ကိုဗစ်ကာလ အလုပ်သမားထောက်ပံ့ကြေးနှောင့်နှေး

အလုပ်ဆင်းဖို့ အလုပ်သွားကြတဲ့ အလုပ်သမားများကို ရန်ကုန်မြို့ရှိ လှိုင်သာယာစက်မှုဇုန်မှာ တွေ့ရ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)

ကိုဗစ်ကပ်ရောဂါကာလ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အလုပ်သမားတွေထဲက လူမှုဖူလုံရေးခံစားခွင့် မရှိသူတွေကို အစိုးရက ကူညီထောက်ပံ့မယ့် အစီအစဉ်မှာ ကြန့်ကြာမှုတွေ ကြံုနေရတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါပေးမယ်။

ကပ်ရောဂါ ကူးစက်မှုတွေ အများစုကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း အခက်အခဲကြံုနေရတဲ့ အလုပ်သမားတွေထဲက လူမှုဖူလုံရေး ခံစားခွင့်မရတဲ့သူတွေကို ထောက်ပံ့ကြေးအဖြစ် ကျပ်ငွေ ၃၀,၀၀၀ ပေးဖို့ စီစဉ်နေပေမဲ့ ကြန့်ကြာမှုတွေ ကြံုနေရတာပါ။ ကျပန်းအလုပ်သမားတွေ အပါအဝင် လုပ်ငန်းခွင်အပြင်မှာ အလုပ်လုပ်နေသူတွေအတွက် ထောက်ပံ့ကြေးတွေကို ဒီလထဲမှာ ပေးနိုင်အောင် စီစဉ်ထားပေမဲ့ အခက်အခဲတချို့ကြောင့် ကြန့်ကြာနေရတာလို့လည်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် လက်ထောက် အထွေထွေ အတွင်းရေးမှုး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

“အဆင်မပြေသေးတာက စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းဌာနထဲမှာ မဟုတ်ဘဲနဲ့ အပြင်မှာဒီလို ကျပန်းအနေနဲ့ လိုက်လုပ်တဲ့ နေ့စား ယာယီ ပုတ်ပြတ်တွေပေါ့။ အဲ့ဒီအလုပ်သမားတွေအတွက်ကိုတော့ လက်ခံတဲ့ မြို့နယ်က လက်ခံတယ်။ လက်မခံတဲ့ မြို့နယ်ကတော့ လက်မခံသေးဘူး။ အဲ့ဒါကို အမတို့ ဒီ ရန်ကုန်တိုင်း လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကိုတော့ အမတို့က အကြောင်းကြားထားတယ်။ လက်မခံတဲ့ မြို့နယ်တွေပေါ့နော်.. ရှိတယ်ဆိုတဲ့ ဟာကို။ အမတို့ အခု သွားတင်တာဆိုလို့ရှိရင်တော့ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်က လက်မခံသေးဘူး။ ဒါပေမယ့် ဦးစီးမှူးတွေကတော့ ကောင်းကောင်းမွန်မွန်ပဲ ပြောပါတယ်။ သူတို့ အပေါ်ကနေ ညွှန်ကြားချက်မရသေးလို့ သူတို့ လက်မခံသေးတာလို့ ပြောတယ်။ လက်ခံတဲ့ မြို့နယ်တွေကတော့ တော်တော်များများရှိပါတယ်။ အခုလက်ခံနေတယ်။”

လူမှုဖူလုံရေး ခံစားခွင့်မရှိတဲ့ အလုပ်သမားတွေအတွက် ထောက်ပံ့ကြေးရနိုင်ဖို့ ဘယ်နေရာမှာ စာရင်းပေးရမလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိတာကလည်း အဓိက အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ လူမှုဖူလုံရေး ခံစားခွင့်မရကြတဲ့ နေ့စားယာယီ ပုတ်ပြတ် အလုပ်သမားတွေကိုတော့ သက်ဆိုင်ရာစက်ရုံတွေကနေ အလုပ်သမားရုံးတွေနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွေမှာ စာရင်းသွင်းပေးနေသလို အစိုးရအနေနဲ့လည်း လုပ်ငန်းရှင်တွေနဲ့ တွေဆုံညှိနှိုင်းနေတယ်လို့လည်း ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

လှိုင်သာယာမြို့နယ် အနောက်ပိုင်း အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းကတော့ ထောက်ပံ့ကြေးအတွက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ စာရင်းပေးသွင်းရမယ်ဆိုတဲ့ ညွှန်ကြားချက်မျိုး မရှိသေးတာကြောင့် လက်မခံသေးတာလို့ ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးရုံးမှာ စာရင်းသွင်းရမယ်လို့တော့ အဲ့လိုတော့ အတိအကျ မရှိပါဘူးခင်ဗျ၊ ဇုန်အတွင်းမှာ ဘယ်လောက်၊ ဇုန်ပြင်ပမှာ ဘယ်လောက် ဇုန်တွင်း ဇုန်ပြင်ပ မပါဘူး၊ ဒီ လူမှုဖူလုံရေး မထည့်ထားတဲ့သူက ဘယ်မှာဆိုတာ သူ့ဟာနဲ့သူ သတ်မှတ်ချက်ရှိထားပြီးသားပါ ခင်ဗျ။ အုပ်ချုပ်ရေးမှူးရုံးကို လာရောက်ပြီးတော့ စာရင်းပေးသွင်းပါဆိုရင် ညွှန်ကြားထားရင် အုပ်ချုပ်ရေးမှူးရုံးက လက်မခံစရာ မရှိပါဘူးခင်ဗျ။”

ရန်ကုန်တိုင်းအတွင်း ကပ်ရောဂါကြောင့် ယာယီပိတ်ထားတဲ့ လုပ်ငန်းတော်တော်များများကို ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေး အစီအမံတွေနဲ့ မကြာသေးခင်ကပဲ ပြန်လည်လုပ်ကိုင်ခွင့် ပြုထားပေမဲ့ အခက်အခဲကြုံနေရတဲ့ အလုပ်သမားတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒီလိုစားဝတ်နေရေး ခက်ခဲနေကြတဲ့ အလုပ်သမားတွေအတွက် ထောက်ပံ့ကြေးကို မြန်မြန်ဆန်ဆန်ပေးနိုင်အောင် ဆောင်ရွက်ပေးဖို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။

“အလုပ်သမားတွေ တော်တော်ဒုက္ခရောက်ကြပါတယ်။ အပြင်လုပ်နေတဲ့ အလုပ်သမားတွေပေါ့နော်။ ကျမတို့က နိုင်ငံတော် အစိုးရအနေနဲ့လည်း ဒီလိုမျိုး ကျပ်ငွေ ၃၀,၀၀၀ စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်။ ဒါပေမဲ့ အလုပ်သမားလက်ထဲကို မြန်မြန်ဆန်ဆန်ရောက်ရှိဖို့ရယ်၊ နောက်ပြီးတော့ သွားလျှောက်တဲ့ အခါ လက်မခံသေးတဲ့ မြို့နယ်တွေ ရှိသေးတယ်။ ဆိုတော့ အဲ့ဒါတွေကိုလည်း မြန်မြန်ဆန်ဆန် လက်ခံနိုင်အောင်အတွက်ကို စီစဉ်ဆောင်ရွက်ပေးဖို့ အစိုးရကို ဒီနေရာကနေပြီးတော့ တောင်းဆိုချင်ပါတယ်။”

အစိုးရကတော့ ကပ်ရောဂါကာလမှာ လူမှုဖူလုံရေးခံစားခွင့် မရှိတဲ့ အလုပ်သမားတွေ စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် ကျပ်ငွေဘီလီယံ ၂၀ ကျော်သုံးစွဲပြီး အကူအညီပေးဖို့ ပြင်ဆင်ထားကြောင်း ပြောဆိုထားပါတယ်။ အခက်အခဲဖြစ်နေသူတွေအတွက် လိုအပ်ရင် အကူအညီပေးနိုင်အောင် အချက်အလက်တွေ စုဆောင်းမှာ ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။


အိမ့်သန္တာထွန်း/VOA (Burmese)

https://burmese.voanews.com/a/covid-myanmar-worker-assistance/5638646.html

ကိုဗစ်ကာလ အလုပ်သမားထောက်ပံ့ကြေးနှောင့်နှေး ကိုဗစ်ကာလ အလုပ်သမားထောက်ပံ့ကြေးနှောင့်နှေး Reviewed by THITHTOOLWIN on 21:23 Rating: 5

No comments:

Powered by Blogger.