ကိုဗစ်ကာကွယ်ဆေး အန္တရာယ်ကင်းကြောင်းမပြနိုင်ရင် ဆေးကုမ္ပဏီတွေ ဖြန့်ချိခွင့်တောင်းမည်မဟုတ်

ကိုဗစ်ကာကွယ်ဆေး အန္တရာယ်ကင်းကြောင်းမပြနိုင်ရင် ဆေးကုမ္ပဏီတွေ ဖြန့်ချိခွင့်တောင်းမည်မဟုတ်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှု နောက်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၃ စမ်းသပ်မှု ရလဒ်တွေမှာ လူတွေအတွက် အန္တရာယ် ကင်းကင်းသုံးစွဲနိုင်ကြောင်း မပြနိုင်သေးရင် အမေရိကန် အစိုးရဆီက တရားဝင်ခွင့်ပြုချက်တောင်းခံဦးမှာ မဟုတ်သေးကြောင်း COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေကြတဲ့ ဆေးကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိချုပ် ၉ ဦးက အင်္ဂါနေ့က ပူးတွဲကြေညာချက်ထုက်ပြန်ပြောကြားလိုက်ပါတယ်။

သမ္မတ Donald Trump က နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ကာကွယ်ဆေးရနိုင်တယ်လို့ တနင်္လာနေ့က ပြောအပြီးမှာ အခုလို ဆေးဝါးကုမ္ပဏီတွေက အမှုဆောင်အရာရှိ ချုပ်တွေရဲ့ ကြေညာချက်ထွက်ပေါ်လာတာပါ။

အခုလို ကတိပေးထားတဲ့ ပူးတွဲကြေညာချက်က ကာကွယ်ဆေး ရဖို့ သိပ္ပံနည်းကျ အဆင့်ဆင့် လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး လူတွေ စိတ်ချယုံကြည်မှုရရှိစေဖို့ မျှော်လင့်ကြောင်းနဲ့ အဆင့်ဆင့် စမ်းသပ်ပြီး နောက်မှာမှ ကာကွယ်ဆေးထုတ်လုပ်ဖို့ ခွင့်ပြုချက်ရယူ သွားနိုင်ဖို့ မျှော်မှန်းထား ကြောင်း အမှုဆောင်အရာရှိချုပ်တွေ ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကာကွယ်ဆေး အဆင့် ၃ စမ်းသပ်မှုရလဒ်တွေမှာ လူတွေအတွက် အန္တရာယ် ကင်းကင်း သုံးစွဲနိုင်ကြောင်း ပြသနိုင်မှသာ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် အရေးပေါ် သုံးစွဲခွင့် တောင်းခံသွားမှာ ဖြစ်တယ်လို့လည်း ဒီကြေညာချက်ထဲမှာ ကတိပြု ပြောဆိုထားတာ ဖြစ်ပါတယ်။

ကာကွယ်ဆေး အသုံးပြုရာမှာ လူတွေအတွက် အန္တရာယ်ကင်းရှင်းဖို့နဲ့ ဆေးထိုးခံမယ့်သူ တဦးချင်းစီအတွက် ကောင်းကျိုးရရှိစေဖို့က သာ ဦးစားပေးကြောင်းလည်း အမှုဆောင်အရာရှိချုပ်တွေက ပြောပါတယ်။

ပုံမှန် အခြေအနေမှာ ဆေးကုမ္ပဏီအတော်များများက ကာကွယ်ဆေးတွေကို လူတွေအတွက် အန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ကြတာပါ။ ဒါပေမဲ့ သမ္မတ Trump က COVID-19 ကာကွယ်ဆေးကို ခွင့်ပြုချက်အမြန်ရယူဖို့ တိုက်တွန်းနေတာ ကြောင့် အခုလို အမှုဆောင်အရာရှိချုပ်တွေရဲ့ ပူးတွဲ ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၁၉၀,၀၀၀ နီးပါးရှိလို့ ကမ္ဘာပေါ်မှာ အများဆုံး ဖြစ်သလို ကူးစက်မှု အရေအတွက် လည်း ၆.၃ သန်းရှိလို့ တကမ္ဘာလုံး ကူးစက်မှု ၂၇.၃ သန်းရဲ့ ၃ ပုံ ၁ ပုံကျော်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-drug-exxecs-promise-covid-vaccine-safety-before-seeking-government-approval-/5575743.html

ကိုဗစ်ကာကွယ်ဆေး အန္တရာယ်ကင်းကြောင်းမပြနိုင်ရင် ဆေးကုမ္ပဏီတွေ ဖြန့်ချိခွင့်တောင်းမည်မဟုတ် ကိုဗစ်ကာကွယ်ဆေး အန္တရာယ်ကင်းကြောင်းမပြနိုင်ရင် ဆေးကုမ္ပဏီတွေ ဖြန့်ချိခွင့်တောင်းမည်မဟုတ် Reviewed by THITHTOOLWIN on 01:27 Rating: 5

No comments:

Powered by Blogger.