ဇေယျာသီရိမြို့နယ်မှာ NLD မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ

နေပြည်တော် ဇေယျာသီရိမဲဆန္ဒနယ်မှာ စိုက်ထူထားတဲ့ NLD ပါတီ မဲဆွယ်ဆိုင်းဘုတ် မနေ့ညက ဖျက်ဆီးခံလိုက် ရပါတယ်။ အဲဒီ မဲဆန္ဒနယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ် လည်းဖြစ်ပါတယ်။

နေပြည်တော် ဇေယျာသီရိမြို့နယ် သစ်တပ်အုပ်စု ကြို့ပင်ရွာမှာ ထောင်ထားတဲ့ NLD ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်၊  ဒီနေ့ စက်တင်ဘာလ (၁၁) ရက် မနက် (၁) နာရီ ဝန်းကျင်လောက်က ဖျက်ဆီးခံလိုက်ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက၊ နေပြည်တော် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဆွေက ပြောပါတယ်။

ဇေယျာသီရိမဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေ နဲ့ မဲဆန္ဒနယ် အမှတ် ၁၂ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဆွေတို့ ရုပ်ပုံပါတဲ့နေရာ တွေမှာ ဆုတ်ဖြဲခံထားရတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားပြီး၊ ရဲစခန်းကို အမှုဖွင့်တိုင်ကြားသွားမယ်လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။

ဆုတ်ဖြဲခံလိုက်ရတဲ့ NLD ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ကို မဲဆွယ်ခွင့်ရတဲ့ စက်တင်ဘာလ ၈ ရက်နေ့ကမှ စိုက်ထူထားခဲ့တာဖြစ်ပါတယ်။

ဆိုင်းဘုတ်စိုက်ထူမယ့်အိမ်ကို လက်မခံဖို့ ကျေးရွာသားတချို့က ခြိမ်းခြောက်ပြောဆိုခဲ့တဲ့အတွက် မူလအိမ်ရှင်က ဆိုင်းဘုတ်ကို လက်မခံရဲတော့တာကြောင့်၊ ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး ကျေးရွာအုပ်ချုပ်ရေး မှူးရဲ့ တူတော်စပ်သူရဲ့အိမ်မှာ အိမ်ရှင်ဘောတူညီချက်နဲ့ ရွှေ့ပြောင်းထောင်ခဲ့တာဖြစ်တယ်လို့ ဦးမောင်မောင် ဆွေက RFA ကို ပြောပါတယ်။

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမိုးဇော်ကတော့ ဒီကိစ္စကို ကော်မရှင်ဆီ အကြောင်းကြားလာတာမျိုးတော့ မရှိသေးကြောင်းနဲ့ ဒီကိစ္စဟာ ရဲရေးပိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် ကာယကံရှင် တွေက ရဲစခန်းကို တိုက်ရိုက်အမှုဖွင့် ဆောင်ရွက်နိုင်တယ်လို့ ပြောပါတယ်။ လက်ရှိအချိန်ထိ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တိုင်တန်းလာတဲ့ အမှုတစ်ခုမှ မရှိသေးဘူးလို့ လည်း ဦးမိုးဇော်က ရှင်းပြပါတယ်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ အခုလို NLD ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် ဖျက်ဆီးခံရတာဟာ ပထမဆုံးဖြစ်ပြီး၊ ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ဇေယျာသီရိမြို့နယ်မှာ ခုလိုဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးမောင်မောင်ဆွေက ပြောပါတယ်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ မြို့နယ် (၈) ခုရှိပြီး၊ အဲဒီအထဲမှာ ဇေယျာသီရိမြို့နယ်ဟာ တပ်မတော်သား မိသားစုဝင်တွေနဲ့ တပ်မတော်ရုံးတွေ အခြေစိုက်ရာမြို့နယ်ဖြစ်ပါတယ်။

ဇေယျာသီရိမြို့နယ်ဟာ၊ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့တဲ့ နေရာဖြစ်သလို ယှဉ်ပြိုင်မှု ပြင်းထန်ခဲ့တဲ့ မဲဆန္ဒနယ်တစ်ခုလည်း ဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အဲဒီမဲဆန္ဒနယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ကိုယ်တိုင် ဝင်ရောက် ယှဉ်ပြိုင်မှာပါ။

နေပြည်တော်မှာ အခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရသလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း၊  မြောက်ပိုင်း ချင်းပြည်နယ် ဟားခါးနဲ့ တောင်ပိုင်း ကိုးကိုးကျွန်း မဲဆန္ဒနယ်က NLD ကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ်တချို့လည်း ဖျက်ဆီးခံခဲ့ရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/nld-party-campaign-signboard-destroyed-09112020044540.html

ဇေယျာသီရိမြို့နယ်မှာ NLD မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ  ဇေယျာသီရိမြို့နယ်မှာ NLD မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 18:24 Rating: 5

No comments:

Powered by Blogger.