ကိုဗစ်-၁၉ လူနာများ သတင်းထိန်ချိန်ပါက ဥပဒေ အရ အရေးယူသွားမည်


ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး နှင့် ပတ်သက်ပြီး အတည်ပြု လူနာကို သက်ဆိုင်ရာ တာဝန်ရှိသူက မေးမြန်းရာတွင် သတင်းထိန်ချန်မှု ရှိလျှင် ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ အတည်ပြု လူနာတချို့ ကို အနီးကပ် ထိတွေ့သူ အပါအဝင် ခရီးသွားရာဇဝင်များကို သက်ဆိုင်ရာ တာဝန်ရှိသူက မေးမြန်းရာတွင် လူနာ တစ်ချို့ ထိန်ချန်မှုရှိနေကြောင်း သျှမ်းပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဆရာတို့က ဆက်စပ်တဲ့သူတွေကို စုံစမ်းမေးမြန်းရတယ်ဆိုတာက တယောက် နဲ့ တယောက် ကူးစက်တာကို အမြန်ဆုံးဖြတ်တောက်ပေးတယ်။ တချို့က နည်းနည်း ထိန်ချန်တာတွေလည်းရှိတယ်” ဒေါက်တာ ဇဝနကို က ပြောသည်။

လက်ရှိ ကိုဗစ်-၁၉ ကူးစက်ခံရလူနာများနှင့် ဆက်စပ်သည့် သူ၊ထိတွေ့သည့်သူများ မေးသည့်အခါ သေချာစွာမဖြေကြားကြကြောင်း ဒေါက်တာ ဇဝနကို က ပြောသည်။

အတည်ပြု လူနာ ကို မေးမြန်းရာမှာ ပူးပေါင်းဆောင်ရွက်မှု မရှိလျှင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ညွှန်ကြားထားတဲ့အတိုင်း ဥပဒေ ၂မျိုးဖြင့် အရေးယူနိုင်ကြောင်း လည်း ဒေါက်တာဇဝနကို က ပြောသည်။

“ ကူးစက် ဥပဒေ နဲ့ သဘာဝဘေးဥပဒေ ဆိုတာ ၂ မျိုးနဲ့ယူလို့ရတယ်။ ကူးစက်ဥပဒေ က သိပ်ပြီး မပြင်းထန်ဘူး။ ဒဏ်ငွေ နဲ့ ပြီးသွားတယ်။ နောက်တခု က ထိန်းချုပ်တဲ့ လုပ်ငန်းတွေမှာ အနှောက်အယှက်ဖြစ်လို့ရှိရင် ကူးစက်ဥပဒေ အစား သဘာဝ ဘေးဥပဒေ နဲ့ တရားစွဲဖို့အတွက် ညွှန်ကြားထားတယ်။ အဲ့တော့ သဘာဝဘေးဥပဒေကတော့ နည်းနည်း ပြင်းထန်တယ်။ ထောင်ဒဏ်တွေ ဘာတွေရှိတယ်” ဟု ဒေါက်တာ ဇဝနကို က ရှင်းပြသည်။

သျှမ်းပြည်နယ် တစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း ၂၉ ဦးရှိပြီး သျှမ်းပြည်တောင်ပိုင်းမှာ အတည်ပြု လူနာ ၁၈ ဦးရှိကာ လက်ရှိ ဆေးကုသမှု ခံယူနေသည့် အတည်ပြု လူနာ (၆) ဦး ရှိထားကြောင်း သိရသည်။

လက်ရှိ သျှမ်းပြည် တောင်ပိုင်း ပင်းပယ မှ ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့သူ ၆ဦး၊ ညောင်ရွှေ လူနာနှင့် ထိတွေ့သူ ၁၃ဦးတို့ရှိပြီး၊ ထိုသူများ၏ ဓာတ်ခွဲနမူနာကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ ရှိ ဓာတ်ခွဲခန်း သို့ပို့ဆောင် စစ်ဆေးထားကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ လူနာ စုစုပေါင်း (၁၃၃၇၁) ဦး ရှိပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ (၃၁၀)ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

ကိုဗစ်-၁၉ လူနာများ သတင်းထိန်ချိန်ပါက ဥပဒေ အရ အရေးယူသွားမည် ကိုဗစ်-၁၉ လူနာများ သတင်းထိန်ချိန်ပါက ဥပဒေ အရ အရေးယူသွားမည် Reviewed by THITHTOOLWIN on 19:00 Rating: 5

No comments:

Powered by Blogger.