နှင်းဆီပါတီကိုဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်ကြေညာ

၂၀၂၀ အောက်တိုဘာလ ၁၅ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် UDP ပါတီဝင်များ မဲဆွယ်စည်းရုံးစဥ်။  Photo: RFA


နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP ကို နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ အောက်တိုဘာလ ၁၉ ရက် ဒီနေ့ည (၈) နာရီမှာ ကြေညာလိုက်ပါတယ်။

အခုလို ပါတီဖျက်သိမ်းလိုက်တာကြောင့် UDP ပါတီရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေဟာ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပြဌာန်းချက်တွေအရ ရွေးကောက်ပွဲဝင်ခွင့်ရှိတော့မှာမဟုတ်ကြောင်း လည်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ဘဏ်အကောင့်ပေါင်းများစွာဖွင့်ပြီး ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံထဲကို ငွေ ကျပ်သန်း ပေါင်းထောင်နဲ့ချီ အကြိမ်ကြိမ်လွှဲပြောင်းယူခဲ့တယ်လို့  နိုင်ငံတော်သမ္မတရုံးက အရေးပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောဆိုပြီးနောက်မှာ အခုလိုဖျက်သိမ်းခံရတာပါ။

ဦးကျော်မြင့်ဟာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီကိုထောင်ပြီး ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကျပ်ငွေ ၁၂ ဘီလျံ‌‌ကျော် သုံးစွဲထားတယ်လို့ သမ္မတရုံးပြောခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့် ပါတီဝင်တွေကို တာဝန်အလိုက် လစဉ်ထောက်ပံ့ကြေးပေးထားသလို  ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကို ကျပ် သုံးသိန်းစီနဲ့ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်လောင်း  ၇၁၆ ဦးကို ငွေကြေး ထောက်ပံ့ထားတယ်လို့လည်း ဦးဇော်ဌေးက ရှင်းပြပါတယ်။  

အခုလို ပါတီဖျက်သိမ်းလိုက်တာကြောင့် UDP ပါတီ ကိုယ်စားလှယ်လောင်းတွေ ဟာ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပြဌာန်းချက်တွေအရ ရွေးကောက်ပွဲဝင်ခွင့် ရှိတော့မှာ မဟုတ်ကြောင်းလည်း ကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ဟာ အခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)လိုပဲ ရွေးကောက်ခံကိုယ်စားလှယ် ၁၁၄၃ ဦး ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ကြေညာထားခဲ့တာပါ။ UDP ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၄၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နေရာမှ အနိုင်မရခဲ့တဲ့ပါတီဖြစ်ပါတယ်။

ပါတီ ဥက္ကဌ ဦးကျော်မြင့်ရဲ့ ငွေကြေးဆိုင်ရာ လျို့ဝှက်ချက်တွေကို Myanmar Now သတင်းဌာနက ဖော်ထုတ်ရေးသားခဲ့ပြီးတဲ့နောက် ဦးကျော်မြင့်ကို ထောင်ပြေးမှု ငွေကြေးခဝါချမှုတွေနဲ့ မန္တလေး၊ အိုးဘိုထောင်မှာ ဖမ်းဆီးထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/udp-party-dissolve-10172020101957.html

နှင်းဆီပါတီကိုဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်ကြေညာ  နှင်းဆီပါတီကိုဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်ကြေညာ Reviewed by THITHTOOLWIN on 21:38 Rating: 5

No comments:

Powered by Blogger.