ရခိုင် ငါးမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပဖို့ အကြံပြုခဲ့တယ်လို့ ဦးဇော်ဌေးပြော

ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်က မဲရုံအမှတ် (၁) ကို တွေ့ရစဉ်

Photo: Min Thein Aung / RFA

ရခိုင်ပြည်နယ်မှာ မြို့နယ် ငါးမြို့နယ်သာ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ မကျင်းပသင့်တဲ့နယ်မြေအဖြစ် သတ်မှတ်သင့်ကြောင်း အုပ်ချုပ်ရေးအဖွဲ့က အကြံပြုခဲ့တာလို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အုပ်ချုပ်ရေးအဖွဲ့  အကြံပြုတဲ့မြို့နယ်တွေက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နဲ့ မင်းပြားမြို့နယ်တွေဖြစ်ပါတယ်။ လုံခြုံရေးအဖွဲ့တွေဘက်ကတော့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ တို့မှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲ မကျင်းပသင့်ကြောင်း မှတ်ချက်ပေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အဲဒီ ကိုးမြို့နယ်မှာ ရွေးကောက်ပွဲ ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကော်မရှင်ဘက်က အစိုးရရဲ့ သဘောထားတောင်းခဲ့တယ်ဆိုတာဟာ အုပ်ချုပ်ရေးအဖွဲ့တွေဆီက မှတ်ချက် တောင်းခဲ့တာကို ရည်ညွှန်းပြောဆိုတာဖြစ်တယ်လို့ သူကပြောပါတယ်။

ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲတွေကတော့ ရခိုင်ပြည်နယ်က မြို့နယ် ရှစ်ခုမှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲ မကျင်းပသင့်ဘူးလို့ သဘောထားမှတ်ချက်ပေးခဲ့ပြီး ကော်မရှင်အဖွဲ့ခွဲတွေရဲ့ သဘောထားမှာတော့ တိုက်ပွဲတွေမရှိတဲ့ ပေါက်တောမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်တယ်လို့ ပါဝင်ကြောင်း သိရပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့  ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရွေးကောက်ပွဲ မကျင်းပသင့်တဲ့ နေရာတွေအဖြစ် တပ်မတော် မှတ်ချက်ပေးတဲ့နေရာတွေနဲ့ ကော်မရှင် ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့နေရာတွေ ကွဲလွဲနေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက RFA ကို ပြောထားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့ ရခိုင်ပြည်နယ် ကိုးမြို့နယ်နဲ့ ကျေးရွာအုပ်စု ၁၅၀ ကျော်မှာ မဲဆန္ဒရှင် ၁၂သိန်းကျော် မဲပေးဆုံးရှုံးသွားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/u-zaw-htay-suggests-not-to-hold-election-in-five-rakhine-townships-10232020091019.html

ရခိုင် ငါးမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပဖို့ အကြံပြုခဲ့တယ်လို့ ဦးဇော်ဌေးပြော  ရခိုင် ငါးမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပဖို့ အကြံပြုခဲ့တယ်လို့ ဦးဇော်ဌေးပြော Reviewed by THITHTOOLWIN on 19:13 Rating: 5

No comments:

Powered by Blogger.