စစ်တွေမှာ ဆန္ဒပြသူတွေကို အာမခံ မရနိုင်တဲ့ပုဒ်မနဲ့ အမှုဖွင့်

ရခိုင်ပြည်နယ် အစိုးရရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသား သုံးဦးကို မနေ့ညနေပိုင်းက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ခံရပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူကို အာမခံ မရတဲ့ ဒီဥပဒေနဲ့တရားစွဲတဲ့အတွက် ရှေ့နေတွေက ဝေဖန်နေကြပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ရက္ခိုင်ပြည် ကျောင်းသား သမဂ္ဂက ကိုတိုးတိုးအောင်၊ ကိုကျောင်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့ သုံးဦးဟာ မနေ့က စတင်ဘာလ ၁၀ ရက်နေ့မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ခံလိုက်ရပါတယ်။

ပြီးခဲ့တဲ့ စတင်ဘာလ ၉ ရက် နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ ပြည်နယ်အစိုးရ အလိုမရှိ၊ 4G အင်တာနက်ဖွင့်ပေးရေးနဲ့ စစ်တပ်ကို ထောက်ပြဝေဖန်တဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

အဲဒီလိုအန္ဒပြတောင်းဆိုနေစဉ်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာဖြစ်ပါတယ်။ မနေ့က ညနေပိုင်းမှာတော့ သူတို့ကို စစ်တွေမြို့နယ် တရားရုံးမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မနဲ့ အမှုဖွင့်ပြီး ချုပ်ရမန် နှစ်ပတ် ယူသွားပါတယ်။

အခုလို သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ တရားစွဲတာဟာ ဘယ်လိုမှ အပ်စပ်မှု မရှိဘူးလို့ ဥပဒေပညာရှင်တွေက ဝေဖန် ထောက်ပြနေကြပါတယ်။

စစ်တွေအခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ ဒါရိုက်တာ ဦးငြိမ်းချမ်းကတော့ ကျောင်းသားတွေ ဆန္ဒပြတောင်းဆိုတာကို ဒီဥပဒေပုဒ်မနဲ့ တရားစွဲတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ဝေဖန်ထောက်ပြပါတယ်။

“ကျောင်းသားလေးတွေကို အဲဒီဥပဒေနဲ့ တရားစွဲတာက အခုဖြစ်နေတဲ့ဟာနဲ့ ဘယ်လိုမှ ဆီလျှော်အပ်စပ်မှု မရှိဘူးလို့ ကျနော်တို့ သုံးသပ်တယ်။ သူတို့က ဆန္ဒဖော်ထုတ်တယ်။ အဲဒီဆန္ဒဖော်ထုတ်တဲ့ ဟာကိုပဲ သူတို့ ပြုလုပ်ခဲ့တာ။ ဒီလိုအခြေအနေမျိုးမှာ ဆန္ဒဖော်ထုတ်လို့ ဘာနဲ့စွဲတယ်ဆိုလို့ရမလား။ အခုလို အခြေအနေမျိုး မှာဖြစ်တဲ့ ဒါနဲ့စွဲတယ်ဆိုရင် လူသတ်မှုတွေ၊ ဓားပြမှုတွေကိုရော ဒီလိုအချိန်မှာ လုပ်တယ်ဆိုပြီး ဒီဘေးစီမံ ဥပဒေနဲ့ပဲ စွဲမလား။ ဒါကို ကျနော် ပြန်မေးခွန်းထုတ်ရမှာ။ ဒါက ဥပဒေကို မအပ်မစပ်သုံးနေတယ်လို့ ပြောချင်တယ်”

Legal Clinic Myanmar ဥပဒေရေးရာကုစားရေးရုံးရဲ့ ရှေ့နေ ဒေါ်မြသူဇာကလည်း ကပ်ဘေးကာလမှာ တရားရင်ဆိုင်ရမယ့် ကျောင်းသားတွေကို ဥပဒေပိုင်းအရ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

“ဒီအမှုမှာ ကျောင်းသားတွေက ကျွန်မတို့ကို အကူအညီတောင်းတယ်။ ပြီးဒီကိစ္စကလည်းဝန်းရံဖို့ လိုအပ်တဲ့အတွက် ကျွန်မတို့ CSO တွေနဲ့ ပူးပေါင်းပြီးတော့ ရှေ့နေတစ်ယောက်အနေနဲ့လည်း ပါဝင်ဝန်းရံဖြစ်တယ်။ သူတို့ ဥပဒေကြောင်းအရ လိုအပ်တာတွေ တခြားမဖြစ်သင့်တာတွေ မဖြစ်ဖို့ပေါ့နော်။ အခုက Covid ကာလလည်းဖြစ်တယ်။ အရမ်းကို မတည်ငြိမ်ဖြစ်တဲ့ ကာလဖြစ်တဲ့အတွက် ကျွန်မက ဝင်ရောက်ဝန်းရံ ပေးတာဖြစ်ပါတယ်"

စစ်တွေ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုဘုန်းပြည့်ဖြိုးက မနေ့က စစ်တွေမြို့မရဲစခန်းမှာ ချုပ်နှောင်ထားစဉ် သူတို့နဲ့ တွေ့ခွင့်မရတဲ့အပြင် ရမန်မပါဘဲ ၂၄ နာရီကျော်အထိ ချုပ်ထားတာကြောင့် ဒီလိုဥပဒေမဲ့ လုပ်ရပ်တွေ မလုပ်သင့်ဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ ထောက်ပြချသည် နိုင်ငံတော်ရဲ့ မှားကွက်တွေကို ထောက်ပြတယ်။ တပ်မတော် မှားကွက်တွေ ကို ထောက်ပြခြင်းဖြစ်တယ်။ ဒါကြောင့် အခုလို ဥပဒေကြောင်းအရ လုပ်ပါဆိုတဲ့ကိစ္စမှာလည်း ဥပဒေမဲ့တဲ့ ကိစ္စတွေပေါ်လာတဲ့အတွက် ကျွန်တော်တို့ ပထမဆုံး တောင်းဆိုချင်တာက ဥပဒေ အကြောင်းအရ လုပ်ပါ။ ဥပဒေနဲ့အပေါ်မှာ မည်သူမှမရှိစေရ ဆိုသလို ဥပဒေအပေါ်မှာ ပြည်နယ်အစိုးရလည်း မရှိဘူး။ နိုင်ငံတော် အစိုးရလည်း မရှိဘူး။ ဥပဒေဆိုတာသည် ဥပဒေပဲ။ အကုန်လုံး တန်းတူလိုက်နာရတဲ့ ဥပဒေဖြစ်တဲ့အတွက် ဥပဒေကို လိုက်နာပါ။ ပြီးမှတခြားသောကိစ္စတွေကို ကိုင်တွယ်နိုင်မယ်။ ဒါကြောင့် ဥပဒေမဲ့လုပ်ရပ်တွေကို မလုပ်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်”

စစ်တွေမြို့ဖတစ်ဦးဖြစ်တဲ့ ဦးအောင်သန်းဝေကတော့ လက်ရှိအစိုးရဟာ သူတို့ရဲ့အမှားတွေကို ထောက်ပြတဲ့ သူမှန်သမျှကို အသံတွေပိတ်ဖို့ အမြဲကြိုးစားနေတာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“လက်ရှိအစိုးရရဲ့ တရားဥပဒေလမ်းကြောင်း တရားဥပဒေစိုးမိုးရေးဆိုရင် သူတို့ရဲ့ မှားနေတာကို ထောက်ပြ နေတဲ့သူမှန်သမျှကို ဒီမိုကရေစီကျင့်စဉ်နဲ့ မဟုတ်ဘဲနဲ့ ဖမ်းဆီးချုပ်နှောင်တယ်။ အသံတွေကိုပိတ်ဖို့ အမြဲ တမ်းကြိုးစားတယ်။ ရခိုင်ပြည်နယ်မှာ အင်တာနက်မရတာ ဘယ်နှစ်မြို့ရှိလဲ။ အင်တာနက်မရတာ ဘယ်လောက်ကြာပြီလဲ။ သူတို့ မတရားမှုလုပ်နေတာကို ထောက်ပြတဲ့သူမှန်သမျှသည် ဒီကလေးတွေအပြင် ဘယ်သူ့ကိုမဆို သူတို့က အမြဲတမ်း ထိန်းချုပ်ဖို့ ကြိုးစားနေတယ်ဆိုတာကိုတော့ မြေကြီးလက်ဝါးရိုက် ရင်တောင် လွဲရင်လွဲသွားမယ်။ မတရားမှုလုပ်နေပါတယ် ဆိုတာကတော့ ပေါ်လွင်နေတယ်”

အလားတူပဲ မန္တလေးမြို့မှာ မနေ့က ရခိုင်နဲ့ ချင်းပြည်နယ်တွေက ဒေသအချို့ကို မြန်နှုန်းမြင့် အင်တာနက် လိုင်းတွေ ဖွင့်ပေးဖို့၊ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ၁၅ ယောက်ခန့်ကိုလည်း မန္တလေး အမှတ် (၆) နယ်မြေရဲစခန်းက ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ (၁၉) နဲ့ အမှုဖွင့်ထားပါတယ်။

အမှုဖွင့်ခံထားရတဲ့အထဲမှာ ပါဝင်တဲ့ ကိုဘချစ်ကို မနေ့က ည ၈ နာရီလောက်က အမှတ် (၆) ရဲစခန်းက နေအိမ်ကိုလာခေါ်ပြီး စစ်ဆေးမေးမြန်းကာ ခံဝန်ထိုးခိုင်းခဲ့ပေမယ့် မထိုးခဲ့ဘူးလို့ ပြန်လွတ်လာတဲ့ ကိုဘချစ်က ပြောပါတယ်။

“စစ်ဆေးမေးမြန်းချင်လို့ခေါ်တယ် ပြောတယ်၊ ထိန်းသိမ်းတာ မဟုတ်ဘူး၊ ဆန္ဒပြတဲ့ဖြစ်စဉ်တွေ မေးတယ်။ အရင်က လုပ်ခဲ့တာတွေ မေးတယ်။ စစ်မေးတာဆို ပြန်လို့ရလားမေးတော့ ရတယ်ဆိုလို့ ပြန်လာတာ”

ဆန္ဒပြခဲ့တဲ့ ဗကသ အဖွဲ့ဝင်တွေကို အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့က အကြောင်းကြားထားတယ်လို့ ကျောင်းသား သမဂ္ဂအဖွဲ့က ရုံးအဖွဲ့မှူး ကိုကျော်သီဟရဲကျော် က ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ကျောင်းမှာပဲရှိမယ်၊ ရဲစခန်းတော့ မလာနိုင်ဘူးလို့ ပြောလိုက်တယ်။ လာခေါ်ရင်တော့ လိုက်သွားမယ်။ ဖြေရှင်းမှာတော့ မဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ထားတာဖြစ်တော့ အခြေခံ ဥပဒေအောက်က စွဲတာကို ဖြေရှင်းမှာ မဟုတ်ဘူး“

ဗကသအဖွဲ့ချုပ်က ကျောင်းသားတချို့ဟာ စက်တင်ဘာလ ၁၀ ရက်နေ့ က ၈၄ လမ်း၊ ၃၁ လမ်းကနေ ၂၆ လမ်း ဈေးချိုတော်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။

ကျောင်းသားတွေကို တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်က ကျောင်းသား သုံးယောက်ကို စွဲဆိုထားတဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ၂၅ မှာ မည်သူမဆို ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို သိလျက်နဲ့ တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ရင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိရင် ကျူးလွန်ပါက သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/law-suit-protest-rakhine-students-09112020061401.html

စစ်တွေမှာ ဆန္ဒပြသူတွေကို အာမခံ မရနိုင်တဲ့ပုဒ်မနဲ့ အမှုဖွင့်  စစ်တွေမှာ ဆန္ဒပြသူတွေကို အာမခံ မရနိုင်တဲ့ပုဒ်မနဲ့ အမှုဖွင့် Reviewed by THITHTOOLWIN on 18:22 Rating: 5

No comments:

Powered by Blogger.