ရခိုင်နဲ့ ရှမ်း (၁၅) မြို့နယ်မှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲဖျက်သိမ်း

၂ဝ၁၅ ရွေးကောက်ပွဲတွင် မဲရလဒ်ရေတွက်စဉ်။

Photo: AFP

ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ် အပါအဝင် တိုင်းနဲ့ပြည်နယ်‌ ခြောက်ခုက နေရာအတော်များများမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ‌ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေကတော့... ရခိုင်ပြည်နယ်မှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦး စတဲ့ မြို့နယ် ၉ မြို့နယ်လုံးနဲ့ ကျောက်ဖြူမြို့နယ်က ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၅၂ ခု၊ အမ်းမြို့နယ်က ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၂၉ ခု၊ စစ်တွေမြို့နယ်က ကျေးရွာအုပ်စု ၄ ခု၊ တောင်ကုတ်မြို့နယ်က ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၅၂ ခု ဖြစ်ပါတယ်။

အခုရွေးကောက်ပွဲ မကျင်းပတဲ့နယ်မြေတွေဟာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်တုန်းက ရခိုင်အမျိုးသားပါတီ ANP အနိုင်ရခဲ့တဲ့ နယ်မြေတွေဖြစ်သလို လက်ရှိမှာလဲ ANP ပါတီထောက်ခံမှုအားကောင်းတဲ့ နယ်မြေတွေ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အမ်းမြို့နယ်အမှတ်(၂)ကနေ ဝင်ပြိုင်မယ့် ANP ပါတီ ကိုယ်စားလှယ်လောင်း ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။

"ဒီမိုကရေစီ စနစ်သွားတဲ့နေရာမှာ ယုံကြည်မှုပိုကင်းသွားစေတဲ့ သဘောပဲ။ ဒီမိုကရေစီကိုသွားတယ် ဖက်ဒရယ်သွားတယ်ဆိုတဲ့ လမ်းကြောင်းက ပိုပြီး နစ်နာတာပေါ့။ မှေးမှိန်သွားတာပေါ့။ AA ဘက်က ရွေးကောက်ပွဲမလုပ်နဲ့လို့ ပြောထားတာလည်း မရှိဘူးလေ။ ဒါကို ရွေးကောက်ပွဲတခုလုံး မလုပ်ရလောက်အောင်အထိ မလုံခြုံတာတော့မတွေ့မိဘူး။ အခုမလုပ်တဲ့နေရာတွေက ကျနော်တို့ ရခိုင်အမျိုးသားပါတီ အားကောင်းတဲ့ အမာခံနေရာတွေ၊ ၂၀၁၅ တုန်းကလည်း ကျနော်တို့ ရခိုင်အမျိုးသားပါတီ အပြတ်အသတ်နိုင်ခဲ့တဲ့နေရာတွေပဲ"

ရှမ်းပြည်နယ်မှာ မိုင်းလား၊ ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်နဲ့ မိုင်းကိုင် စတဲ့မြို့နယ်၆ မြို့နယ်လုံးနဲ့ ကျောက်မဲမြို့နယ်က ကျေးရွာအုပ်စု ၁၂ ခု၊ နောင်ချိုမြို့နယ်က ကျေးရွာအုပ်စု ၁ ခု၊ မန်တုံမြို့နယ်က ကျေးရွာအုပ်စု ၂ ခု၊ မိုင်းခတ်မြို့နယ်က ကျေးရွာအုပ်စု ၄ ခု၊ မိုင်းယန်းမြို့နယ်က ရပ်ကွက် ၂ ခုနဲ့ ကျေးရွာအုပ်စု ၁၃ ခု၊ မိုင်းဖြတ်မြို့နယ်က ကျေးရွာအုပ်စု ၁ ခု၊ မိုင်းယောင်းမြို့နယ်က ကျေးရွာအုပ်စု ၈ ခု၊ ကွတ်ခိုင်မြို့နယ်က ကျေးရွာအုပ်စု ၄ ခု၊ မူဆယ်မြို့နယ်က ရပ်ကွက် ၁ ခုနဲ့ ကျေးရွာအုပ်စု ၉ ခု၊ မက်မန်းမြို့နယ်က ကျေးရွာအုပ်စု ၁၇ ခု၊ မိုင်းတုံမြို့နယ်က ကျေးရွာအုပ်စု ၃ ခု၊ တန့်ယန်းမြို့နယ်က ကျေးရွာအုပ်စု ၁၁ ခု၊ လားရှိုးမြို့နယ်က ကျေးရွာအုပ်စု ၆ ခု၊ ကွမ်းလုံမြို့နယ်က ကျေးရွာအုပ်စု ၁ ခု၊ ကုန်းကြမ်းမြို့နယ်က ကျေးရွာအုပ်စု ၁ ခု၊ ဟိုပန်မြို့နယ်က ရပ်ကွက် ၅ ခုနဲ့ ကျေးရွာအုပ်စု ၁၂ ခု ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်ကနေ ပြည်နယ်လွှတ်တော်အတွက် ဝင်ပြိုင်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းစိုင်းဆိုင်ဟန် ကတော့ ….

"ပြီးခဲ့တဲ့ အပတ်ထဲမှာ RCSS နဲ့ တပ်မတော်နဲ့ကြား နည်းနည်းပါးပါးတော့ ထိတွေ့မှုရှိခဲ့တယ်။ ဒါပေမဲ့ တောင်ပေါ်မှာပါ။ စည်းရုံးရေးဆင်းတဲ့ ဒေသတွေမှာတော့ တိုက်ပွဲမရှိပါဘူး။ ကျနော်တို့ပါတီတွေ အချင်းချင်းကြားထဲမှာလည်း ကျနော်သိသလောက် ဘာပြဿနာမှမရှိပါဘူး" လို့ပြောပါတယ်။

ဒါ့ပြင် ကချင်ပြည်နယ် မြို့နယ် ၁၁ မြို့နယ်က ကျေးရွာအုပ်စု ၁၉၂ ခု၊ ကရင်ပြည်နယ် မြို့နယ် ၆ မြို့နယ်က ကျေးရွာအုပ်စု ၅၃ ခု၊ ပဲခူးတိုင်း မြို့နယ်၂ မြို့နယ်က ကျေးရွာအုပ်စု ၄၂ ခုနဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ကျေးရွာအုပ်စု ၁ ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ‌ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်

မိုးမောက်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီက ဦးဘရန်အောင်ကတော့ ...

"ဒီဘက်မှာ ဘာမှသေနတ်သံလည်းမကြားရဘူး။ ဆူပူသံလည်းမရှိပါဘူး။ အားလုံးငြိမ်သက်နေတာပဲ။ အဖြူရောင်နယ်မြေပဲ အားလုံးလှုပ်ရှားသွားလာနေကြတာပဲ။ မကျင်းပနိုင်တာကတော့ ဆုံးရှုံးမှုတွေရှိတာပေါ့။ မကျင်းပဘူးဆိုတာကတော့ မနိုင်မှန်းသိလို့ လုပ်တယ်လို့ပဲ ယူဆပါတယ်"

အဲဒီနယ်မြေတွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့ အခြေအနေမရှိဘူးလို့ ‌ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ  ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာလိုက်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် ၉ မြို့နယ်ထဲက ပေါက်တောမြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိသလို၊ စစ်တွေမြို့နယ်က ကျေးရွာအုပ်စု လေးခုဟာလည်း  တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ ‌ဒေသတွေ ဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ မိုင်းမောနဲ့ ပန်ဝိုင်မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ “ဝ” လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ညှိနှိုင်းခဲ့ကြပေမယ့် ဒီမြို့နယ်လေးခုမှာ မဲပေးခွင့်ရှိသူ စာရင်းတွေတောင် မကောက်ယူနိုင်ခဲ့ပါဘူး။

အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မှာ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) ထိန်းချုပ်ထားတဲ့ မိုင်းလားမြို့နယ်မှာလည်း ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တာပါ။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာတော့ ရွေးကောက်ပွဲဝင်မယ့် တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) ကိုယ်စားလှယ်တွေကို ရွေး ကောက်ပွဲမဝင်ဖို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) က ဖိအားပေး တားမြစ်တာတွေ ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/election-canceled-in-shan-and-rakhine-10162020104644.html

ရခိုင်နဲ့ ရှမ်း (၁၅) မြို့နယ်မှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲဖျက်သိမ်း  ရခိုင်နဲ့ ရှမ်း (၁၅) မြို့နယ်မှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲဖျက်သိမ်း Reviewed by THITHTOOLWIN on 21:24 Rating: 5

No comments:

Powered by Blogger.