ရသေ့တောင်က အရပ်သားတစ်ဦး လက်နက်ကြီးအစဒဏ်ရာနဲ့ သေဆုံး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြားပင်ရင်းရွာက လက်နက်ကြီးအစထိမှန်ခဲ့တဲ့ ဦးဘရွှေကို ၂၀၂၀ အောက်တိုဘာ ၁၅ ရက်နေ့က စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့စဉ်

Photo: Than Tun

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြားပင်ရင်းရွာက အသက် ၅၇ နှစ်အရွယ် ဦးဘရွှေဟာ လက်နက်ကြီးအစ ထိမှန်လို့ စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူရင်း မနေ့က ဆေးရုံမှာပဲ သေဆုံးသွားပါတယ်။

ရင်ဘတ်မှာ လက်နက်ကြီးအစထိမှန်ခဲ့တဲ့ဒဏ်ရာကို စစ်တွေဆေးရုံမှာ မနေ့ကခွဲစိပ်ကုသခဲ့ကြပေမယ့် အတွင်းဒဏ်ရာပြင်းထန်တာကြောင့် ညနေ ၆ နာရီကျော်မှာ ဆုံးသွားခဲ့တာလို့ အကူအညီပေးနေသူ တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ နဲ့ ၁၄ ရက်နေ့တွေက ရသေ့တောင်မြို့နယ် အောင်သာစည်ကျေးရွာ ဘက်မှာ တပ်မတော်က AA ကို ကြည်း၊ ရေ၊ လေ အင်အားတွေသုံးပြီးတိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှာ ရသေ့တောင်မြို့ရဲ့ မြစ်တစ်ဘက်ကမ်း ပြာပင်ရင်းရွာကို လက်နက်ကြီး တစ်လုံး ကျရောက် ပေါက်ကွဲပြီး ဦးဘရွှေအပါအဝင် အသက် ၃၅ နှစ်အရွယ် ဦးသန်းစိန်မောင်၊ အသက် ၃၃ နှစ်အရွယ် ကိုမောင်မြခင်၊ အသက် ၅၈ နှစ်အရွယ် ဦးမောင်မြထွန်း စုစုပေါင်း လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေကို ရသေ့တောင်မြို့ပေါ် ဆေးရုံကို ပို့ဆောင်ကုသနေပြီး အဲဒီအထဲက ဒဏ်ရာပြင်းထန်တဲ့ ဦးဘရွှေကို မနေ့က စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့တာပါ။

သူတို့ လေးဦးဟာ အောက်တိုဘာ ၁၄ ရက်နေ့ နေ့လယ်က လက်နက်ကြီးပစ်ခတ်သံတွေ ထွက်ပေါ်လာချိန် အခြားရွာသားများနည်းတူ ရွာဘုန်းကြီးကျောင်းမှာ ခိုလှုံဖို့ ထွက်ပြေးကြရာမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရခဲ့ကြတာလို့ ရွာခံအမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က အဲဒီနေ့ညနေပိုင်းမှာ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/one-rathedaung-villager-died-10162020062044.html

ရသေ့တောင်က အရပ်သားတစ်ဦး လက်နက်ကြီးအစဒဏ်ရာနဲ့ သေဆုံး  ရသေ့တောင်က အရပ်သားတစ်ဦး လက်နက်ကြီးအစဒဏ်ရာနဲ့ သေဆုံး Reviewed by THITHTOOLWIN on 19:53 Rating: 5

No comments:

Powered by Blogger.