ICC ရောက် တပ်သား နှစ်ဦးကိစ္စ သုံးသပ်ဖို့ စောသေးကြောင်း NLD ပြော

rohingya-refugees-622.jpg

မြန်မာ့တပ်မတော် တပ်သားဟောင်း တပ်သားမျိုးဝင်းထွန်းနဲ့ တပ်သား ဇော်နိုင်ထွန်းတို့ဟာ ၂ဝ၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ်အတွင်း ရိုဟင်ဂျာမွတ်စလင် အရပ်သား အမြောက်အမြားကို သတ်ဖြတ်ခဲ့ရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ ဝန်ခံထာပြီး လက်ရှိ ICC မှာ ထိန်းသိမ်းထားတယ်လို့ နယူးယောက်တိုင်း သတင်းစာက စက်တင်ဘာ ၈ ရက်နေ မနေ့က ရေးသားထားတာပါ။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအချုပ် (NLD) ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ ICC ရောက် တပ်သားဟောင်းတွေရဲ့ ကိစ္စကို သုံးသပ်ပြောဆိုဖို့ စောသေးတယ်လို့ ပြောပါတယ်။

"သူတို့ဘာရည်ရွယ်ချက်နဲ့ ဒီကိုရောက်တာတုန်း၊ ဘယ်လိုရောက်တာလဲ၊ ဘယ်လိုဖိအားတွေရှိနေတာလဲ ဆိုတာတွေပါ ကျွန်တော်တို့က ဆန်းစစ်ဖို့လိုမယ်လို့ထင်တယ်လေ၊ သူတို့ပြောတဲ့အတိုင်းမှန်ရမယ် သူတို့ပြောတဲ့အတိုင်း ဖြစ်ရမယ်ဆိုတာထက်ပေါ့လေ သူတို့ရဲ့အနေထားတွေ ကြည့်ပြီးတော့ပဲ အဆုံးအဖြတ် ပေးလို့ရလိမ့်မယ်လို့ ကျွန်တော်တို့ထင်တယ်၊ အဲလောက်ပဲ ကျွန်တော် လောလောဆယ်တော့ ပြောချင်ပါတယ်။"

ဒီတပ်သားနှစ်ယောက်ဟာ ရက္ခိုင့်တပ်တော် (AA) က ထိန်းသိမ်းထားတဲ့သူတွေဖြစ်ပြီး၊ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်တွေမှာ တပ်မတော်က ကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေမှာ ကိုယ်တိုင် ပါဝင်ခဲ့တယ်ဆိုပြီး AA အဖွဲ့က ထုတ်ပြန်တဲ့ မေလ ၂၈ ရက်နေ့ ရုပ်သံဗီဒီယိုမှာ ထွက်ဆိုထားကြသူတွေဖြစ်ပါတယ်။

သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ အကြမ်းဖက်အဖွဲ့ကဖမ်းပြီးမှ ထွက်လာတဲ့ ဗွီဒီယိုဖိုင်ဟာ ယုံကြည်ရဖို့မရှိပဲ ဒါဟာ မြန်မာနိုင်ငံကို ဖိအားပေးချင်လို့ ရည်ရွယ်လုပ်ဆောင်ထားတာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

"တပ်မတော်နဲ့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ AAဘက်က ဒီတပ်သားနှစ်ယောက်ကို ဖမ်းသွားပြီးတော့ သူတို့ဘက်ကပဲ ဗွီဒီယိုရိုက်ပြီး လွှင့်ထုတ်လိုက်တယ်၊ နောက်တစ်ခါ သတင်းအရလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်သွားပြီး ခိုလှုံခွင့်တောင်;တယ်၊ ပြီးတော့ ICC ကိုလွှဲတယ်ပေါ့နော်၊ ပထမစဉ်းစားရမှာက AA ကို မြန်မာ အစိုးရအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာသတ်မှတ်ထားပြီးသား၊ အဲတော့ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုကို ရောက်သွားတဲ့ သူတွေရဲ့ ထွက်ချက်ဟာ မှန်ကန်နိုင်ပါ့မလား၊ နောက်ဆုံးမှာ ထွက်လာမယ့် ICC ဘက်ကဟာပဲ စဉ်းစားရမှာပဲ၊ လောလောဆယ်မှာတော့ ကျွန်တော်တို့ ဒီသတင်းကို မှန်ကန်တယ်လို့လည်း အတည်ပြုလို့မရသေးဘူး၊ နယူးယောက်တိုင်းကိုယ်တိုင်က ဒါဟာအတည်ပြုဖို့ ခဲယဉ်းတယ်ဆိုတာကို ဖော်ပြထားတာဖြစ်တဲ့အတွက် ဒီဟာက အများကြီးတော့ သက်ရောက်မှာမဟုတ်ဘူး၊ တမင်ကိုသက်သက် မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံဘက်ကို ဖိအားပေးချင်လို့လုပ်ထားတဲ့ အကွက်တစ်ခုလို့ပဲမြင်ပါတယ်။"

AA ကဖမ်းဆီးပြီးမှ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တစ်ဆင့် ICC ကိုရောက်သွားတာကို ကြည့်ခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ARSA နဲ့ AA အဖွဲ့တွေနဲ့ အတွင်းကျကျ ဆက်ဆံရေးရှိနေတယ်လို့လည်း ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) မှာ ထိန်းသိမ်းထားတယ်ဆိုတဲ့ တပ်သားဟောင်းနှစ်ယောက်ကို AA က ဖမ်းဆီးထားချိန်မှာ ထုတ်လွှင့်ခဲ့တဲ့ ဗွီဒီယိုဖိုင်ပါ ပြောဆိုမှုတွေဟာ AA ရဲ့ လုပ်ကြံဖန်တီးထားတဲ့ ဗီဒီယိုဖိုင်သာဖြစ်တယ်လို့ တပ်မတော်ဘက်က ဇွန်လဆန်းကတည်းက RFA ကို ဖြေဆိုထားပါတယ်။

ICC ကို တပ်သားဟောင်းနှစ်ယောက် ရောက်တဲ့သတင်းနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က အကြိမ်ကြိမ် မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

အလားတူ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အိမ်တော် သတင်းထောက်များ Facebook ဂရုကနေ ဆက်သွယ်မေးမြန်းရာမှာလည်း တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

အစိုးရက ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ဟာဂျီဦးအေးလွင်ကတော့ သက်သေခံဖြစ်မဖြစ် အတွေ့အကြုံရှိတဲ့ တရားသူကြီးတွေရဲ့ အပေါ်မူတည်ပြီး အမှန်အတိုင်းဖြစ်စေချင်ကြောင်း ပြောပါတယ်။

" ဒီလိုသက်သေခံတွေတော့ ပေါ်လာမယ်ဆိုတာလည်း သိပ်တော့ မထူးခြားဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်ရပ်တွေဖြစ်ခဲ့တယ်ဆိုတာကို အားလုံးက လက်ခံထားတဲ့ ကိစ္စရပ်တစ်ခု ဖြစ်တဲ့အတွက်ကြောင့် တရားဥပဒေ နည်းလမ်းအတိုင်းပေါ့လေ သက်သေခံဟာလည်း သက်သေခံမြောက် မမြောက်ကို တရားသူကြီးများရဲ့ ဆင်ခြင်တုံးတရားနဲ့ စစ်ဆေးပြီးတော့ အမှန်အတိုင်းဖြစ်ဖို့လေးပေါ်လာရင်တော့ ကောင်းတာပေါ့နော်၊ သက်သေမြောက်မမြောက်ဆိုတာ တရားသူကြီးများက အတွေ့အကြုံရှိကြပါတယ်၊ War Crime တွေလည်း အများကြီး စစ်ဆေးခဲ့ဖူးတာတွေရှိတယ်၊ သူတို့ကို တကယ်သက်သေခံအဖြစ်နဲ့ သတ်မှတ်သင့် မသတ်မှတ်သင့်ဆိုတဲ့ စံချိန်စံညွှန်းတွေရှိပါတယ်၊ အဲတာတွေနဲ့ချင့်ချိန်ပြီးတော့ သူတို့သတ်မှတ်လိမ့်မယ်လို့ ကျွန်တော်တို့ အဲလိုယူဆပါတယ်။"

အရှေ့တောင်အာရှ အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ (Fortify Rights)ကတော့  အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC အနေနဲ့ အဲဒီတပ်သားဟောင်း နှစ်ယောက်ကို အမြန်ဆုံး အရေးယူဖို့နဲ့ အရေးကြီးတဲ့ မျက်မြင်သက်သေတွေအဖြစ် အကာအကွယ်ပေးဖို့ စက်တင်ဘာ ၈ ရက်နေ့မှာပဲ တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ဗီဒီယိုဖိုင်တွေထဲမှာ တပ်သားမျိုးမင်းထွန်းဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း တောင်ဘဇာကျေးရွာက ရိုဟင်ဂျာ ကလေးငယ်တွေနဲ့ အမျိုးသား အမျိုးသမီး  ၃၀ ထက်မနည်းအပါအဝင် ဘူးသီးတောင်မြို့နယ်က တခြားကျေးရွာတွေမှာ အရပ်သား ၆၀ ကနေ ၇၀ လောက်အထိ သတ်ဖြတ်ရာမှာ ပါဝင်ခဲ့ကြောင်း ဝန်ခံထားပါတယ်။

တပ်သားဇော်နိုင်ထွန်းကလည်း ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ်အတွင်း မောင်တောမြို့နယ်က ကျေးရွာ ၂၀ လောက်မှာ ရိုဟင်ဂျာ အယောက် ၈၀ လောက်ကို သတ်ဖြတ်ပြီး အလောင်းတွေကို မြေမြှုပ်ဖျောက်ဖျက်ရာမှာ ပါဝင်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။

မြန်မာအစိုးရဟာ နိုင်ငံတကာက ဝေဖန်ထောက်ပြတိုင်း ငြင်းပယ်နေလေ့ရှိတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မချယ်ရီဇာဟောင်က ပြောပါတယ်။

"ဒီမြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ ကြီးကြီးမားမားလာပြီးတော့ ရောင်ပြန်ဟပ်မှုတော့ ရှိမှာမဟုတ်ဘူး၊ ကျွန်မတို့ မြန်မာနိုင်ငံက အဲလိုမျိုးနိုင်ငံတကာက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဒီလိုရှိတယ်လို့ ထောက်ပြတိုင်း မူဝါဒပြောင်းလဲမှုတွေ၊ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းပြောင်းလဲမှုတွေ လုပ်တာမျိုးမဟုတ်ပဲ ဘူးပဲငြင်းနေတဲ့ နိုင်ငံလေ၊ ကိုယ့်နိုင်ငံမှာတော့ အပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်လာမယ်လို့တော့ မထင်ဘူး၊ ဒါပေမဲ့ ဒါဟာမလုပ်သင့်ဘူး မဖြစ်သင့်ဘူးဆိုပြီးတော့ အသိတရားဝင်နေတဲ့ စစ်သားတွေပေ့ါနော် ဖြစ်လာတာကိုတော့ ကျွန်မတို့ကြိုဆိုတယ်။"

ဒီတပ်သားနှစ်ဦးဟာ AA အဖွဲ့က ထိန်းသိမ်းထားပြီးနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိသွားတာဖြစ်ပြီး အဲဒီကမှတဆင့် ICC ထံ ရောက်သွားတာ ဖြစ်တဲ့အတွက် AA ဘက်က လွှဲပြောင်းပေးလိုက်တာလားဆိုပြီး AA အဖွဲ့ကို RFA က စက်တင်ဘာလ ၈ ရက်နေ့မှာ ဆက်သွယ်မေးမြန်းရာမှာ ဦးခိုင်သုခက ဒီမေးခွန်းကို တိုက်ရိုက်မဖြေပဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ပတ်သက်တဲ့ အထောက်အထားတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးလိုက်ပြီး ဖြစ်ကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်တာတွေတော့ ရှိကြောင်းသာပြောပါတယ်။

ဒါ့အပြင် ဒီတပ်သား နှစ်ယောက်ကို AA က ဖမ်းဆီးထိန်းသိမ်းခဲ့တာ မဟုတ်ဘဲ ကူညီစောင့်ရှောက်ထားတာသာ ဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/case-of-two-soldiers-at-icc-09092020071144.html

ICC ရောက် တပ်သား နှစ်ဦးကိစ္စ သုံးသပ်ဖို့ စောသေးကြောင်း NLD ပြော ICC ရောက် တပ်သား နှစ်ဦးကိစ္စ သုံးသပ်ဖို့ စောသေးကြောင်း NLD ပြော Reviewed by THITHTOOLWIN on 18:52 Rating: 5

No comments:

Powered by Blogger.