ပိုးမတွေ့၍ စစ်တွေဆေးရုံက ဆင်းရသူ ၇၇ ဦးရှိသွားပြီ၊ ဆင်းခွင့်ရရာတွင် ပထမဆုံးပို့တွေ့သူ CB ဘဏ်ဝန်ထမ်းလည်းပါဝင်

နိရဥၥရာ၊ စက္တင္ဘာ ၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေကြသည့် ကိုဗစ်လူနာ ၃ဝ၁ ဦး အထဲမှ စက်တင်ဘာ ၈ ရက်နေ့က ၆၄ ဦးဆင်းခွင့်ရသွားပြီဖြစ်သဖြင့် ယနေ့ထိ ဆင်းခွင့်ရသူ စုစုပေါင်း  ၇၇ ဦး ရှိသွားပြီဟု သတင်းရရှိသည်။

ယမန်နေ့က ဆေးရုံမှ ဆင်းခွင့်ရသူ ၆၄ ဦးအထဲတွင် ပထဆုံး စစ်တွေတွင် ပိုးတွေ့ခဲ့သူ CB ဝန်ထမ်း အမျိုးသမီး လူနာအမှတ် ၃၇၅ အပါအဝင် သူမထိတွေ့ ဆက်စပ် ကူးစက်ခံရသူ စစ်တွေမြို့ နား၊ နှာခေါင်း၊ လည်ခေါင်း အထူးက ဆရာဝန်ကြီး လူနာအမှတ် ၃၉၅ နှင့် သူနှင့်ထိတွေ့ခဲ့သူ မိသားစုများ ပါဝင်ကြောင်း သိရသည်။ ၎င်းအပြင် ယမန်နေ့ဆေးရုံကဆင်းခွင့်ရရာတွင် ရဟန်းတော်များ၊ ကလေးငယ်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဟိန္ဒူလူမျိုးများလည်း ပါဝင်ကြောင်း သိရသည်။

စက်တင်ဘာ ၅ ရက်မှ စက်တင်ဘာ ၈ ရက်နေ့ထိ (၄) ရက်တာ အတွင်း ပိုးမတွေ့တော့သဖြင့် ဆေးရုံက ဆင်းခွင့်ရသူ ၇၇ ဦး အထဲတွင် စက်တင်ဘာ ၅ ရက်နေ့က ၁ဝ ဦး၊ ၆ ရက်နေ့ က ၃ ဦး၊ စက်တင်ဘာ ၈ ရက်နေ့က ၆၄ ဦး တို့ဖြစ်ကြသည်။

ယခုကဲ့သို့ ပိုးတွေ့လူနာများ အချိန်တို အတောအတွင်း ဆင်းခွင့်ရခဲ့ခြင်းမှာ လူနာများ စည်းကမ်းလိုက်နာမှု၊ ဆေးဝန်ထမ်းများ၏ စေတနာဖြင့် စောင့်ကြပ် ကုသမှု၊ နိုင်ငံတကာ ကျန်းမာရေး ပညာရှင်များ အသိအမှတ်ပြုထားသည့် လိုက်နာရမည့် စံနှုန်းများအတိုင်း  လုပ်ဆောင်ခဲ့ပြီး ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့၍ ဆေးရုံမှ ဆင်းခွင့်ရခြင်း ဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က မီဒီယာများသို့ ပြောဆိုသည်။

သြဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၉ ရက်နေ့ နံနက် ၈ နာရီ အချိန်ထိရခိုင်ပြည်နယ်အတွင်း ပို့တွေ့လူနာ ၅၇ဝ ဦး ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဖြစ်သည်။

စက်တင်ဘာ ၈ ရက်နေ့လယ် ၂ နာရီက ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရမ်းဗြဲမြို့နယ်မှ အသက် ၂၇ နှစ် အမျိုးသမီး လူနာအမှတ် ၁၆၁ဝ တွင် ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုစလုံးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ရှိသွားခဲ့ပြီဖြစ်သည်။ သူမသည် ပိုးတွေ့သူနှင့် ဆက်စပ်မှု မရှိသလို ခရီးသွားရာဇဝင်လည်း မရှိကြောင်း၊ ရမ်းဗြဲမြို့ ပြည်သူ့ဆေးရုံတွင် လက်ရှိကုသမှု ခံယူနေကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၉ ရက်နေ့ထိ ရခိုင်ပြည်နယ်မှ စစ်တွေတွင် ၃ဝ၁ ဦး၊ ကျောက်ဖြူတွင် ၇၆ ဦး၊ ပေါက်တော ၃၅ ဦး၊ ကျောက်တော် ၂၄ ဦး၊ မြေပုံ ၂၃၊ မင်းပြား၂၂ ဦး၊ မြောက်ဦး ၂၁ ဦး၊  မောင်တော ၂၁ ဦး၊ ပုဏ္ဏားကျွန်း ၁၅ဦး၊ သံတွဲတွင် ၉ ဦး၊ ဘူးသီးတောင် ၈ ဦး၊ တောင်ကုတ် ၇ ဦး၊ အမ်းတွင် ၃ ဦး၊ ရသေ့တောင် ၂ ဦး၊ ဂွ ၁ ဦး၊ မာန်အောင် ၁ ဦးနှင့် ရမ်းဗြဲ ၁ ဦးတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၉ ရက်နေ့ နံနက်ထိ ပိုးတွေ့လူနာ ၁၈ဝ၇ ဦး၊ သေဆုံးသူ ၁၂ ဦး၊ ပိုးတွေ့ပြန်လည်သက်သာလာသူ ၄၆ဝ ဦး၊ စောင့်ကြည့်လူနာ ၈၃၅၉ ဦး၊ ဓာတ်ခွဲစစ်ဆေးသူပေါင်း ၁၇၈၄၇၁ ဦး ရှိသွားပြီဖြစ်သည်။


ခိုင်လူလှ (ရိုးမမြေ)

Narinjara

https://www.facebook.com/narinjara.info

ပိုးမတွေ့၍ စစ်တွေဆေးရုံက ဆင်းရသူ ၇၇ ဦးရှိသွားပြီ၊ ဆင်းခွင့်ရရာတွင် ပထမဆုံးပို့တွေ့သူ CB ဘဏ်ဝန်ထမ်းလည်းပါဝင် ပိုးမတွေ့၍ စစ်တွေဆေးရုံက ဆင်းရသူ ၇၇ ဦးရှိသွားပြီ၊ ဆင်းခွင့်ရရာတွင် ပထမဆုံးပို့တွေ့သူ CB ဘဏ်ဝန်ထမ်းလည်းပါဝင် Reviewed by THITHTOOLWIN on 18:54 Rating: 5

No comments:

Powered by Blogger.