လူသတ်တရားခံ တပ်မတော်သားတွေ ပြန်လွှတ်ပေးတဲ့အဖြစ်မျိုး နောင်မဖြစ်ဖို့ ကုလမှာ မြန်မာကတိပေး

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ (၇၅) ကြိမ်မြောက် ကုလအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးအတွင်း ဗီဒီယိုကနေတဆင့် မိန့်ခွန်းပြောကြားနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ။

Photo: MOI Web Portal Myanmar

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ အင်းဒင်နဲ့  ဂူတာပြင်ကျေးရွာက မွတ်စလင်တွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် ထောင်ချခံခဲ့ရတဲ့ တရားခံတပ်မတော်သားတွေကို တစ်နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ ကိစ္စလို နောင်မှာ ဖြစ်ပွားတော့မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း စက်တင်ဘာ ၂၉ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာအစိုးရက ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ (၇၅) ကြိမ်မြောက်ကုလအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးအတွင်း မနေ့က အင်တာနက်ဗီဒီယိုကနေတဆင့် ပြောကြားတဲ့ မိန့်ခွန်းမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက အခုလို ထည့်သွင်းပြောလိုက်တာ ဖြစ်ပါတယ်။ ရာဇဝတ်မှုတွေအတွက် တတိယမြောက် စစ်ဘက်ဆိုင်ရာ တရားရုံးကို မကြာခင်မြင်တွေ့ရတော့မယ်လို့လည်း သူကပြောခဲ့ပါတယ်။

အင်းဒင်ကျေးရွာလူသတ်မှုနဲ့ ပတ်သက်ပြီး အရာရှိတွေအပါအဝင် တပ်မတော်သား ၇ ဦးကို စစ်တရားရုံးနဲ့ စစ်ခဲ့ပြီးတဲ့နောက် ၂၀၁၈ ခုနှစ် မတ်လမှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာပါ။

အဲ့ဒီနောက်ပိုင်း (၂၀၁၈)ခုနှစ် နိုဝင်ဘာလ၊ တစ်နှစ်တောင် မပြည့်သေးတဲ့ကာလအတွင်းမှာ တပ်မတော်သားတွေကို ပြန်လွှတ်ပေးခဲ့တာကြောင့် ကုလသမဂ္ဂ အရာရှိကြီးတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

ဒီလိုပြန်လွှတ်ပေးခဲ့တာဟာ အစိုးရဘက်ပြန်လွှတ်ပေးတာမဟုတ်ဘဲ တရားခံ တပ်မတော်သားတွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီ အသနားခံစာတင်တာကြောင့် တပ်မတော်ဘက်က လွှတ်ပေးလိုက်တာလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/Myanmar-at-UNGA-meeting-inndin-case-09302020151209.html

လူသတ်တရားခံ တပ်မတော်သားတွေ ပြန်လွှတ်ပေးတဲ့အဖြစ်မျိုး နောင်မဖြစ်ဖို့ ကုလမှာ မြန်မာကတိပေး လူသတ်တရားခံ တပ်မတော်သားတွေ ပြန်လွှတ်ပေးတဲ့အဖြစ်မျိုး နောင်မဖြစ်ဖို့ ကုလမှာ မြန်မာကတိပေး Reviewed by THITHTOOLWIN on 19:03 Rating: 5

No comments:

Powered by Blogger.