ထိုင်းမှာ အရေးပေါ်အခြေအနေအမိန့်ကိုဖီဆန်ပြီး ဆန္ဒပြသူတွေစုဝေး

ကြာသပတေးမနက်ခင်းက အဓိကရုဏ်းနှိမ်နင်းတဲ့ ရဲတွေက လမ်းမတွေပေါ် နေရာချထား

ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲတွေကို တားဆီးတဲ့အရေးပေါ်အမိန့်ထုတ်ပြန်ပြီး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတာတွေရှိနေတဲ့ကြားက ဆန္ဒပြသူတွေ လမ်းတွေပေါ်မှာ စုဝေးဆန္ဒပြနေကြပါတယ်။

ဆန္ဒပြမှုတွေ ဖြိုခွင်းစဥ်ဖမ်းဆီးခံရတဲ့ ဆန္ဒပြခေါင်းဆောင်တွေ လွှတ်ပေးရေးအတွက် "ငါတို့ သူငယ်ချင်းတွေ လွှတ်ပေး" လို့ ကြွေးကြော်နေကြပါတယ်။

ထိုင်းမှာ အခုလတ်တလောဖြစ်နေတဲ့ ဆန္ဒပြပွဲတွေဟာ အများအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်း စုဝေးကြတာဖြစ်ပြီး ဒီဆန္ဒပြပွဲတွေဟာ ဘုရင်စနစ်ကို ဝေဖန်နေတာလဲ ဖြစ်ပါတယ်။

အစိုးရက ရုပ်မြင်သံကြားကတဆင့် အမိန့်ကို ထုတ်ပြန်ရာမှာ တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒေ စိုးမိုးဖို့အတွက် ဒီလို အရေးပေါ်အမိန့်ချမှတ်ရတာလို့ ပြောပါတယ်။

ဒီလိုအမိန့်ထုတ်ပြန်ရတဲ့ အကြောင်းတွေထဲ ဗုဒ္ဓဟူးနေ့က လမ်းလျှောက်ချီတက်ဆန္ဒပြကြတဲ့ပွဲမှာ တချို့ ဆန္ဒပြသူတွေဟာ ဘုရင့်ကားတန်းကို နှောင့်ယှက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်ကိုလဲ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထည့်ထားပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်တဲ့ခေါင်းဆောင် ၃ ယောက်အပါအဝင် လူ အယောက် ၂၀ ကိုလဲ ဖမ်းဆီးထားပါတယ်။

ထိုင်းကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုဟာ ဝန်ကြီးချုပ် ပရာရွတ် ချန် အိုချာ ရာထူးကနေဆင်းဖို့ကိုလဲ တောင်းဆိုနေပါတယ်။

မနှစ်က အငြင်းပွားစရာ ရွေးကောက်ပွဲတွေနောက်ပိုင်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ သူဟာ စစ်တပ်အကြီးအကဲအဖြစ် သူတာဝန်ယူထားစဉ် ၂၀၁၄ မှာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ကျယ်ပြန့်လာခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ဘုရင့် အာဏာကို ကန့်သတ်ဖို့လဲ တောင်းဆိုနေပါတယ်။

အရေးပေါ်အမိန့်တွေဟာ ထိုင်းစံတော်ချိန် မနက် ၄ နာရီအချိန်က စတင်အသက်ဝင်တာပါ။

ထိုင်းကျောင်းသား သမဂ္ဂက ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင် ပန်နုစာရာ အဖမ်းခံထားရ

အမိန့်စတင်အသက်ဝင်ခဲ့တဲ့အချိန်မှာတော့ ထိုင်း အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ ဝန်ကြီးချုပ် ရုံး အပြင်နားက ဆန္ဒပြသူတွေကို စတင်ရှင်းလင်းခဲ့ပါတယ်။ဆန္ဒပြသူ တချို့က ယာယီ အတားအဆီးတွေ လုပ်ကာ အာခံတုံ့ပြန်ခဲ့ကြပေမဲ့ သူတို့ကို ရဲတွေက ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။

ဆန္ဒပြသူတွေ လူစုကွဲသွားတဲ့နောက်မှာလဲ လမ်းမတွေပေါ်မှာ ရာနဲ့ချီတဲ့ ရဲတွေကို တွေ့ရပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ အရေးပေါ်ကြေညာချက်အမိန့်ဟာ လူတွေ ၄ ယောက်ထက် ပိုမစုဖို့ တားမြစ်ထားသလို၊ သတင်းတွေကို ပုံဖျက်ပြီး အမျိုးသားလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အထင်အမြင်လွဲစေမယ့် သတင်းတွေ ဖော်ပြတာကို တားမြစ်ရင်း သတင်းမီဒီယာတွေအပေါ်ကန့်သတ်တာတွေလဲ လုပ်ထားပါတယ်။

ဖြိုခွင်းတာတွေ ဘယ်လိုအရှိန်မြင့်လာခဲ့လဲ

ကြာသပတေးနေ့ မနက်အစောပိုင်းက စတင်ပြီး လူအယောက် ၂၀ ကို ဖမ်းဆီးခဲ့တယ်လို့ ရဲတွေကပြောပါတယ်၊ ဒါပေမဲ့ အဲဒီအဖမ်းခံရသူတွေက ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ မပြောပါဘူး။

ဘီဘီစီ အနေနဲ့ အဖမ်းခံရသူတွေထဲ ဆန္ဒပြခေါင်းဆောင် ၃ ယောက် ပါဝင်တာကို သိရှိရပြီး သူတို့တွေကတော့ လူ့အခွင့်အရေး ရှေ့နေ အန်နွန် နမ်ပါ၊ ပင်ဂွင်းလို့ အများကသိထားတဲ့ ကျောင်းသား လှုပ်ရှားတက်ကြွသူ ပါရစ် ချစ်ဝါရက် နဲ့ ပန်နုစာရာ စီသီဂျီရာဝတ်ထနာကူတို့ ဖြစ်ပါတယ်။

တိုက်ရိုက်တင်ပြထားပြီး အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုထဲမှာ ဟိုတယ်ခန်း တစ်ခုအတွင်း ရဲတွေက မစ္စ ပန်နုစာရာ ကို စွဲချက်တွေကို ဖတ်ပြနေတာ တွေ့ရပါတယ်။ နောက်ထပ်ဗီဒီယို တစ်ခုထဲမှာလဲ သူ့ကို ကားတစ်စီးထဲကို ရဲတွေက တင်နေတာ၊ သူ့ကို ထောက်ခံသူတွေက ကြွေးကြော်သံတွေ ဟစ်ကြွေးနေတာကိုတွေ့ရပါတယ်။

အသက် ၃၆ နှစ်အရွယ် မစ္စတာ အန်နွန်ဟာ ထိုင်းနိုင်ငံမှာ ဘယ်သူမှ ဝေဖန်လေ့မရှိတဲ့ ထိုင်းဘုရင် စနစ်ကို ဩဂုတ်လအတွင်းက လူသိရှင်ကြား ပထမဆုံး စတင်ဝေဖန်ခဲ့သူဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဩဂုတ်လအတွင်းမှပဲ မစ္စ ပန်နုစာရာဟာ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး သဘောထားကြေညာချက် ၁၀ ချက်ကို ဖတ်ပြ ကြေညာခဲ့ပြီး ဆန္ဒပြပွဲတွေအတွင်း လူသိများတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဇူလိုင်လအတွင်းမှာ လှုပ်ရှားမှုတွေ အရှိန်မြင့်လာခဲ့ပြီး အဲဒီနောက်ပိုင်း လူ ၂ ယောက် အဖမ်းခံခဲ့ရပေမဲ့ မစ္စ ပန်နုစာရာ ဖမ်းဆီးခံခဲ့ရတာ မရှိခဲ့ပါဘူး။

နှစ်ပေါင်း အတော်ကြာအတွင်း ဘန်ကောက်မှာ ဆန္ဒပြပွဲတွေ ပြန်ဖြစ်လာ

ကျောင်းသားတွေက ဘာလို့ ဆန္ဒပြတာလဲ

ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုဟာ ပိုကျယ်ပြန့်လာနေပြီး ဒါဟာ နှစ်ပေါင်းများစွာအတွင်း ထိုင်းအုပ်ချုပ်သူတွေကို အကြီးမားဆုံး စိန်ခေါ်နေတာပါ။

၂၀၁၉ ရွေးကောက်ပွဲက အငြင်းပွားစရာတွေဖြစ်ခဲ့တဲ့အတွက် ဆန္ဒပြသူတွေက မစ္စတာ ပရာရွတ် နုတ်ထွက်ဖို့တောင်းဆိုနေကြတာပါ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းက လုပ်ခဲ့တဲ့ အခြေခံဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ချက်တွေအပေါ် အငြင်းပွားစရာတွေရှိနေတဲ့ အတွက် သူတို့က ဖွဲ့စည်းပုံကို ပြန်ရေးဆွဲဖို့ လိုလားကြပါတယ်။ အစိုးရကို ဝေဖန်တဲ့သူတွေအပေါ် နှောင့်ယှက် နှိပ်ကွပ် နေတာတွေ အဆုံးသတ်ဖို့ကိုလဲ သူတို့က တောင်းဆိုပါတယ်။ မစ္စတာ ပရာရွတ်ကတော့ သူ့အလိုကျဖြစ်အောင် ရွေးကောက်ပွဲ ဥပဒေတွေကို ပြင်ဆင်ထားတယ် ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချထားပါတယ်။

ထိုင်းမှာ ဘုရင်စနစ်ကို မဝေဖန်နိုင်အောင် ဥပဒေနဲ့ အကာအကွယ်ပေးထားတာဖြစ်ပြီး အခုတော့ ဘုရင်စနစ်ကိုပါ ပြုပြင်ပြောင်းလဲဖို့တောင်းဆိုနေတာတွေက ဩဂုတ်လကတည်းက အရှိန်မြင့်လာနေတာပါ။

၂၀၁၉ မတ်လက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ထိုင်းလူငယ်တွေအကြား ရေပန်းစားတဲ့ The Future Forward Party ဟာ လွှတ်တော်ထဲမှာ တတိယအကြီးဆုံး ပါတီဖြစ်လာခဲ့ပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလအတွင်းမှာတော့ တရားရုံး တစ်ခုက အဲဒီပါတီဖျက်သိမ်းရမယ်ဆိုတဲ့ အမိန့်ကို ချမှတ်ခဲ့ပါတယ်။

၂၀၁၄ အာဏာသိမ်းကတည်းက နိုင်ငံကနေထွက်ပြေးတိမ်းရှောင်ကာ ကမ္ဘောဒီးယားမှာ နေနေတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ဝန်ချလမ် စက်စက်စီ ပျောက်ဆုံးသွားတဲ့နောက် ဇွန်လအတွင်းမှာ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။ အခုအချိန်အထိ သူဘယ်မှာ ရှိနေသလဲဆိုတာကို မသိကြရသေးပေမဲ့ သူ ပြန်ပေးဆွဲခံရတဲ့ ကိစ္စကို ထိုင်းအစိုးရက စီစဉ်လုပ်ခဲ့တာလို့ ဆန္ဒပြသူတွေက စွပ်စွဲထားပါတယ်၊ အဲဒီစွပ်စွဲချက်ကို ထိုင်းရဲနဲ့ ထိုင်းအစိုးရတို့က ငြင်းပယ်ထားပါတယ်။

ဇူလိုင်လကတည်းက ကျောင်းသားတွေ ဦးဆောင်တဲ့ လမ်းပေါ်တက် ဆန္ဒပြပွဲတွေ ပုံမှန်ပြန်ဖြစ်လာနေပြီး နှစ်ပေါင်းများစွာအတွင်း အကြီးဆုံးသော လူထုစုဝေးပွဲတွေ စနေ၊တနင်္ဂနွေ အားလပ်ရက်တွေမှာ ဖြစ်လာနေခဲ့ပါတယ်။

ထိုင်းမှာ ဘုရင်စနစ်ကို ဝေဖန်တာက ထောင်ဒဏ်နှစ်ရှည်ပစ်ဒဏ်ခံရနိုင်ပြီး ထိုင်းမှာ အထိမခံတဲ့ အရေးဖြစ်ပေမဲ့ ဆန္ဒပြသူတွေကတော့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုနေပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-54556457

ထိုင်းမှာ အရေးပေါ်အခြေအနေအမိန့်ကိုဖီဆန်ပြီး ဆန္ဒပြသူတွေစုဝေး ထိုင်းမှာ အရေးပေါ်အခြေအနေအမိန့်ကိုဖီဆန်ပြီး ဆန္ဒပြသူတွေစုဝေး Reviewed by THITHTOOLWIN on 00:10 Rating: 5

No comments:

Powered by Blogger.