သာယာဝတီအကျဉ်းထောင်မှာ လူ ၁၆၀ ထက်မနည်း ကိုဗစ်ကူးစက်ခံထားရ



Share/Bookmark
ရန်ကုန်မြို့ Quarantine စင်တာ တခုမှာ COVID 19 ရှိမရှိ စစ်ဆေးပေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀)

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ အကျဉ်းသားအများစု အပါအဝင် လူ ၁၆၀ ထက်မနည်း ကိုဗစ်ကပ်ရောဂါ ကူးစက်ခံထားရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

သာယာဝတီ ဗဟိုအကျဉ်းထောင်မှာ အကျဉ်းသား ၂၅၀ ကျော်ကို ကိုဗစ်ကပ်ရောဂါ ရှိ၊ မရှိ စစ်ဆေးရာမှာ ၁၆၀ ကို ရောဂါကူးစက်နေတာ တွေ့ရှိခဲ့တာပါ။ ရောဂါကူးစက်ခံရသူတွေကိုတော့ သီးသန့်ခွဲ စောင့်ကြည့်စစ်ဆေးနေတယ်လို့လည်း ပဲခူးတိုင်းကျန်းမာရေး ကူးစက်ရောဂါဌာန အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဝင်းသူရမြင့်က ဗွီအိုအေကို ပြောပါတယ်။

“အကျဉ်းသားက ၁၅၇ ဦး၊ ဝန်ထမ်းက ၂ ဦး၊ သင်တန်းသားကျောင်း အလုပ်ရုံ အဲဒီမှာ ၁ ဦး အဲဒီတော့ ၁၆၀ ဦးတွေ့တယ်ပေါ့နော်။ အစက အဲဒီလောက်ကြီး ဖြစ်မယ်လို့ မထင်ထားဘူးပေါ့။ အဲဒီတော့ ဒီအိပ်ဆောင်နံပတ် ၁၁ ကိုပဲ ကွက်ပြီး စစ်လိုက်တာ ၁၆၀ တွေ့တာပေါ့နော်။ ထပ်စစ်ရင်တော့ တွေ့ကောင်း တွေ့နိုင်တယ်ပေါ့နော်။”

သာယာဝတီထောင်က လွတ်မယ့်သူတွေကို ကိုဗစ်ရောဂါ အမြန်စစ်ဆေးနိုင်တဲ့ ကိရိယာတွေနဲ့ စစ်ဆေးသွားဖို့ရှိပြီး အလုံအလောက် ရဖို့လိုကြောင်းနဲ့ လိုအပ်ရင် အကျဉ်းထောင်တခုလုံးကို ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ရနိုင်ကြောင်း ဒေါက်တာဝင်းသူရမြင့်က ဆက်ပြောပါတယ်။

“အကျဉ်းထောင်ဦးစီးဌာနဘက်က တောင်ဆိုမှုရှိတာပဲဖြစ်ဖြစ် တကယ်လို့ အရေးပေါ်လိုအပ်လာရင် ကျနော်တို့ တထောင်လုံး အယောက် ၃,၀၀၀ လုံးစစ်ဖို့နဲ့ လောလောဆယ် ပထမဦးဆုံးအဆင့်အနေနဲ့ ထောင်ကနေ လွတ်မယ့်သူ ပထမဦးစားပေးအနေနဲ့ စစ်မယ်ပေါ့နော်။ ပြီးလို့ရှိရင် အသစ်ရောက်လာတဲ့သူတွေ ကျန်ခဲ့တဲ့သူတွေကိုလည်း အဆောင်လိုက် အဆောင်လိုက် စစ်ဖို့တော့ လောလောဆယ် လျာထားပါတယ်။”

သာယာဝတီခရိုင်နဲ့ နေပြည်တော်က ကျန်းမာရေးတာဝန်ရှိသူတွေ ဒီကိစ္စကို ဆောင်ရွက်နေပြီး အသေးစိတ်ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ရှိတယ်လို့ ပဲခူးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းလှိုင်က ဗွီအိုအေကို ပြောပါတယ်။

“အဲဒီတော့ အကျဉ်းထောင်ထဲကပဲ ကူးစက်တာလား၊ မိသားစုထဲကနေ အသွားအပြန် ကူးလားဆိုတဲ့ဟာကို ဒါတွေကို စနစ်တကျ လုပ်ရမယ့် အတိုင်းအတာ ရှိပါတယ်။ ဒါက အစုလိုက်အပြုံလိုက် နေတဲ့နေရာတွေဖြစ်လို့ အထဲကနေ အပြင်ကူးတာလား၊ အပြင်ကနေ အထဲကူးလား ဆိုတဲ့ဟာမျိုးကတော့ ကွင်းဆက် ဆိုတာမျိုးကတော့။ တနိုင်ငံလုံးမှာရှိတဲ့ တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ အကျဉ်းထောင်တွေနဲ့ ပတ်သက်ပြီး အချုပ်သားတွေ၊ အကျဉ်းသားတွေဆို ဘယ်လို လူမျိုးကို ဦးစားပေး ရွေးချယ်မလဲပေါ့ ရာဇဝင်ပဲလိုက်ရမလား၊ ဆောင်ရန် ရှောင်ရန် guideline တွေ၊ လိုက်နာရမယ့် ဟာမျိုးညွှန်ကြားချက်ကို ထွက်ပေးမယ်လို့တော့ မနက်က zoom meeting အရတော့ သိသေးတယ်ပေါ့နော်။”

အကျဉ်းထောင်တွင်း အစီအစဉ်အသေးစိတ်ကို မေးမြန်းဖို့ အကျဉ်းဦးစီးဌာနကို ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေးကြောင့် ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ပဲခူးတိုင်းမှာ စက်တင်ဘာလကုန်ပိုင်းအထိ ပိုးတွေ့လူနာ ၂၂၄ ယောက်ရှိခဲ့ပေမဲ့ အောက်တိုဘာလထဲမှာ ကူးစက်သူအရေအတွက်တိုးလာပြီး အောက်တိုဘာ ၂၂ ရက်မှာ ကူးစက်ခံရသူ ၁,၉၅၆ ယောက်ရှိနေပြီလို့ တိုင်းကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ 


ဇော်ထက်/VOA (Burmese)

https://burmese.voanews.com/a/covid-in-prison/5632857.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ