မဲရုံမှူး၊ ဒုမဲရုံမှူး စတဲ့မဲရုံတာဝန်တွေ ဆရာ၊ဆရာမ တစ်သိန်းခွဲဝန်းကျင် တာဝန်ကျ

ပယ်မဲသတ်မှတ်ချက်အချို့ ကွာခြားတာတွေရှိလာ

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲရုံမှူး ၊ ဒုမဲရုံးမှူး စတဲ့မဲရုံတာဝန်တွေကို တစ်နိုင်ငံလုံးက ဆရာ၊ဆရာမပေါင်း တစ်သိန်းခွဲဝန်းကျင်ခန့်က ထမ်းဆောင်သွား ဖို့ရှိတယ်လို့ အခြေခံပညာဦးစီးဌာနကနေသိရပါတယ်။

ဒီအတွက် တာဝန်ကျ ဆရာ၊ဆရာမတွေကို တာဝန်ကျရာမြို့နယ်တွေအလိုက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲဆိုင်ရာသင်တန်းတွေကို အောက်တိုဘာ ၂၀ ရက်နေ့မှ စတင်ကာပို့ချပေးနေပြီလို့လည်း သိရပါတယ်။

' ' သင်တန်းကတော့ မြို့နယ်ကော်မရှင်နဲ့ မြို့နယ်ပညာရေးမှူးရုံးတွေ ချိတ်ဆက်ပြီးပေးနေတာ။ မြို့နယ် ကော်မရှင်က မဲရုံအတွက်လိုတဲ့အရေအတွက်စာရင်းကို မြို့နယ်ပညာရေးမှူးရုံးတွေ နဲ့ပဲ တိုက်ရိုက်ညှိနှိုင်းပြီးလုပ်တာ။ ရုံးချုပ်ကိုတော့ အခုထိ စာရင်းအတိအကျမရောက်သေးဘူး။ အရင်ကလည်း တစ်ရုံကို ဆရာ၊ဆရာမ ၅ဦးလောက် တာဝန်ယူပေးခဲ့ရတော့ အခုလည်း တစ်သိန်းခွဲလောက်တော့ တာဝန်ကျမယ်လို့ ခန့်မှန်းတွက်ချက်ထားတယ်။''လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဘီဘီစီကိုပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကာလကြား ကျင်းပသွားရမယ့် ရွေးကောက်ပွဲဖြစ်လို့ သက်ဆိုင်ရာမြို့နယ်တွေအနေနဲ့ အသက်ကြီးရင့်သူနဲ့ သွေးတိုး၊ဆီးချိုရောဂါအခံရှိသူ ဆရာ၊ဆရာမတွေကိုတော့ မဲရုံ တာဝန်တွေချထားခြင်း မပြုဖို့ အခြေခံပညာဦးစီးဌာနကနေ စာထုတ်ပြန်အသိပေးထားပါတယ်။

မဲရုံတာဝန်ကျ ဆရာ၊ဆရာမတွေကို ကော်မရှင်ကသင်တန်းပို့ချ

မဲရုံတာဝန်ကျ ဆရာ၊ဆရာမတွေကို သက်ဆိုင်ရာမြို့နယ်တွေအလိုက် ကော်မရှင်အဖွဲ့ခွဲတွေကနေ လူစုလူဝေးမဖြစ်စေဖို့ အသုတ်လိုက် ရက်ခွဲပြီးပို့ချပေးနေတယ်လို့လည်း ဆရာ၊ဆရာမတွေ ထံကသိရပါတယ်။

' ' သင်တန်းမှာကတော့ မဲရုံအတွင်းမှာလုပ်ဆောင်ရမယ့် တာဝန်တွေ၊ မဲရုံကိုလည်း သရုပ်ပြတာလည်းလုပ်ပြပါတယ်။ မဲစာရင်းစစ်ဆေးသူနဲ့ မဲလက်မှတ်ထုတ်ပေးသူနဲ့ တစ်တွဲစီနဲ့ ကိုယ့်နေရာနဲ့ကိုယ်ထိုင်ပြီး သရုပ်ပြရှင်းပြတယ်။ မဲရေတွက်တာ၊ မဲပုံးကောက်တာတွေ။ အသိသက်သေလက်မှတ်ထိုးတာ ဘယ်နှစ် ယောက်စတဲ့ သိရမယ့်ဟာတွေကို သရုပ်ပြရှင်းပြတယ်။'' လို့ ဧရာဝတီတိုင်း ကြံခင်းမြို့နယ် အ.လ.က ၄ သိမ့်ဆိမ့်ကုန်းကျောင်းက မဲစာရင်းစစ်ဆေးသူအဖြစ် တာဝန်ယူရမယ့် ဆရာမဒေါ်အိအိခိုင်က ဘီဘီစီကို ပြောပြပါတယ်။

ရွေးကောက်ပွဲ တာဝန်ကျတဲ့ ဆရာ၊ဆရာမတွေကို တိုင်းနဲ့ပြည်နယ်အလိုက် သက်ဆိုင်ရာ ကော်မရှင်တွေကနေ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းတွေကို အောက်တိုဘာ ၂၀ ရက်နေ့က စပေးနေသလို သင်တန်းမပေးသေးတဲ့ မြို့နယ်အချို့လည်း ရှိနေပါသေးတယ်။

' ' ကျွန်တော်တို့ ကျောင်းမှာတော့ ရွေးကောက်ပွဲအတွက် သင်တန်းပေးဖို့ အကြောင်းကြားတာမရှိသေးဘူး။ ဒီရက်ပိုင်းမှာ ပေးဖို့ရှိတယ်လို့တော့ကြားတယ်။ တရားဝင်ပြောတာတော့ မရှိသေးဘူး။ ကျောင်းမှာတော့ မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ကျတဲ့ဆရာ၊ ဆရာမတွေရှိပါတယ်။''လို့ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်က အ.ထ.က (ခွဲ) ကျောင်းအုပ်ဦးရန်လင်းအောင်က ဘီဘီစီကိုပြောပါတယ်။

ရွေးကောက်ပွဲနေ့ မဲရုံတာဝန်ကျ ဆရာ၊ဆရာမ သိန်းနဲ့ချီ ရှိ

ကပ်ရောဂါကြား ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်လို့ ဘာတွေသတိပြုဖို့လိုမလဲ

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာက ၄သောင်းနီးပါးနဲ့ သေဆုံးသူက တစ်ထောင်နီးပါးရှိလာပြီဖြစ်ပါ တယ်။

' ' နည်းနည်းတော့ ထင့်တာပေါ့နော်။ ရောဂါပိုးက ဘယ်သူမှ ပါလာမှန်းလဲမသိဘူး။မြင်ရတာလည်း မဟုတ် ဘူး။ ရောဂါလက္ခဏာလည်းမပြဘဲ ပေါ့စတစ်ဖြစ်တဲ့သူတွေကလည်းရှိနေတာ့ ကြောက်တော့ကြောက်တာ ပေါ့။ ဒါပေမယ့် နိုင်ငံတော်က ဒီလုပ်ငန်းစဉ်တွေက ဆရာမတွေကိုယုံကြည်လို့ ပေးအပ်ထားတဲ့တာဝန်ကို ကိုယ့်ဘက်ကကျေပွန်အောင်ထမ်းဆောင်ဖို့ ကိုယ့်အတွက် အန္တရာယ်ကင်းအောင် ပြင်ဆင်ထားဖို့တော့မှာထားတယ်ပေါ့'' လို့ ဆရာမဒေါ်အိအိခိုင်က သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

ဆရာမဒေါ်အိအိခိုင်နည်းတူ ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ် အ.ထ.က ၄ကျောင်းက မဲရုံမှူးတာဝန်ယူရမယ့် ဆရာမဒေါ်စန်းစန်းတင့်ကလည်း ကပ်ရောဂါကာလကြား မဲရုံတာဝန် ထမ်းဆောင်ရမှာဖြစ်ပေမယ့်

' ' အစိုးရဝန်ထမ်းဆိုတော့ ထမ်းဆောင်ရမှာပေါ့။ လုပ်ရမှာပေါ့။ လုပ်ရမယ်လို့ သတ်မှတ်ထားတာဆိုတော့ အဆင်ပြေသွားမှာပါ။ သင်တန်းကတော့ ရပ်ကွက်အလိုက် ရက်ခွဲထားတော့ ၂၄ ရက်နေ့မှတက်ရမယ် '' လို့ ပြောပြပါတယ်။

ရွေးကောက်ပွဲနေ့မှာ တာဝန်ကျတဲ့ဆရာ၊ဆရာမတွေအတွက် လက်အိတ်၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်အစရှိတဲ့ လိုအပ်တဲ့ပစ္စည်းအားလုံးကို ရွေးကောက်ပွဲကော်မရှင်ကနေ ထောက်ပံ့ ပေးသွားမှာဖြစ်ပြီး မဲရုံမှူး၊ ဒုမဲရုံမှူး စတဲ့တာဝန်အလိုက် နေ့တွက်စရိတ်တွေကိုလည်း ကော်မရှင်ဘက်က ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်က သင်တန်းပေးရာမှာ တာဝန်ကျဆရာ၊ ဆရာမတွေအနေနဲ့ ရောဂါကူးစက်မှုမခံရစေဖို့ သတိပြုသင့်တဲ့အချက်တွေကိုလည်းထည့်သွင်းမှာကြားခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

'' မဲစာရင်းစစ်ဆေးသူအနေနဲ့ဆိုရင် ဆန္ဒမဲပေးသူဝင်လာရင် သူ့ရဲ့သက်သေခံကတ်ပြားတစ်ခုခု ပေးတာရှိမယ်။ ဒါကို သူကို ချထားခိုင်းပြီး မကိုင်ဘဲ ကြည့်လို့ရရင်ကြည့်ပြီး စစ်ဖို့ပေါ့။ ဒါမှမဟုတ် ကိုင်ရင်လည်း လက်အိတ်တို့ဘာတို့နဲ့ ကာကွယ်ဖို့ သတိထားဖို့ သင်တန်းမှာပြောတယ်။ လူတစ်ယောက်ကို ဝင်လာတာကနေ ဆန္ဒမဲပေးတာ အပြီးအစီးထိကို( ၇)မိနစ်ပေးထား တယ်လို့ပြောတယ်။ လက်တွေ့မှာတော့ ဘယ်လိုလာမလဲတော့ မပြောတတ်သေးဘူး''လို့ ဒေါ်အိအိခိုင်က ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ မဲပေးသူအရေအတွက်ပေါ်မူတည်ပြီး မဲရုံတာဝန်ကျ ဆရာ၊ဆရာမတွေအနေနဲ့ ညနက်တဲ့အထိ တာဝန်ယူရတာမျိုးတွေလည်း ရှိခဲ့တယ်လို့ ဒုမဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အထက်တန်းပြဆရာတစ်ဦးဖြစ်သူ ဦးပြည့်ဖြိုးသူက ပြောပြပါတယ်။

' ' တချို့ကျောင်းတွေဆို မဲရုံ ၂ရုံတွဲထားတာတွေလည်းရှိတယ်။ ည ၁၂ နာရီ ၁ချက်လောက်မှ ပြီးတာလည်း ရှိတယ်။ အခုက မဲပေးမယ့်အချိန်ပိုကြာမှာပေါ့။ လူတစ်ယောက်ရဲ့ ဖြတ်သန်းခွင့် က ၇မိနစ်ရှိမယ်။ ဝင်တာ မဲပုံး ၃ပုံးပေးတာရယ် မင်တို့တာရယ်။ ဒါပေမယ့် အဝကနေလွှတ်ဖို့က အနဲဆုံးတစ်မိနစ်လောက်ခြားလောက်မှ လွှတ်မှာဆိုတော့ တစ်နာရီကို လူအယောက် ၆၀ လောက်ပဲရမှာ။''လို့ ဦးပြည့်ဖြိုးသူက ပြောပါတယ်။

ဆရာ၊ ဆရာမတွေကို ရွေးကောက်ပွဲကော်မရှင်က သင်တန်းပေးရာမှာ ပယ်မဲသတ်မှတ်ရာမှာလည်း အရင်နဲ့ မတူတဲ့ကွာခြားချက်တစ်ခုရှိတာကို သတိပြုမိတယ်လို့ ဆရာမ ဒေါ်အိအိခိုင်က ပြောပြပါတယ်။

' ' ဟိုးအရင်ကတော့ တံဆိပ်တုံးကို တစ်နေရာတည်းမှာ ကိုယ်ပေးချင်တဲ့ ပါတီတခုထဲကို လေးငါးချက် ထပ်ခါထပ်ခါထုထားတယ်ဆိုရင် အရင်ကတော့ ပယ်မဲထဲမှာပါတာပေါ့။ အခုကတော့ မပါဘူးတဲ့ ဘာဖြစ်လို့လဲဆိုတော့ ကြိုက်လို့ပေးတာ။ နေရာလည်းမှန်တယ်ဆိုရင် တစ်နေရာထဲ လေးငါးချက်ထုပေမယ့် ဒါကြိုက်လွန်းလို့ ။ ပယ်မဲမဟုတ်ဘူးလို့ ပြောတယ်။'' ၂၀၁၅ ရွေးကောက်ပွဲတုံးကလည်း မဲရုံတာဝန်ကျဖူးသူဆရာမဒေါ်အိအိခိုင်ကပြောပါတယ်။

မဲရုံတာဝန်ထမ်းဆောင်မယ့် ဆရာ၊ဆရာမတွေကို ဂုဏ်ပြုလက်မှတ်ပေးအပ်သွားဖို့ရှိ

လာမယ့်ရွေးကောက်ပွဲမှာ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆရာ၊ ဆရာမတွေအနေနဲ့ မဲရုံမှူး ၊ ဒုမဲရုံမှူး ၊ မဲရုံအဖွဲ့ဝင်၊ မဲစာရင်းစစ်ဆေးသူအစရှိတဲ့ တာဝန်တွေကို ထမ်းဆောင် သွားကြဖို့ရှိနေပါတယ်။

' ' ရွေးကောက်ပွဲကော်မရှင်ကလည်း ဂုဏ်ပြုချီးမြှင့်မယ့် ကတ်ပြားလေးချီးမြှင့်မှာဖြစ်သလို ၊ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း အမျိုးသားရေးတာဝန်ကို ထမ်းဆောင်တဲ့ ဆရာ၊ ဆရာမတွေ အတွက်တော့ ပြည်ထောင်စုဝန်ကြီးက သူကိုယ်တိုင်လက်မှတ်ထိုးပြီး အသိအမှတ်ပြု ဂုဏ်ပြုတဲ့လက်မှတ်လေးတွေ ဂုဏ်ပြုချီးမြှင့်ဖို့ဆန္ဒရှိတယ်။''လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54642237

မဲရုံမှူး၊ ဒုမဲရုံမှူး စတဲ့မဲရုံတာဝန်တွေ ဆရာ၊ဆရာမ တစ်သိန်းခွဲဝန်းကျင် တာဝန်ကျ မဲရုံမှူး၊ ဒုမဲရုံမှူး စတဲ့မဲရုံတာဝန်တွေ ဆရာ၊ဆရာမ တစ်သိန်းခွဲဝန်းကျင် တာဝန်ကျ Reviewed by THITHTOOLWIN on 19:53 Rating: 5

No comments:

Powered by Blogger.