အမေရိကန်ရွေးကောက်ပွဲ-သမ္မတသစ်က အိန္ဒိယအတွက် ဘာတွေ လုပ်ပေးနိုင်သလဲ

Indian PM Narendra Modi must navigate a difficult US-China relationship

အိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ အမေရိကန်နိုင်ငံသား ခံယူပွဲ အခမ်းအနား တက်ရောက်လာသူ ၅ ဦးထဲမှာ အများ မျက်စိကျစရာတစ်ဦး ပါပါတယ်။ သူကတော့ ပန်းရောင်တောက်တောက် ဆာရီ ဝတ်ထားသူ အိန္ဒိယ အမျိုးသမီး ဆော့ဖ်ဝဲ အင်ဂျင်နီယာ ဆူဒါ ဆန်ဒါရီ နာရာယာနန် ပါ။ အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ရလက်မှတ်ကို ဝင့်ဝင့်ကြွားကြွား ပိုက်ရင်း အပြုံးပန်းတွေဝေနေတာ တွေ့ရပါတယ်။

သြဂုတ်လ ၂၅ ရက်က ရီပတ်ဘလီကန်ပါတီ ညီလာခံ ကျင်းပနေစဉ် ထုတ်လွှင့်ပြသခဲ့တဲ့ ဒီအခမ်းအနားဟာ ပါတီအကျိုးအတွက် စတန့်ထွင် ပြခဲ့တာ ဆိုပြီး အမေရိကန်နိုင်ငံတွင်းမှာ အတော်များများက ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမဲ့ အိန္ဒိယလူမျိုးတစ်ဦးကို အမေရိကန်နိုင်ငံသားအဖြစ် အမေရိကန် သမ္မတကိုယ်တိုင် လက်ခံကြိုဆို အသိအမှတ်ပြုခဲ့တဲ့ ဒီလို ရှားရှားပါးပါး ဖြစ်စဉ်ကို အိန္ဒိယနိုင်ငံက မီဒီယာတွေမှာတော့ ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြခဲ့ကြပါတယ်။

အမေရိကန် လူဝင်မှုကြီးကြပ်ရေး မူဝါဒဟာ အိန္ဒိယနိုင်ငံအတွက်ရော အိန္ဒိယလူမျိုးတွေအတွက်ပါ သိပ်ကို အရေးပါပါတယ်။

အိန္ဒိယနိုင်ငံဟာ အမေရိကန်နိုင်ငံအတွက် နည်းပညာရှင်တွေ ဂုဏ်ယူစွာ မွေးထုတ်ပေးနေတဲ့ အစဉ်အလာ ရှိထားပါတယ်။ အိန္ဒိယ နည်းပညာရှင်တွေဟာ H1B ပြည်ဝင်ခွင့်ဗီဇာနဲ့ အမေရိကန်နိုင်ငံကို ရောက်လာကြပြီး နောက်ပိုင်းမှာ နိုင်ငံသား ခံယူလေ့ ရှိကြပါတယ်။

အိန္ဒိယ အမျိုးသမီး ဆော့ဖ်ဝဲ အင်ဂျင်နီယာ ဆူဒါ ဆန်ဒါရီ နာရာယာနန်ကို အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ရ လက်မှတ်ကို သမ္မတကိုယ်တိုင်ပေး

အခုလို သမ္မတကိုယ်တိုင် လူထုရှေ့မှောက် လက်ခံကြိုဆိုပြတာဟာ အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသားတွေအတွက် အရမ်းကို ကျေနပ်စရာ ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် ဒီအခမ်းအနားဟာ အစဉ်အလာအရ ဒီမိုကရက်တွေကို ပိုထောက်ခံအားပေးလေ့ ရှိတဲ့ ပြည်ပက လာအခြေချတဲ့သူတို့တွေအပေါ် ရီပတ်ဘလီကန်တွေရဲ့ ပဏာမ လက်ကမ်းကြိုဆိုလိုက်မှုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အိန္ဒိယ-အမေရိကန် နှစ်နိုင်ငံအကြား မဟာဗျူဟာ ဆက်ဆံရေးတွေ ပိုနက်နက်နဲနဲ တိုးတက် ကောင်းမွန်လာနေချိန်မှာ သမ္မတရဲ့ ဒီအမူအရာ လက္ခဏာကြောင့် နွေးထွေးမှုတွေ ဖြစ်ထွန်းလာစေမှာကတော့ သေချာပါတယ်။

အိန္ဒိယလူမျိုး အမေရိကန်နိုင်ငံသားတွေက အမေရိကန် သမ္မတရွေးတဲ့အခါ မဲပေး ရွေးကောက်တင်မြှောက်နိုင်ကြမှာပါ။ ဒီတော့ ထရမ့်ပဲ တက်တက်၊ ဘိုင်ဒန်ပဲ တက်တက်၊ သူတို့က အိန္ဒိယအတွက် ဘာတွေ လုပ်ပေးနိုင်မှာပါလဲ။

အိန္ဒိယနဲ့ တရုတ်တို့ ကာလရှည် နယ်မြေအငြင်းပွားနေတဲ့ ဟိမဝန္တာတောင်တန်းက လာဒါ့ခ်ဒေသ

အမေရိကန်ဘက်က အိန္ဒိယကို ဘယ်နေရာမှာ အကူအညီပေးနိုင်မလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောထားပြီး ဖြစ်ပါတယ်။ အိန္ဒိယဟာ နိုင်ငံမြောက်ပိုင်း ဟိမဝန္တာတောင်မှာ ရှိတဲ့ လက်ဒါ့ခ်ဒေသကို သူပိုင်ကိုယ်ပိုင် တရုတ်နဲ့ အငြင်းပွားနေတာပါ။

အိန္ဒိယနဲ့ တရုတ်တို့ဟာ ဧပြီ၊ မေလလောက်ကစလို့ အဲဒီနေရာမှာ စစ်သား ၅ သောင်းလောက်စီ တပ်ချထားပြီး တချို့နေရာတွေမှာဆိုရင် တပ်နှစ်တပ်အကြား တစ်ဘက်နဲ့တစ်ဘက် မီတာ ၂၀၀ တောင် မကွာကြပါဘူး။

ဒီလိုအနေအထားမျိုးမှာ မရည်ရွယ်ဘဲ စည်းမျဉ်းလိုက်နာဖို့ ပျက်ကွက်မှု အသေးအမွှားလေးတစ်ခုခုကနေ ကြီးမားတဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာမှာကို လုံခြုံရေးကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

နျူကလီးယားပိုင် အိမ်နီးချင်း နှစ်နိုင်ငံ တပ်ဖွဲ့တွေ လာဒါ့ခ်ဒေသမှာ ဇွန်လတုန်းက ကြိုကြားကြိုကြား တိုက်ပွဲငယ်လေးတွေကနေ ရှေ့မတိုးနောက်မဆုတ်သာ ကာလတာရှည် တင်းမာမှုကြီး ဖြစ်လာခဲ့ရပါတယ်။

ဒီပဋိပက္ခမှာ ဝင်ကူပေးပါ့မယ်လို့ အိန္ဒိယကို အမေရိကန်က အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပါတယ်။

"အိန္ဒိယအနေနဲ့ ဒီပဋိပက္ခမှာ အမေရိကန်ကို သူတို့ရဲ့ မိတ်ဆွေ မိတ်ဖက်နိုင်ငံအဖြစ် ဝင်ပါခိုင်းဖို့ လိုပါတယ်"လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယို က အခုလအစောပိုင်းမှာ ပြောခဲ့ပါတယ်။

တရုတ်တွေ သိမ်းယူထားတယ် ဆိုတဲ့ နေရာတွေကနေ တရုတ်တပ်ဖွဲ့ဝင်တွေကို မောင်းထုတ်ရေးမှာ တရုတ်အစိုးရကို ဖိအားပေးနိုင်ဖို့အတွက် အိန္ဒိယအနေနဲ့ သူ့ဘေးမှာ အမေရိကန်ကို ခေါ်ထားဖို့ လိုတယ် ဆိုတာကို အိန္ဒိယ သံတမန်တချို့က လက်ခံထားပါတယ်။ ဒါ့အပြင် တခြားဒေသတွင်း မိတ်ဖက်နိုင်ငံတွေကိုလည်း သူ့ဘက်မှာ ခေါ်ထားဖို့ အိန္ဒိယက စဉ်းစားနိုင်ဘွယ် ရှိပါတယ်။

ာ့ဒ်(Quad) လို့အမည်ပေးထားတဲ့ လေးနိုင်ငံအဖွဲ့ ဝင် အိန္ဒိယနဲ့ အမေရိကန်တို့ဟာ ဂျပန်၊ သြစတြေးလျ

အိန္ဒိယနဲ့ အမေရိကန်တို့ဟာ ဂျပန်၊ သြစတြေးလျတို့နဲ့ ကာ့ဒ်(Quad) လို့အမည်ပေးထားတဲ့ လေးနိုင်ငံအဖွဲ့ တစ်ခု ဖွဲ့ထားပြီး ဒီကိစ္စဆွေးနွေးဖို့ အောက်တိုဘာလ အစောပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

ကနဦးပိုင်းမှာတော့ တရုတ်ရဲ့ အခိုင်အမာ ခြေကုပ် တိုးလုပ်လာမှုကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ဆွေးနွေးဖို့ပါ။ ဒါပေမဲ့ အမေရိကန်က ဒီအဖွဲ့ကို နေတိုး မဟာမိတ်အဖွဲ့လို အလားတူ အဖွဲ့မျိုးဖြစ်အောင် ဖွဲ့ကြဖို့ အကြံပြုခဲ့တယ်လို့ ယူဆရပါတယ်။

ပိုနက်ရှိုင်းလာနေတဲ့ ဆက်ဆံရေး

ဒီလို အကြံမျိုးဟာ အခု နှစ်ဆယ်လောက်အတွင်း ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိလာတဲ့ အိန္ဒိယနဲ့ အမေရိကန်အတွက် အံဝင်ခွင်ကျ ဖြစ်မှာ သေချာပါတယ်။

ရှေးရိုး အစဉ်အလာအရတော့ အိန္ဒိယဟာ ဘက်မလိုက်တဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေဖို့ ပိုလိုလားခဲ့ပါတယ်။ စစ်အေးကာလအတွင်းနဲ့ အာဖဂန်နစ္စတန်ကို ဆိုဗီယက်ပြည်ထောင်စု ဝင်ရောက်ကျူးကျော်ခဲ့စဉ် တလျှောက်လုံးမှာ အိန္ဒိယက ဒီမူဝါဒကို ကိုင်စွဲခဲ့တာပါ။ ဒါပေမဲ့ အခု ၂၁ ရာစု ပထဝီနိုင်ငံရေးအရ အိန္ဒိယအစိုးရအနေနဲ့ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ အမြင်ကို ပြောင်းလဲ ပုံဖော်လိုက်ပါပြီ။

၂၀၀၀ ခုနှစ်တုန်းက သမ္မတ ကလင်တန်ဟာ အိန္ဒိယနိုင်ငံကို သမိုင်းဝင် ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၂၅ နှစ်အတွင်း အမေရိကန်သမ္မတတစ်ဦးရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်ပြီး အိန္ဒိယကို အမေရိကန်ရဲ့ မိတ်ဖက်နိုင်ငံ ဖြစ်လာအောင် စည်းရုံး သိမ်းသွင်းခဲ့ပါတယ်။ သူ့ရဲ့ ၆ ရက်ကြာ ခရီးစဉ်ကို အိန္ဒိယ-အမေရိကန် ဆက်ဆံရေးရဲ့ အချိုးအကွေ့ တစ်ခုအဖြစ် ရှုမြင်ခဲ့ကြပါတယ်။ အဲဒီမတိုင်ခင်ကတော့ သူတို့နှစ်နိုင်ငံကို စိမ်းကားနေတဲ့ ဒီမိုကရေစီနိုင်ငံတွေ အဖြစ် သတ်မှတ်ထားခဲ့တာပါ။

၂၀၀၀ ခုနှစ်မှာ သမ္မတ ဘီလ်ကလင်တန် အိန္ဒိယ လာရောက်စဥ် အိန္ဒိယ သမ္မတ ကီရှာ ရာမန် နာရာယန်းနဲ့တွေ့ဆုံ

သမ္မတဂျော့ဂျ် ဘွတ်ရှ်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နျူကလီးယား သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်နိုင်ခဲ့တာဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို မဟာဗျူဟာအရပါ နက်နက်ရှိုင်းရှိုင်း တိုးမြှင့်ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ သမ္မတ အိုဘားမား ကလည်း အိန္ဒိယကို နှစ်ကြိမ် သွားခဲ့ပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာတော့ သမ္မတထရမ့်ဟာ ဂူဂျာရတ်ပြည်နယ်က လူတွေ ပြည့်သိပ်နေတဲ့ အားကစားရုံကြီးတစ်ခုက လူထုစည်းဝေးပွဲကြီးတစ်ခုကို တက်ရောက်ခဲ့ပါတယ်။

သူ့အတွက်အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီက ဂုဏ်ပြု စီစဉ်ပေးခဲ့တဲ့ အဲဒီပွဲမှာ သမ္မတ ထရမ့်က "နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ အခုလောက် ကောင်းတာမျိုး မရှိခဲ့ဖူးဘူး"လို့ ထုတ်ဖော်ကြေညာသွားခဲ့ပါတယ်။

တွန့်ဆုတ်နေမှု

အိန္ဒိယဘက်က တွန့်ဆုတ်နေခဲ့တာဟာ အကြောင်းရင်း အတော်များများ ရှိနိုင်ပါတယ်။

လန်ဒန်မြို့ Westminster တက္ကသိုလ်က နိုင်ငံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ပါမောက္ခ ဒေါက်တာ နီတာရှာ ကောလ် ကတော့ အမေရိကန် ပေးတဲ့ ကတိကဝတ်ကို သိပ်မယုံပါဘူး။

"အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒက ဦးတည်ရာလမ်းကြောင်း ပြောင်းနေပြီး ကမ္ဘာတဝန်းမှာ အမေရိကန်ရဲ့အကောင်အထည်ဖော် လုပ်ဆောင်မှုတွေကို ထရမ့်က လျှော့ချနေချိန်မျိုးမှာ ထရမ့်အစိုးရရဲ့ နှုတ်ကတိက သိပ်ကြီး ယုံလောက်စရာမရှိပါဘူး" လို့ သူက ဘီဘီစီကို ပြောပါတယ်။

"အိန္ဒိယနဲ့ တရုတ် ပြဿနာမှာ အမေရိကန်က ကြားဝင် ညှိနှိုင်းပေးဖို့ ကမ်းလှမ်းချက်ကို တရုတ်က ပြတ်ပြတ်သားသား ပယ်ချထားသလို အိန္ဒိယကလည်း သိပ်စိတ်မပါ ဖြစ်နေတာကြောင့် အောင်မြင်မယ့်ပုံတော့ မရှိပါဘူး"

ဒီလိုကူဖို့ ကမ်းလှမ်းချက်က တကယ့် စိတ်ရင်းစေတနာ အစစ်အမှန် ဖြစ်တယ်ဆိုရင်တောင် လာဒါ့ခ်ဒေသ ပြဿနာကို အမေရိကန်က ဘယ်လို ကူညီဖြေရှင်းပေးနိုင်မလဲဆိုတာ အတိအကျ ပြောဖို့ ခက်တယ်လို့ဒေါက်တာ ကောလ် က ပြောပါတယ်။

"အမေရိကန်ဟာ စစ်ထောက်လှမ်းရေး (ဒါကလည်း အကန့်အသတ်နဲ့သာ လုပ်နိုင်မှာပါ)၊ ဟာ့ဒ်ဝဲ၊ လေ့ကျင့် သင်တန်း စတဲ့ နယ်ပယ်လိုမျိုးတွေမှာသာ အများဆုံး ပါဝင် ဆောင်ရွက်နိုင်မှာပါ။ တချိန်တည်းမှာပဲ တင်းမာမှုတွေ တိုးမလာအောင် ရှောင်ရှားဖို့ တရုတ်ကို အမေရိကန်က သတင်းစကား ပါးနေပါတယ်"လို့ သူက ပြောပါတယ်။

တကယ်လို့ အမေရိကန်ရဲ့ ကမ်းလှမ်းမှုက အစစ်အမှန်၊ လောက်လောက်လားလား ဖြစ်မယ်ဆိုရင်တောင် အမေရိကန်အစိုးရနဲ့ အိန္ဒိယပြည်သူလူထုအကြားမှာ ဆက်ဆံရေးပြဿနာတစ်ခု ရှိနေပါတယ်။

ပါကစ္စတန်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့ အမေရိကန်ကို ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေနိုင်ငံအဖြစ် သတ်မှတ်ဖို့ အိန္ဒိယ လူမှုအသိုင်းအဝိုင်းတွင်းက အလွှာအတော်များများအတွက် အတော်လေး ခက်ပါလိမ့်မယ်။

ဆွီဒင်နိုင်ငံ Uppsala တက္ကသိုလ်က ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခရေးရာ ပါမောက္ခ အာရှော့ခ် ဆွိန်းကလည်း အမေရိကန်ကို မယုံဖို့ အိန္ဒိယကို သတိပေးနေပြီး အမေရိကန်ဟာ ဘယ်တုန်းကမှ နိုင်ငံတစ်ခုခုရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေနိုင်ငံ မဖြစ်ခဲ့ဖူးကြောင်းနဲ့ ဒါဟာ ထရမ့်အစိုးရလက်ထက်မှာ ပို သိသာထင်ရှားလာကြောင်း ပြောပါတယ်။ တရုတ်လို အင်အားကြီးနိုင်ငံမျိုးနဲ့ ဆက်ဆံဖြေရှင်းရတဲ့အခါမျိုးမှာ အိန္ဒိယနိုင်ငံအပေါ် အမေရိကန်ရဲ့ ကမ်းလှမ်းမှုမျိုးက ပိုလို့တောင် အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပါတီနှစ်ခုရဲ့ ထောက်ခံအားပေးမှု

ဒေါ်နယ်ထရမ့်နဲ့ နာရန်ဒရာမိုဒီ

ဝန်ကြီးချုပ် မိုဒီနဲ့ သမ္မတ ထရမ့်တို့ဟာ ပြယုဂ်လက္ခဏာအရရော၊ ပုဂ္ဂိုလ်ရေးအရပါ ဆက်ဆံရေးမှာ ရင်းနှီးကျွမ်းဝင်ကြပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုခိုင်မာဖို့ တကယ်တမ်းမှာ ဘယ်လောက် ဆောင်ရွက်နိုင်ခဲ့သလဲ ဆိုတာကို သံတမန်တွေက မေးခွန်း ထုတ်နေကြပါတယ်။

"သမ္မတ ထရမ့်အစိုးရလက်အောက်မှာ တိုးတက်ဖြစ်ထွန်းမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ဝန်ကြီးချုပ် မိုဒီနဲ့ သမ္မတ ထရမ့်အကြား ပုဂ္ဂိုလ်ရေးအရ အတော်လေး ရင်းနှီးချစ်ခင်ကြပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုကတော့ နှေးနေပါတယ်။ ကျွန်တော်တို့က ဒါ့ထက် ပိုမြန်စေချင်ပါတယ်"လို့ အိန္ဒိယ သံတမန်ဟောင်း နီလမ် ဒီယို က ဘီဘီစီကို ပြောပါတယ်။

ခုချိန်ထိတော့ အိန္ဒိယဟာ သတိကြီးကြီးထားနေပြီး အမေရိကန်ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်တာ ဒါမှမဟုတ် ငြင်းပယ်လိုက်တာမျိုး မလုပ်သေးပါဘူး။

နိုဝင်ဘာလ ၃ ရက်နေ့ ရွေးကောက်ပွဲမှာ ဘာဖြစ်လာမလဲဆိုတာကို အိန္ဒိယက စောင့်ကြည့်လိမ့်မယ်လို့ ပါမောက္ခ ဆွိန်းက ပြောပါတယ်။ ဒါပေမဲ့ သံတမန်တွေကတော့ အမေရိကန်အစိုးရ ခေါင်းဆောင် အပြောင်းအလဲ ဖြစ်လာခဲ့ရင်တောင် အိန္ဒိယရဲ့ သဘောထား သိပ်ကြီးပြောင်းသွားမှာ မဟုတ်ဘူးလို့ ပြောနေပါတယ်။

သမ္မတ ထရမ့်နဲ့ သူ့ရဲ့ ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုး ဘိုင်ဒန် တို့ဟာ ကိစ္စရပ်အားလုံးနီးပါးလောက်မှာ အမြင်မတူကြပေမဲ့ အိန္ဒိယအပေါ် ထားတဲ့ မူဝါဒကတော့ တူကြပါတယ်။

အိန္ဒိယအပေါ် ထားတဲ့ အမေရိကန်ရဲ့ မူဝါဒကို အမေရိကန် ပါတီကြီးနှစ်ခုလုံးက ထောက်ခံကြတယ်လို့ အိန္ဒိယ သံတမန်ဟောင်းတွေက ပြောပါတယ်။

"ရီပတ်ဘလီကန်ရော ဒီမိုကရက်ပါ ပါတီနှစ်ခုစလုံး အိန္ဒိယအပေါ် တူညီတဲ့ အမြင်သဘောထား ထားရှိတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ သမ္မတ ကလင်တန် လက်ထက်ကစလို့ အမေရိကန် သမ္မတတွေ အိန္ဒိယကို လာခဲ့ကြပါတယ်။ သမ္မတ အိုဘားမား က နှစ်ခေါက် လာခဲ့ပါတယ်။ ဒီတော့ ပါတီနှစ်ခုစလုံးက သမ္မတတွေရဲ့ လက်ထက်မှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခဲ့ပါတယ်" လို့ အိန္ဒိယ သံတမန်ဟောင်း နီလမ် ဒီယို က ပြောပါတယ်။

ဒီတော့ ရွေးကောက်ပွဲ ပြီးသွားရင်တောင် တရုတ်နဲ့ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေမှုမှာ အိန္ဒိယကို ထောက်ခံကူညီဖို့ အမေရိကန်က ဆက်ကမ်းလှမ်းနေမယ့်ပုံ ရှိနေပါတယ်။ ဒါပေမဲ့ အိန္ဒိယဘက်က ဘယ်လို တုံ့ပြန်မလဲ ဆိုတာကတော့ တပ်အပ်ပြောဖို့ ခက်လှပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54616598

အမေရိကန်ရွေးကောက်ပွဲ-သမ္မတသစ်က အိန္ဒိယအတွက် ဘာတွေ လုပ်ပေးနိုင်သလဲ  အမေရိကန်ရွေးကောက်ပွဲ-သမ္မတသစ်က အိန္ဒိယအတွက် ဘာတွေ လုပ်ပေးနိုင်သလဲ Reviewed by THITHTOOLWIN on 19:24 Rating: 5

No comments:

Powered by Blogger.