ဖမ်းဆီးခံထားရစဉ် စိတ်ဖောက်ပြန်သွားသည့်ဖခင်ဖြစ်သူအတွက် ဆေးကုသခွင့်ပေးရန် သမီးဖြစ်သူတောင်းဆို


နိရဥၥရာ၊ ေအာက္တိုဘာ ၁၇ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ စနဲကျေးရွာမှ ဖမ်းဆီးခံထားရသူ ၅ ဦးအထဲမှ ဦးမောင်သန်းတင်(၅၆)နှစ်မှာ စိတ်ဖောက်ပြန်သွားသဖြင့် ဆေးကုသခွင့်ရရှိလိုသည်ဟု ၎င်း၏ သမီးဖြစ်သူ ဒေါ်ဦးယဉ်သန်းက ပြောသည်။

“ အဖေကစိတ်လုံးဝပုံမှန်မဟုတ်တော့ဘူးလို့သိရတယ်။ စိတ်ဖောက်ပြန်သွားတယ်။ ဖေဖေက အပြစ်မရှိတော့ ပြန်လွှတ်ပေးစေချင်ပါတယ်။ တပ်မတော်က အေအေနဲ့ဆက်စပ်တယ်လို့ပြောတာဟာ လုံးဝမဟုတ်ပါဘူး။ ကျွန်မအနေနဲ့ ကန့်ကွက်ပါတယ် ။ ဘာလို့လဲဆိုရင် အဖေဟာ နွားကျောင်းပြီး ကိုင်းခုတ်စားနေတဲ့ လူဟာ အေအေကို ထောက်ပံ့ကူညီတယ်ဆိုတာ လုံးဝ မဖြစ်နိုင်တာပါ” ဟု သူမက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ စနဲကျေးရွာမှ ရွာသား ၉ ဦးကို အောက်တိုဘာလ ၁ဝ ရက်နှင့် ၁၁ ရက်နေ့က တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၄ ဦးကို ပြန်လွှတ်ပေးခဲ့ကာ ဦးမောင်သန်းတင် အပါအဝင် ၅ ဦးကို ဆက်လက် ထိန်းသိမ်းထားသည်။

“ ကျွန်မအဖေဟာ တောင်ယာလုပ်တာပါ။ နွားကျောင်းနေတဲ့အချိန်က ဖမ်းသွားတာပါ။ ကျွန်မတို့ တဲမှာရှိတဲ့ ငွေလေးငါးသောင်းနဲ့အတူ အဖေ့ကို ပုဆိုးတွေနဲ့အုပ်ပြီး ကြိုးတုပ်၊ ရိုက်ပုတ်ပြီးခေါ်သွားတာပါ။ နောက်လူတွေ ကိုလည်း ကားပေါ်မှာ ရိုက်နှက်ပြီးခေါ်သွားတာပါ။ ဘုန်းကြီးကျောင်းကို ခေါ်သွားတယ်။ အခုအဖေက အမ်းမြို့မ ရဲစခန်းကို ရောက်နေတယ်။ မနေ့ညက အဖေတစ်ညလုံး အော်တယ်လို့ ရဲစခန်းကပြောပါတယ်။ စိတ်မနှံ့ တော့ဘူးလို့ပြောပါတယ်” ဟု သူမက ပြောဆိုသည်။

စစ်ကြောရေးဒဏ်ကြောင့် ယခုကဲ့သို့ ဖြစ်သွားပြီး နာမကျန်းဖြစ်နေသည်ဟုလည်း သိရသဖြင့် ဖခင်ဖြစ်သူ အတွက် ဆေးကုသခွင့်ရချင်ကြောင်း သမီးဖြစ်သူ ဒေါ်ဦးယဉ်သန်းက တောင်းဆိုသည်။

ဦးမောင်သန်းတင် စိတ်မနှံ့ဖြစ်နေသည်ဟု မိသားစုများ ပြောသဖြင့် အမ်းမြို့မရဲစခန်းသို့ နိရဥ္စရာမှ ဆက်သွယ်ရာ တာဝန်ကျရဲအရာရှိ တစ်ဦးက ၎င်းသူမှာ ရောက်ရှိလာသည့်နေ့ကတည်းက အော်ဟစ် နေကြောင်း၊ စိတ်မနှံ့ပုံ ပေါ်ကြောင်း ပြောကြားသည်။

“ရောက်တဲ့နေ့တည်းက အော်နေတာသူက။ စိတ်လည်း မနှံ့ဘူးထင်တယ်။ ဆရာတို့ဆီပို့လာတည်းက အဲလိုဖြစ်နေတာ။ တပ်ကလာပို့တဲ့ လူတွေကိုမေးတော့ အဲဒီမှာလည်း အဲလိုဖြစ်နေတယ်လို့ ဆိုတယ်။ စိတ်မနှံ့ဘူးထင်တယ်” ဟုပြောသည်။

အမ်းမြို့နယ် စနဲကျေးရွာမှ ဦးမောင်သန်းတင်နှင့် အတူ ဦးညီပု၊ မောင်သန်းမြင့်၊ မင်းစိုးနိုင်၊ ညီစိုးလွင် ၊ ကိုဇော်လတ်၊ ငပျောကြီး၊ ဦးမောင်ကဲနှင့် ဦးမောင်သန်းရွှေတို့ကို တပ်မတော်စစ်ကြောင်းတစ်ခုက အောက်တိုဘာလ ၁ဝ၊ ၁၁ ရက်နေ့များက ရွာသို့ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့အထဲမှ  ကိုဇော်လတ်၊ ငပျောကြီး၊ ဦးမောင်ကဲနှင့် ဦးမောင်သန်းရွှေတို့ကို တပ်မတော်မှ ပြန်လွှတ် ပေးခဲ့ပြီး ဦးအောင်သန်းတင်အပါအဝင် ၅ ဦးကို ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု ဖမ်းဆီးခံထားရသူများ၏ မိသားစုများကို ကိုးကားပြီး အမ်းမြို့နယ်မှ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူ ကိုမျိုးလွင်ကပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အဆိုပါ အဖမ်းအဆီးနှင့် ပတ်သက်ပြီး အောက်တိုဘာ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ရာတွင် မင်းစိုးနိုင်(ဘ) ဦးအောင်ကျော်သန်း ၂၂ နှစ်၊ ဦးညီပု(ဘ)ဦးမှဲ့နီ ၄၅ နှစ်၊ ဦးသန်းတင်(ဘ) ဦးအောင်ကျော်စိန် ၅၆ နှစ်နှင့် မောင်သန်းမြင့်(ဘ) ဦးဘဖြူ ၂၈ နှစ် တို့ ၄ ဦးကို AA အား သတင်းပေးခြင်း၊ ဆက်ကြေးရိက္ခာ စုဆောင်ပေးခြင်းများဆောင်ရွက်လျက်ရှိသဖြင့် သက်သေခံ အထောက်အထားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်လက် ဖမ်းဆီးခံထားရသူ (၅) ဦးအထဲမှ ဦးညီပု၊ ဦးသန်းတင်နှင့် မောင်သန်းမြင့်တို့ကို ယမန်နေ့က အမ်းမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး မင်းစိုးနိုင်နှင့်ညီစိုးလွင်တို့ နှစ်ဦးမှာမူ တရာရုံးထုတ်ရာတွင် ပါမလာခဲ့ဟု ကိုမျိုးလွင်က ပြောကြားသည်။


အိမ်စိုးဖြူ

Narinjara

https://www.facebook.com/narinjara.info

ဖမ်းဆီးခံထားရစဉ် စိတ်ဖောက်ပြန်သွားသည့်ဖခင်ဖြစ်သူအတွက် ဆေးကုသခွင့်ပေးရန် သမီးဖြစ်သူတောင်းဆို ဖမ်းဆီးခံထားရစဉ် စိတ်ဖောက်ပြန်သွားသည့်ဖခင်ဖြစ်သူအတွက် ဆေးကုသခွင့်ပေးရန် သမီးဖြစ်သူတောင်းဆို Reviewed by THITHTOOLWIN on 21:21 Rating: 5

No comments:

Powered by Blogger.