိသားစုဝင် ၁၀ ဦးလုံး ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရပေမဲ့ အခုတော့ အားလုံး သက်သာပျောက်ကင်းကုန်ပါပြီ။ ဒီအကြောင်း ရိုက်တာသတင်းဌာနသတင်းရေးသားထားတာကို ကိုသားညွန့်ဦးက ပြောပြပါမယ်။

ဒီကပ်ရောဂါကြီးကြောင့် တကမ္ဘာလုံးမှာ လူ ၁,၀၀၀,၀၀၀ ကျော်သေဆုံးခဲ့ပြီး အထိအခိုက်အများဆုံးကတော့ အသက်ကြီးပိုင်းတွေပါ။ ဒါပေမဲ့လည်း အသက် ၁၀၀ ရှိပြီဖြစ်တဲ့ ဒေါ်သိန်းခင်အတွက်တော့ ဒီရောဂါဆိုးကြီးက မပြောပလောက်ပါပြီ။ သူရော သူမိသားစုအားလုံးပါ ရောဂါပိုးတွေ့ခဲ့ရပေမဲ့ အခုတော့ ရန်ကုန် အင်းစိန်မြို့နယ်ထဲက သူတို့နေအိမ်ကို ကျန်းကျန်းမာမာနဲ့ ပြန်ရောက်လာကြပါပြီ။

ရွှေပန်းထိမ်လုပ်ငန်းလုပ်နေတဲ့ သူ့မြေးငယ်တဦးမှာ ရောဂါပိုး စရခဲ့တဲ့နောက်၊ သူတို့ တအိမ်လုံး တမိသားစုလုံးကို ကူးစက်သွားရာကနေ ဒေါ်သိန်းခင်မှာပါ အခုနှစ် စက်တင်ဘာလ အစောပိုင်းက ရောဂါပိုး ဓါတ်ခွဲအတည်ပြုတွေ့ရှိခဲ့ပါတယ်။

အဲဒီနောက် ရန်ကုန်မှာရှိတဲ့ Quarantine Center သီးခြားခွဲထားတဲ့နေရာမှာ သီတင်းနှစ်ပတ်လောက် သီးခြားနေရပါတယ်။ ဒါပေမဲ့လည်း သူ့မှာ ထူးထူးခြားခြားရောဂါလက္ခဏာ ဘာမှ မရှိဘူးလို့ အဘွား ဒေါ်သိန်းခင်က ပြောပါတယ်။

"သူတို့က အဲဒီရောဂါဖြစ်တယ်တဲ့ အဘွားကို။ ငါလည်း ဘာမှ မဖြစ်ဘူးဟယ်လို့။ ထမင်းလည်း စားတယ် သားရယ်။ ရေလည်း ချိုးတယ် ကိုယ့်ဘာ့ကိုယ်၊ ကိုယ့်ဘာ့ကိုယ် လမ်းလည်း လျှောက်နိုင်တယ်။ ငါဘာမှ မဖြစ်ဘူးလို့။ ရောဂါဖြစ်တယ်ဆို ခွေလှိမ့်နေမှာပေါ့ သားရဲ့။ ခုက သန်သန်မာမာပဲ လျှောက်သွားနေတာ၊ ဘာမှ မဖြစ်ဘူး။"

ဒါ့အပြင် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ကြုံခဲ့ရဖူးတဲ့ သူ့ဘဝအတွေ့အကြံုအရဆိုရင် အခု ရောဂါပိုးမှ ဘာမှ မပြောပလောက်ဘူးလို့လည်း ဒုတိယကမ္ဘာစစ်ကာလ အခြေအနေနဲ့ နှိုင်းယှဉ်ပြောပြပါတယ်။

"ဒုတိယကမ္ဘာစစ်ကအခြေအနေက တော်တော်ကို ဆိုးတာ၊ တော်တော် ဆိုးတာ။ အခု အခြေအနေကျတော့ တကမ္ဘာလုံးက ဆိုးတယ်၊ ဒီရောဂါ ဆိုးကြတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အဖွားက ဘယ်လိုမှ မထင်ဘူး။ ကလေးတွေအတွက်တော့ အခု သားတို့၊ သမီးတို့ ကလေးအတွက်တော့ စိတ်ပူတာပေါ့။ အဖွားတို့ကတော့ အသက်ကြီးနေပြီလေ။ သေတော့လည်း ဘာဖြစ်တာမို့လို့။ နှမြောစရာမရှိတော့ဘူးလေ။ အမျိုးမျိုးတွေ ကြုံလာ၊ တွေ့လာပြီလေ။ ခေတ်ဆိုးတွေ၊ ခေတ်ပျက်တွေ၊ ဒုက္ခတွေ အမျိုးမျိုးတွေ ဆုံခဲ့ရပြီးပြီ။ ထမင်းတွေလည်း ငတ်ခဲ့ရတယ်။ ဗုံးဆံတွေကြားထဲကလည်း ထွက်ပြေးခဲ့ရတယ်။ အဲဒီတော့ အဖွားတို့အတွက်က ဘာမှ အရေးမကြီးတော့ဘူးလေ သားရဲ့။ သားတို့ အခုနောက်ကလေးတွေအတွက် အဖွားတို့က စိတ်ပူတာပေါ့။"

အခုတော့ အဘွားဒေါ်သိန်းခင်အပါအဝင် တမိသားစုလုံးမှာ ရောဂါပိုး မရှိတော့ဘူးလို့ ဓါတ်ခွဲနမူနာယူစစ်ဆေးမှု နှစ်ကြိမ် ပြပြီးတဲ့အခါမှာတော့ နေအိမ်ပြန်ခွင့်ရသွားကြပါပြီ။ ဒါပေမယ့်လည်း ဒေါ်သိန်းခင်ရဲ့ မြေးမဖြစ်သူကတော့ ဒီရောဂါပိုး ပြန်ကူးစက်နိုင်လို့ သတိထားရမယ်လို့ ပြောပါတယ်။

"မိသားစုတွေလည်း အကုန် ပြန်ဆုံကြပြီဆိုတော့ ဒီရောဂါကြီးကို ကြောက်တယ်။ ထပ်ဖြစ်မှာကို အရမ်း ကြောက်တယ်။ အဲဒါကြောင့်မို့ ဘယ်မှလည်း မသွားဘူး။ အမတို့ ထွက်လို့ရတာတောင်မှ စျေးသွားတာတောင်မှ အမတို့က သုံးရက်စာ၊ လေးရက်စာ အဲဒီလို သွားဝယ်ပြီးတော့ ကိုယ့်ဘာ့ကိုယ် ရေခဲသေတ္တာထဲထည့်ပြီးတော့ ကိုယ့်ဘာ့ကို အဲဒီလိုမျိုးနေတာ။ လုံးဝ အောက်မဆင်းဘူး။ အဲဒီလိုမျိုးတွေ မသွားကြဘူး။ မိသားစု အကုန် ချိတ်ပိတ်ထားတယ်။"

မြန်မာနိုင်ငံမှာတော့ ဓါတ်ခွဲနမူနာယူ အတည်ပြုချက်တွေအရ ရောဂါကူးစက်ခံရသူပေါင်း ၃၀,၀၀၀ ဝန်းကျင်ရှိပြီး သေဆုံးမှုဟာလည်း ၇၀၀ နီးပါးအထိ ရှိသွားပါပြီ။ ဓါတ်ခွဲနမူနာယူ စစ်ဆေးမှုတွေ ပိုလုပ်လာတာကြောင့်လည်း ပိုးတွေ့သူ ပိုများလာနိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေ ပြောပါတယ်။ ရောဂါထိန်းချုပ်နိုင်တဲ့ အခြေအနေ မရောက်သေးဘူးလို့လည်း သတိပေးထားပါတယ်။ 


 သားညွန့်ဦး/VOA (Burmese)

https://burmese.voanews.com/a/covid-100-year-old-myanmar-woman/5620912.html

COVID ရောဂါပိုးကို အနိုင်ရခဲ့တဲ့ အသက် ၁၀၀ အရွယ်မြန်မာအဖွား COVID ရောဂါပိုးကို အနိုင်ရခဲ့တဲ့ အသက် ၁၀၀ အရွယ်မြန်မာအဖွား Reviewed by THITHTOOLWIN on 18:52 Rating: 5

No comments:

Powered by Blogger.