အမျိုးသမီးတွေကို အဝတ်အစားချွတ်ရှာတဲ့ကိစ္စ ကာတာက စုံစမ်းစစ်ဆေးမယ်

မွေးကင်းစလေးတစ်ယောက်ကို အမှိုက်ပုံးထဲမှာ တွေ့ရပြီးတဲ့နောက် အမျိုးသမီးခရီးသည် တွေကို အဝတ်အစားချွတ် စစ်ဆေးခဲ့

ဒိုဟာက လေဆိပ်တစ်ခုမှာ အမျိုးသမီးခရီးသည်တွေ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေစစ်ဆေးတာခံခဲ့ရတယ် ဆိုတဲ့ အရေးကိစ္စအပေါ် ကာတာနိုင်ငံက စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။

လေဆိပ်ကနေ ပျံသန်းမယ့် လေယာဉ်ခရီးစဉ် ၁၀ ခု မှာ လိုက်ပါကြမယ့်အမျိုးသမီးတွေ အခုလို အဖြစ်နဲ့ကြုံခဲ့ရတာ လို့ ပြောနေကြတာပါ။

အောက်တိုဘာလ ၂ ရက်နေ့တုန်းက ဟာမတ် လေဆိပ်က အမှိုက်ပုံးတစ်ခုအတွင်းမှာ မွေးကင်းစ ကလေးငယ် တစ်ယောက် စွန့်ပစ်ထားတာကို တွေ့ရတဲ့နောက် အမျိုးသမီးတွေဟာ လောလောလတ်လတ် ကလေးမွေးထားလားဆိုတာကို စစ်ဆေးခံခဲ့ရတာပါ။

လေယာဉ် တစီးပေါ်ကနေ သူတို့နိုင်ငံသူ အမျိုးသမီး ၁၃ ယောက်နဲ့ တခြားနိုင်ငံတွေက အမျိုးသမီး ၅ ယောက်တို့ ပြန်ခေါ်ချသွားတာခံရတယ်လို့ ဩစတြေးလျ အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒါပေမယ့် သူတို့အားလုံး အဲဒီလို အသေးစိတ်ရှာဖွေခံရတာတော့ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ကာတာအစိုးရက ဒီအဖြစ်အပေါ် ခွင့်လွှတ်ဖို့တောင်းပန်လိုက်ပြီး အခုအချိန်မှာ ကလေးငယ်ဟာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းရကာ ဘေးကင်းစိတ်ချရပါပြီလို့ ဆိုပါတယ်။

မွေးကင်းစ မိန်းကလေး တစ်ယောက်ကို ပလတ်စတစ်အိပ်နဲ့ထုပ်ပြီး အမှိုက်ပုံထဲမှာ ပစ်ထားခဲ့တာကို သိခဲ့ကြရတဲ့နောက် "မိဘဖြစ်တဲ့သူက ဘယ်သူတွေလဲဆိုတာကို အလျင်အမြန်လိုက်ရှာခဲ့ကြတယ်၊ ကလေးကိုတွေ့ရတဲ့ အနီးအနားက လေယာဉ်ခရီးစဉ်တွေဟာလည်း အဲဒီလို လိုက်ရှာတဲ့အထဲမှာ ပါခဲ့တယ်လို့" ကာတာ အစိုးရက ဆိုပါတယ်။

"ဒီလောက်ဆိုးရွားလှတဲ့ ရာဇဝတ်မှုကျူးလွန်သူတွေ မလွတ်မြောက်သွားအောင် အသည်းအသန် လိုက်ရှာတဲ့အခါ ဒီဆောင်ရွက်မှုကြောင့် ပုဂ္ဂိုလ်ရေး ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို အထိအပါးခံခဲ့ရတဲ့ ခရီးသည်တွေ၊ အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ ခရီးသည်တွေ အားလုံးအတွက် ကာတာ အစိုးရ အနေနဲ့ အထူးစိတ်မကောင်းဖြစ်ရတယ်" လို့ အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

ကာတာအစိုးရဟာ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး "ပြည့်စုံပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးရေး" လုပ်ဆောင်ဖို့ ညွှန်ကြားထားကာ တွေ့ရှိချက်တွေကို တခြားနိုင်ငံတွေကို ဝေမျှပေးသွားမယ်လို့ ဆိုပါတယ်။

ဩစတြေးလျနိုင်ငံက ကာတာက လုပ်ဆောင်ပေးနေတာတွေရှိတယ်လို့ ဆိုပြီး တခြားထိခိုက်ခံရတဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်တာတွေလုပ်နေတယ်လို့ ပြောပါတယ်။ အဲဒီ နိုင်ငံတွေရဲ့ အမည်ကို ထုတ်မပြောပေမယ့် ၂ နိုင်ငံ ဒါမှမဟုတ် ၃ နိုင်ငံလို့ သူတို့က ဆိုပါတယ်။

သြစတြေးလျက စပြီး သတိပေးခေါင်းလောင်း ထိုးခဲ့တာ

အဝတ်အစားချွတ်ပြီး ရှာဖွေခံထိခဲ့တဲ့ ခရီးသည်တွေက သြစတြေးလျအစိုးရ အရာရှိတွေကို အသိပေးအကြောင်းကြားခဲ့တဲ့နောက် ဒီသီတင်းပတ်အတွင်းမှာ ဒီအကြောင်းကို လူအများ သိကြရတာပါ။

နိုင်ငံခြားရေး ဝန်ကြီး မစ္စ မာရစ်စ် ပိန်းက လေကြောင်းခရီးစဉ် ၁၀ ခုက အမျိုးသမီးတွေ ရှာဖွေစစ်ဆေးခံခဲ့ရကြောင်း ဗုဒ္ဓဟူးနေ့ကပြောပါတယ်။ အဲဒီသူတွေထဲ သြစတြေးလျနိုင်ငံသူ ၁၃ ယောက်ပါတယ်ဆိုတာကို ပြောပေမယ့် တခြားထိခိုက်ခံရတဲ့ အမျိုးသမီးတွေက ဘယ်နိုင်ငံကလဲ ဆိုတာသူက ထုတ်ဖော်မပြောပါဘူး။

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက အရှာဖွေခံခဲ့ရတဲ့ အမျိုးသမီးတွေက လေကြောင်း ခရီးစဉ် ၁၀ ခု ကဖြစ်တယ်လို့ထုတ်ဖော်ပြော

ဒိုဟာကနေ ဆစ်ဒနီကို ပျံသန်းမယ့်လေယာဉ် တစ်စီး ပေါ်ကနေ အရွယ်ရောက်ပြီးအမျိုးသမီးမှန်သမျှ ပြန်ဆင်းခိုင်းခဲ့တယ်လို့ ဩစတြေးလျ မီဒီယာတွေက အရင်တုန်းက သတင်းပေးပို့ခဲ့ပါတယ်။

သူတို့ဟာ လေယာဉ်ပြေးလမ်းပေါ်မှာ ရပ်ထားတဲ့ အရေးပေါ်လူနာတင်ကားတစ်စီးထဲကို ခေါ်သွားတာခံရပြီး ကိုယ်အတွင်းပိုင်းကို အစစ်ဆေးခံဖို့ အတွင်းခံ ဘောင်းဘီတွေ ချွတ်ခိုင်းတာကိုလည်း ခံခဲ့ကြရပါတယ်။

ဒီအဖြစ်ကိုကြုံရတဲ့ အများအပြား အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပြီး သြစတြေးလျ အစိုးရဆီက ကျန်းမာရေးစောင့်ရှောက်မှုတွေယူခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြော ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်တဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဒီသတင်းတွေအရ ဒီအဖြစ်အပျက်ဟာ "အမျိုးသမီးတွေအနေနဲ့ အစစ်ဆေးခံဖို့ သူတို့ဆန္ဒအရ သဘောတူခွင့်ပြုလားလို့ မတောင်းခံခဲ့ဘူးဆိုတာ ပေါ်လွင်နေတယ်" လို့ ရေးပါတယ်။

ဒီအမှုကို ဖက်ဒရယ် ရဲတပ်ဖွဲ့ဆီကို လွှဲအပ်ထားတယ်လို့လည်း သူတို့က ပြောပါတယ်။

ကာတာ အစိုးရ အရာရှိတွေကလုပ်မယ့် ဒီအဖြစ်အပေါ် စုံစမ်းတွေ့ရှိချက်တွေကို သူတို့စောင့်ဆိုင်းနေစဉ်အခုလို အချိန်မှာ ဒါဟာ လိင်ပိုင်းနှောင့်ယှက်စော်ကားတာလို့တော့ သူတို့ မသတ်မှတ်သေးပါဘူး။ သြစတြေးလျ အတိုက်အခံ နိုင်ငံရေးသမားတွေကတော့ ဒီအပြုအမူတွေဟာ လိင်ပိုင်း စော်ကားနှောင့်ယှက်မှုတွေလို့ ပြောနေပါတယ်။

ကာတာအစိုးရကတော့ သူတို့နိုင်ငံကို ဖြတ်သန်းသွားလာတဲ့ ခရီးသည်တွေရဲ့ ဘေးကင်း လုံခြုံမှုတွေကို အာမခံပါကြောင်း ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

အခုလို ကမ္ဘာ့ကပ်ကာလအတွင်းမှာ နိုင်ငံတကာခရီးသွားတွေ ခေတ္တရပ်နားပြီး လေယာဉ်တွေပြောင်းစီးရာ အဓိက လေဆိပ်တစ်ခုဖြစ်တဲ့ ဒိုဟာက ဟာမတ် နိုင်ငံတကာလေဆိပ်ဟာ ဆက်လက် ဖွင့်လှစ် လည်ပတ်နေဆဲဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-54718474

အမျိုးသမီးတွေကို အဝတ်အစားချွတ်ရှာတဲ့ကိစ္စ ကာတာက စုံစမ်းစစ်ဆေးမယ်  အမျိုးသမီးတွေကို အဝတ်အစားချွတ်ရှာတဲ့ကိစ္စ ကာတာက စုံစမ်းစစ်ဆေးမယ် Reviewed by THITHTOOLWIN on 21:21 Rating: 5

No comments:

Powered by Blogger.