အသေးစားငွေချေးလုပ်ငန်းတွေ ကပ်ဘေးမှာ အခက်တွေ့


အသေးစားချေးငွေလုပ်ငန်းတွေကနေ ငွေချေးယူသူအများစု ကိုဗစ်ကာလမှာ ပြန်ဆပ်နိုင်ဖို့ အခက်ခဲတွေ ဖြစ်နေပါတယ်။ ပြန်ဆပ်နိုင်ဖို့အတွက် အချိန်ကာလကို ဒီဇင်ဘာလောက်အထိ ရွှေ့ဆိုင်းပေးစေချင်တယ်လို့လည်း ပြောကြပါတယ်။

မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်အတော်များများမှာ အသေးစားချေးငွေလုပ်ငန်းကနေ ငွေချေးယူထားသူအများစုဟာ အခုချိန်မှာ စီးပွားရေးအခက်ခဲဖြစ်တာ၊ အရောင်းအဝယ်ကျဆင်းတာ၊ အလုပ်အဆင်မပြေတာတွေကြောင့် ချေးငွေတွေ ပြန်ဆပ်ဖို့ အခက်ခဲရှိနေကြပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့မှာနေထိုင်တဲ့ ကုန်စိမ်းရောင်းသူ ဒေါ်မြင့်မြင့်ဌေးက နေ့တိုး အကြွေးဆပ်ဖို့ အသေးစားချေးငွေကနေ ထပ်ချေးလိုက်တာကနေ  အခုချိန်မှာ ဈေးရောင်းမကောင်းတာကြောင့် အဲဒီကိုအကြွေးထပ်မဆပ်နိုင်လို့ စိတ်ပူနေရသူတစ်ယောက်ပါ။

အသေးစားချေးငွေမှာ ငွေချေးတဲ့အခါမှာ အပေါင်ပစ္စည်း ပေးစရာမလိုတာ၊ အမျိုးသမီးတွေကို ဦးစားပေး ချေးတာတွေ တွေ့ရပါတယ်။ ငွေချေးဖို့ဆိုရင် အချင်းချင်း အပြန်အလှန် အာမခံနိုင်တဲ့သူ သုံးယောက်ကနေ ငါးယောက်အထိ ဖွဲ့ရပါတယ်။ ပထမဆုံးအကြိမ်ချေးတဲ့သူကို တစ်သိန်းကနေ သုံးသိန်းအထိ ချေးပေးပြီး၊ ပုံမှန်ချေးယူသူဖြစ်သွားရင်တော့ ၁၀ သိန်းအထိ ထုတ်ပေးပါတယ်။ လစဉ်၊ အပတ်စဉ်၊ ဒါမှမဟုတ် နှစ်ပတ်တစ်ခါ သတ်မှတ်ပြီး ခြောက်လကနေ တစ်နှစ်သက်တမ်းအတွင်း ဆပ်ရတာပါ။

ချေးငွေမဆပ်နိုင်လို့ ရဲစခန်းရောက်ကြရတာတွေလည်းရှိတယ်လို့ ငွေချေးသူ ပျဉ်းမနားမြို့ မင်္ဂလာ ရပ်ကွက်က ဒေါ်ဇင်လင်းအေးက ပြောပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်တော်တော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေ တစ်နေ့ထက်တစ်နေ့ ပိုများလာကြောင့် တချို့နေရာတွေဆို အသွားလာ ကန့်သတ်ခံထားရပါတယ်။ ဒါ့ကြောင့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေအတွက် စားဝတ်နေရေး အခက်ခဲအပြင် ဒီလိုချေးငွေတွေ ဆပ်ဖို့ကပါ ဝန်ထုတ်ဝန်ပိုး ဖြစ်လာပါတော့တယ်။

မပေးနိုင်ရင် ဖမ်းခိုင်းမယ်ပြောပြီး ဇွတ်အတင်း အတောင်းခံရတယ်လို့ ပြောလာသူကတော့ မန္တလေးတိုင်း မြင်းခြံမြို့က ဒေါ်ညိုပါ။

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်မှာလည်း ဒီနှစ် မိုးရွာတာနည်းတာကြောင့် နှမ်းခင်းတွေ ထိခိုက် ပျက်စီးတာတွေ ရှိခဲ့ကြပါတယ်။ အဲဒါကြောင့် အခုလိုအခြေအနေမှာ ချေးငွေတွေ မဆပ်နိုင်တဲ့အပြင် အဲဒီငွေဆပ်ဖို့အတွက် တခြားမှာ အတိုးနဲ့ချေးတော့လည်း ချေးပေးမယ့်သူတွေမရှိဘူးလို့ နှမ်းစိုက် တောင်သူ ဦးညိုက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်က တောင်သူတွေကြားမှာလည်း အသေးစားချေးငွေ ပြန်မဆပ်နိုင်လို့ အတင်းအကြပ်တောင်းခံနေရတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

တချို့တောင်သူတွေဆိုရင် အဲဒီငွေကိုဆပ်ဖို့ ပေါင်နှံ၊ ရောင်းချပြီး ဆပ်နေကြရတယ်လို့ မြို့နယ် တောင်သူ လယ်သမား သမဂ္ဂက ဦးအောင်မိုးဝင်းက ပြောပါတယ်။

အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ဧပြီလ ထုတ်ပြန်ချက်အရ နေပြည်တော်နဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ လုပ်ကိုင်နေတဲ့ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းပေါင်း ၁၉၃ ဖွဲ့ရှိပြီး ငွေချေးယူတဲ့ အသင်းသားဦးရေ ၄ ဒသမ ၆ သန်းရှိပါတယ်။

အဲဒီကော်မတီက ဧပြီနဲ့ ဇွန် ၁၄ မှာ အသေးစားချေးငွေလုပ်ငန်းတွေနဲ့ ငွေပြန်ကောက်ယူနေတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့အထဲမှာ လူစုလူဝေးနဲ့ ချေးငွေထုတ်ပေးတာ၊ ချေးကွေကောက်တာ၊ အသင်းဝင်လက်ခံတာတွေ မလုပ်ဖို့၊ ကိုဗစ်ရောဂါဖြစ်တာရဲ့ အကျိုးဆက်ကြောင့် အသင်းဝင်တွေရဲ့ အသက်မွေးလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်း လည်ပတ်တာတွေ ကျဆင်းနိုင်တဲ့ ကာလအတွင်း ချေးငွေနဲ့ အတိုး တွေကို အတင်းအကျပ် ကောက်ခံတာ မလုပ်ဘဲ ညှိနှိုင်းကောက်ခံဖို့ ထုတ်ပြန်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အသေးစားငွေရေးကြေးရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီကလည်း အတင်းအကျပ်မဟုတ်ဘဲ ညှိနှိုင်းကောက်ခံဖို့ စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်ထားတာရှိပါတယ်။

ဒါပေမဲ့ အောက်ခြေမှာက လိုက်နာတာတွေ အားနည်းတယ်လို့ ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောပါတယ်။

အသေးစားငွေချေးလုပ်ငန်းတွေကလည်း ချေးငွေပြန်ဆပ်တဲ့ငွေနဲ့ ပြန်လည်ပတ်ရတာပါ။

အခုလိုချေးငွေတွေ ပြန်မရတဲ့အတွက် အသေးစားချေးငွေကုမ္ပဏီတွေမှာလည်း ထိခိုက်တာတွေရှိနေပါတယ်။ ငွေချေးပေးသူနဲ့ ချေးယူသူအကြား ယုံကြည်မှုနဲ့ လုပ်ကိုင်ရတဲ့အလုပ်ဖြစ်ပြီး ရေရှည်လုပ်ငန်းဖြစ်တာကြောင့် အတတ်နိုင်ဆုံး ညှိနှိုင်းတာတွေလည်းလုပ်နေကြတဲ့ ကုမ္ပဏီတွေလည်း ရှိကြပါတယ်။

နှစ်ဘက်စလုံး ထိခိုက်ရသူတွေဖြစ်ပေမဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ ကျွမ်းကျင်မှုလိုအပ်တာကြောင့် အမြဲတမ်း သတိပေးနေတယ်လို့ မြန်မာ့အသေးစားငွေရေးကြေးရေးအသင်း အတွင်းရေးမှူး ဒေါ်ဖြူ ယမင်းမြတ်က ပြောပါတယ်။

ဩဂုတ် ၂၇ မှာကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၇ ကြိမ်မြောက် အစည်းအဝေးမှာ အသေးစား ချေးငွေလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ချေးငွေတွေ ပြန်ဆပ်ရမယ့်ကာလကို ညှိနိုင်းပေးဖို့ ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ ဇွန် ၃၀ ရက်အထိ စာရင်းအရ အဖွဲ့ပေါင်း ၁၉၃ ဖွဲ့ကနေ ထုတ်ချေးထားတဲ့ငွေ ဘီလီယံ ၂၂၀၀ ရှိတဲ့အထဲမှာ ပြန်ဆပ်ဖို့ အချိန်စေ့နေတဲ့ ငွေပေါင်း ဘီလီယံ ၇၀၀ ရှိပါတယ်။ ပြန်ကောက်လို့ ရတဲ့ငွေက ၁၅၀ ဘီလီယံ လောက်သာရှိပြီး ကျန်တဲ့ ၅၅၀ ဘီလီယံကိုတော့ ရွှေ့ဆိုင်းဆောင်ရွက်ပေးထားတာ ဖြစ်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

ချေးငွေကို ကာလရွှေ့ဆိုင်းတာနဲ့ အတိုးနှုန်းလျှော့တာတွေကြောင့် အသေးစားငွေကြေးအဖွဲ့တွေမှာ လုပ်ငန်း လည်ပတ်ဖို့ ငွေအခက်ခဲနဲ့ ကြုံရတယ်လို့ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

အခုအချိန်ဟာ အခက်ခဲရင်ဆိုင်နေရတဲ့သူတွေချည်း ဖြစ်နေတာကြောင့် ချေးငွေတွေပြန်ဆပ်ဖို့အတွက် ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းပေးဖို့ အစိုးရနဲ့ သက်ဆိုင်ရာဌာနတွေက တိတိကျကျ ထုတ်ပြန်ပေးစေချင်တယ်လို့ ချေးငွေမဆပ်နိုင်သူတွေက ပြောကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/program_2/difficulty-of-microfinance-during-covid-10102020060558.html

အသေးစားငွေချေးလုပ်ငန်းတွေ ကပ်ဘေးမှာ အခက်တွေ့  အသေးစားငွေချေးလုပ်ငန်းတွေ ကပ်ဘေးမှာ အခက်တွေ့ Reviewed by THITHTOOLWIN on 22:25 Rating: 5

No comments:

Powered by Blogger.