ရန်ကုန်စက်ရုံတချို့ပြန်ဖွင့်တာကို လေ့လာသူတွေ အကောင်းမြင်

လှိုင်သာယာမြို့နယ်မှာ အလုပ်ဆင်းတဲ့ အလုပ်သမားတွေကို ၂၀၂၀ အောက်တိုဘာ ၁၂ ရက်နေ့က တွေ့ရစဉ် / Photo: Ctum Myanmar


ရန်ကုန်တိုင်းထဲက ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်း (CMP) စက်ရုံ အလုပ်ရုံတွေနဲ့ အသေးစား အလတ်စား စက်ရုံတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကာကွယ်ရေး စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ထားတဲ့ (A) အဆင့်ရရှိရင် ဒီကနေ့ (အောက်တိုဘာ ၁၂ ရက်) က စပြီး တိုင်းအစိုးရစစ်ဆေးခွင့်ပြုချက်နဲ့ ပြန်ဖွင့်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထား ပါတယ်။

အဲဒီလို စိစစ်ပြီး ပြန်ဖွင့်ခွင့်ပေးမယ့်အပေါ် အလုပ်သမားအရေးဆောင်ရွက်နေသူတွေနဲ့ ကျန်းမာရေးပညာရှင်တွေ က အကောင်းမြင်ကြပါတယ်။

ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကူးစက်ခံရသူများလာတာကြောင့် စက်ရုံတွေကို အောက်တိုဘာ ၂၁ ရက်နေ့အထိ ပိတ်ထားဖို့ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ထားပေမယ့် စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နေဖို့လိုတာနဲ့ အလုပ်သမားတွေ အခက်အခဲတွေရှိတာကြောင့် အခုလို ပြန်လည်ဖွင့်ခွင့်ပေးတာလို့ အောက်တိုဘာ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ အမိန့်မှာ ပြောထားပါတယ်။

ဒါပေမဲ့ ကျန်မာရေးဝန်ကြီးဌာနက သတ်မှတ်ချက်တွေကို အကုန်လုံးလိုက်နာဆောင်ရွက်ထားတဲ့ (A) အဆင့်ရ စက်ရုံတွေတောင် ချက်ချင်းပြန်ဖွင့်လို့ရမသေးဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ဒေါ်မိုးဝေက ပြောပါတယ်။

“ပြီးခဲ့တဲ့တစ်ပိုင်းတုန်းက (A)လက်မှတ်ရတဲ့ စက်ရုံတွေကို အခုချက်ချင်းဖွင့်ခွင့်ပေးလိုက်ရင်တောင် လုံးဝအဆင်ပြေနိုင်တဲ့ အခြေအနေ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အေအဆင့်ရတဲ့ စက်ရုံတွေသည် ပင်လျှင် ရှေ့မှာတုန်းက ကျွန်မာရေးဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်နဲ့ မညီညွတ်တဲ့အခြေအနေတွေက အများကြီးရှိတယ်၊ ဒီအခြေအနေမှာ ကူးစက်ရောဂါအခုဆိုလို့ရှိရင် ကျွန်တော်တို့ လှိုင်သာယာမှာ အများဆုံးပေါ့ဗျာ၊ အခုက စက်ရုံလုပ်သားတွေ ကျွန်တော်တို့အဖွဲ့ဝင်တွေပေါ့လေ အများဆုံး ကူးစက်နေတဲ့အချိန်မှာ ပထမတုန်းကတော့ အေလက်မှတ်ရပြီး အခုပြန်ပြီးတော့ စစ်ဆေးမှုမရှိဘဲ ဒီအတိုင်း အလုပ်ဖွင့်ပေးလိုက်တယ်ဆိုရင်တော့ ကူးစက်မှုရာခိုင်နှုန်းတွေက ပိုပြီးတော့မှတက်သွားနိုင်တဲ့ အခြေအနေရှိတယ်ဗျ၊ ကျွန်တော်တို့နဲ့ ချိတ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ စက်ရုံတွေမှာတော့ လောလောဆယ် ပြန်ဖွင့်တာမရှိသေးဘူးဗျ၊ ဖွင့်ဖို့တော့ ကြိုးစားနေတယ်၊ အရင်တုန်းက (B)ရတဲ့ စက်ရုံတွေလည်း ပြင်ဆင်နေတာတော့ရှိတယ်၊ မဖွင့်ကြရသေးဘူး”

လက်ဆင့်ကမ်းလုပ်ရတဲ့ စက်ရုံတွေမှာ ခြောက်ပေခြားရမယ်ဆိုတဲ့ စည်းကမ်းကို လိုက်နာဖို့ အခက်အခဲတွေ ရှိတယ်လို့ ဒေါ်မိုးဝေက ဆိုပါတယ်။

ကုန်ကြမ်းပေး၊ ကုန်ချောယူ လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံတွေကို ပိတ်ထားတာကြောင့် အလုပ်သမားတွေ အခက်အခဲဖြစ်နေကြောင်း RFA က စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီအလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမား ခြောက်သိန်းဝန်းကျင်ထဲက ၉၀ ရာခိုင်နှုန်းကျော်ဟာ အခက်အခဲရှိနေတာဖြစ်ပါတယ်။

ကျန်မာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေနဲ့ အညီလိုက်နာဆောင်ရွက်ထားတဲ့ စက်ရုံတွေကို (A) အဆင့်သတ်မှတ်ပြီး လိုအပ်ချက်တွေရှိနေတဲ့ စက်ရုံတွေကိုတော့ (B) အဆင့်သတ်မှတ်ကာ သတ်မှတ်ချက်နဲ့ ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ရမှာဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။

ပိုးကူးစက်မှုရှိလာနိုင်ပေမယ့် အမြဲတမ်းပိတ်ထားဖို့ အဆင်မပြေတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“သူတို့က လောလောဆယ်စစ်ပြီး ဖွင့်မယ်ပြောတာပဲ၊ ဒီနေ့ စစ်မယ်တော့ ပြောတာပဲ၊ ဖွင့်လို့တော့ မရသေးဘူး၊ အွန်လိုင်းနဲ့စစ်မယ် ဘာညာတော့ ပြောတာပဲ၊ ဆိုတော့ နှစ်ခုတော့ရှိတာပေါ့ဗျာ နိုင်ငံတကာမှာလည်း ပိတ်ပြီးတော့ကစားတယ် ပိတ်လို့မရရင်တော့ ဖွင့်တယ်၊ ဒီလိုပဲသွားကြတာပဲ၊ အဲတော့ ကိုဗစ်နဲ့အညီ ယှဉ်တွဲနေထိုင်ပြီးတော့ သွားရမယ့်သဘောရှိတာပေါ့၊ case တက်လာနိုင်တာ ကူးစက်မှု ဖြစ်လာနိုင်တာ ရှိတော့ရှိတာပေါ့ ဒါပေမဲ့ အမြဲတမ်းပိတ်ဖို့ဆိုတာလည်း ခက်တယ်လေ၊ ပိတ်နိုင်တယ်ဆိုလည်း နှစ်ပတ်သုံးပတ်ပေါ့၊ ဆိုတော့ပြဿနာတော့ရှိနိုင်မယ် သို့သော်လည်းပဲ ဒီလိုပဲ စည်းကမ်းနဲ့အညီပဲ ဆောင်ရွက်ရမယ့်သဘောတော့ရှိပါတယ်”

ဒါပေမဲ့ နယ်တွေကနေပြန်လာမယ့် အလုပ်သမားတွေအပါအဝင် ဝန်ထမ်းတွေကိုလည်း ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးတာတွေ လုပ်သင့်တယ်လို့ ဒေါက်တာစိုးထွန်းက ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ ဦးနေလင်းဇင်ကလည်း မြန်မာနိုင်ငံအနေအထားနဲ့ စက်ရုံတွေ ပိတ်ထားလို့ အဆင်မပြေတဲ့အတွက် စည်းကမ်းတွေနဲ့အညီ ဖွင့်သင့်တယ်လို့ ဆိုပါတယ်။

“အမှန်အတိုင်းပြောရရင် ပိတ်ထားလို့လည်း သက်သာသွားတာမှ မဟုတ်တာ၊ ကျွန်တော်တို့က ကိုဗစ်ကိုတိုက်လို့မရဘူး၊ ကိုဗစ်နဲ့ဘယ်လိုယှဉ်တွဲပြီး နေထိုင်မလဲဆိုတဲ့ နည်းလမ်းကိုပဲ ကျွန်တော်တို့က ရွေးရမှာ၊ အစိုးရက ပိတ်တယ်တို့ နောက်ဆုံးတိုက်ပွဲတို့ ခံစစ်ဆော့တယ် ပိတ်တယ်ပေါ့နော် ဆိုတော့ ဒီလိုနည်းလမ်းတွေက မြန်မာနိုင်ငံအတွက်က သိပ်ပြီးတော့မ ထိရောက်ဘူးဗျ၊ ကျွန်တော်တို့ဆီမှာ ကာကွယ်ဆေးရဖို့လည်း မလွယ်သေးဘူး၊ ကာကွယ်ဆေးက WHO ကကြေညာရင်တောင်မှ ၂၀၂၂  က အစောဆုံးလို့ ပြောထားတာ၊ အဲတော့ ကျွန်တော်တို့က ကာကွယ်ဆေးကို ထိုင်စောင့်နေမှာလား၊ ပိတ်ပြီးထိုင်စောင့်လိုရကလည်း မရဘူး၊ တစ်လမပြောနဲ့ တစ်ပတ်တောင်ပိတ်ပြီး ထိုင်စောင့်လို့မရတဲ့ အနေအထားမှာ ကျွန်တော်တို့နိုင်ငံက ဆင်းရဲတယ်လေ၊ ဆင်းရဲတဲ့နိုင်ငံက ဘယ်လိုလုပ် လော့ဒေါင့်တွေချပြီး ပိတ်ပြီးရင်ဆိုင်မှာလဲပေါ့နော်၊ အမှန်အတိုင်းပြောရရင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်ဆိုတာ အဲအတိုင်း အေအဆင့်ဖြစ်ဖို့ လိုက်မီဖို့ တစ်ရာမှာ ကိုးဆယ်ရာခိုင်နှုန်းက ဘယ်လိုမှမဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ပေမယ့်လည်း အနည်းဆုံးတော့ လမ်းညွန်တဲ့အတိုင်းကိုတော့ ကျွန်တော်တို့တွေက လိုက်လုပ်ရမယ်ပေါ့နော်”

အလုပ်နားထားရတဲ့အချိန် စားဝတ်နေရေး အခက်အခဲတွေရှိလို့ စည်းကမ်းတွေနဲ့အညီ ဆောက်ရွက်ထားရင်တော့ အလုပ်ပြန်ဆင်းချင်တယ်လို့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမား ဒေါ်တင်မာလွင်က ပြောပါတယ်။

“ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီရောဂါတွေနဲ့ဆိုရင်တော့လည်း မဆင်းချင်သေးဘူးပေါ့၊ အခက်အခဲတွေကတော့ ရှိပါတယ်၊ အခုလိုမျိုးမဆင်းတဲ့ကာလမှာလည်း ကျွန်မတို့အတွက်က လစာအနေအထားမှာလည်း ခက်ခဲတာရှိတယ်၊ အိမ်ခန်းခပေးဖို့အခက်အခဲတို့ စားရေးသောက်ရေးအခက်အခဲတို့ကတော့ ရှိပါတယ်ရှင့်၊ ပြန်ဖွင့်မယ်ဆိုရင်လည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ကိုက်ညီမယ်ဆိုရင်တော့ ကျွန်မတို့လည်းပြန်ပြီးတော့ သူတို့ရက်သတ်မှတ်ချိန်းမယ်ဆိုရင်လည်း ဆင်းမယ်ပေါ့”

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးကတော့ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွန်ချက်တွေကို တိတိကျကျလိုက်နာတဲ့ စက်ရုံတွေပဲ ဖွင့်ခွင့်ပြုသင့်တယ်လို့ ပြောပါတယ်။

“စက်ရုံတော်တော်များများကတော့ (A)အဆင့်ရှိတာကို မတွေ့ရဘူးပေါ့နော်၊ အထူးသဖြင့် ဖယ်ရီကြို ပို့ယာဉ်တွေ၊ ထမင်းစားခန်းတွေ၊ အဲဒီနေရာတွေမှာကတော့ ဘယ်လိုမှကို လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာမှာ နေထိုင်ခြင်းဆိုတဲ့ဟာက အဲဒီစံနှုန်းကတော့ ဘယ်လိုမှကိုပြည့်မှာ မဟုတ်ဘူး၊ မြန်မာနိုင်ငံအနေအထားမျိုးနဲ့လည်း ဒီလုံးဝကြီးပိတ်ဖို့ကို တောင့်ခံနိုင်တဲ့ အနေအထားလည်းမရှိဘူး၊ မရှိတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွန်ချက်ကို တိတိကျကျလိုက်နာပြီးတော့ ပြန်ဖွင့်မယ်ဆိုရင်တော့ ဒီလိုအခြေအနေမျိုးနဲ့ပဲ ထိန်းထားနိုင်မယ်လို့ မျှော်လင့်တယ်၊ အကုန်လုံးကိုခြုံပြီးတော့ ပြန်ဖွင့်ရင်ကောင်းမှာပေါ့လို့တော့ သဘောထားမှတ်ချက် မပေးလိုပါဘူး၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်ကို တိတိကျကျ လိုက်နာဆောင်ရွက်နိုင်တဲ့ စက်ရုံများသာလျှင် ဖွင့်ပြီးတော့ ဆောင်ရွက်သင့်တယ်လို့ ပြောချင်ပါတယ်”

တစ်ချို့သော စက်ရုံတွေကတော့ လမ်းညွန်ချက်တွေအားလုံးလိုက်နာဖို့ အခက်အခဲရှိတဲ့အတွက် အလုပ်သမားသမဂ္ဂတွေနဲ့ အစိုးရအဖွဲ့၊ ကျန်းမာရေးဌာနတွေ အမြန်ဆုံးတွေ့ဆုံပြီး ဆွေးနွေးဖို့ တောင်းဆိုထားတယ်လို့လည်း ဒေါ်ဖြိုးစန္ဒာစိုးက ဆိုပါတယ်။

ကျန်းမာရေးအသိပညာပေး ဆောင်းပါးတွေ ရေးသားနေတဲ့ ဒေါက်တာဖြိုးသီဟကလည်း ကာကွယ်ဆေး မရသေးတဲ့အချိန်မှာ အကြာကြီး ပိတ်ထားလို့မရတဲ့အတွက် အခုလိုပြန်ဖွင့်တာကို ကြိုဆိုတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ပြန်ဖွင့်တာကို ကြိုဆိုတဲ့ဘက်ကပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကိုဗစ်က အနိုင်တိုက် ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ကမ္ဘာမှာလည်း ဘယ်သူမှလည်း အနိုင်မတိုက်နိုင်သေးဘူးပေါ့နော်၊ ဆိုတော့ ဘယ်လိုမှအနိုင်မတိုက်နိုင်ဘူး ကာကွယ်ဆေးမပေါ်မချင်း၊ ကာကွယ်ဆေးဆိုတာကလည်း အစောဆုံးပေါ်မှ ၂၀၂၀ နှစ်ဆုံးပိုင်း ဒါမှမဟုတ် ၂၀၂၁ ပေါ့၊ ဒါကပေါ်တာပဲရှိသေးတာနော် အကုန်လုံးကို ကျွန်တော်တို့ ရနိုင်ဖို့ဆိုတာကလည်း နောက်တစ်ဆင့်ပေ့ါနော် အခက်အခဲတွေ အများကြီးရှိသေးတယ်၊ ဆိုတော့ ဒါကြီးကို တစ်ချိန်လုံးပိတ်ပြီးတော့ ဘယ်မှမသွားကြနဲ့ အိမ်မှာပဲနေကြဆိုတာက အဆင်မပြေဘူးပေါ့၊ မပြေတဲ့အခါကျတော့ ဒါကြောင့်မို့လို့ New Normal ဆိုတဲ့စကားလုံးပေါ်လာတာပေါ့နော်၊ New Normal ဆိုတာ အိမ်မှာပဲ နေခိုင်းတာကို မဟုတ်ဘူး၊ ကိုဗစ်နဲ့အတူယှဉ်တွဲပြီး ဘယ်လိုနေမလဲပေါ့၊ ဆိုတော့ သွားရတဲ့ဟာကတော့ သွားရမှာပဲ ကျွန်တော်တို့ကတော့ ကြိုဆိုတယ်”

ကျန်းမာရေးဝန်ကြီးဌာနက ညွန်ကြားချက်အတိုင်း နှာခေါင်းစည်းတပ်တာ လက်ဆေးတာတွေကို လိုက်နာပြီး သွားလာနေထိုင်ကြဖို့နဲ့ တကယ်လို့ ကူးလာခဲ့ရင်တောင် ကိုယ်ခံအားစနစ်ကို ကောင်းအောင်လုပ်ပြီး အိမ်မှာပဲနေထိုင်ရင်း ပိုးကူးစက်မှုကို တွန်းလှန်ဖို့လိုတယ်လို့ ဒေါက်တာဖြိုးသီဟက ဆိုပါတယ်။

အလုပ်သမားအများစုရှိတဲ့ စက်ရုံတွေကို ပြန်လည်ဖွင့်ခွင့်ပေးဖို့အတွက် ကျန်မာရေးဝန်ကြီးဌာနက ညွန်ကြားချက် တွေနဲ့အညီ ဆောင်ရွက်ထားမှု ရှိ၊ မရှိ ရန်ကုန်တိုင်း အစိုးရတာဝန်ရှိသူတွေက စတင်စစ်ဆေးနေတယ်လို့ သိရပေမယ့် ဒီအခြေအနေကိုသိရဖို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ လဝက၀န်ကြီး ဒေါ်မိုးမိုးစုကြည်ကို ဆက်သွယ်ပေမယ့် ခေါ်ဆိုလို့ မရသေးပါဘူး။

ရန်ကုန်တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်မှာပဲ နေထိုင်ကြဖို့နဲ့ လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံတွေကိုပိတ်ထားဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပြီး အောက်တိုဘာ ၁၂ ရက် ဒီနေ့မှာတော့ စည်းကမ်းနဲ့ညီတဲ့ စက်ရုံတွေပြန်ဖွင့်ခွင့်ပေးမယ်လို့ နောက်ထပ်အမိန့် ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/cmp-factory-open-ygn-10122020070922.html

ရန်ကုန်စက်ရုံတချို့ပြန်ဖွင့်တာကို လေ့လာသူတွေ အကောင်းမြင် ရန်ကုန်စက်ရုံတချို့ပြန်ဖွင့်တာကို လေ့လာသူတွေ အကောင်းမြင် Reviewed by THITHTOOLWIN on 21:16 Rating: 5

No comments:

Powered by Blogger.