ကိုဗစ်အထောက်အပံ့ပေးရေး ဥပဒေမူကြမ်း ကန် အထက်လွှတ်တော် မကြာခင်မဲခွဲမည်

ရီပတ်ဘလင်ကန် အမတ်တွေ ထိန်းချုပ်ထားတဲ့ အမေရိကန် အထက်လွှတ်တော်မှာ COVID-19 အထောက်အပံ့ပေးရေးဆိုင်ရာ ဥပဒေ မူကြမ်းတစ်ရပ်ကို ဒီတပတ်ထဲ မဲခွဲ ဆုံးဖြတ် အတည်ပြုဖို့ ရှိတယ်လို့ အထက်လွှတ်တော် လူများစု ခေါင်းဆောင် Mitch McConnell က အင်္ဂါနေ့က ပြောပါတယ်။

ရစ်ပတ်ဘလင်ကန်ပါတီ နှစ်သက်တဲ့ အချက်တွေ အားလုံးတော့ ဒီ ဥပဒေမူကြမ်းမှာ ပါရှိမှာ မဟုတ်ကြောင်းနဲ့ ဒီမိုကရက် အမတ်တွေ အနေ နဲ့လည်း အလားတူ ခံစားမိကြမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ နှစ်ပါတီ သဘောတူညီ နိုင်တဲ့ အရာတွေကို သဘောထား ကွဲပြား မှုတွေက ပိတ်ဆို့ မထားသင့်ဘူးလို့ ရစ်ပတ်ဘင်ကန်တွေက မြင်ကြောင်းလည်း McConnell က သူရဲ့ ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံထဲ သန်းချီတဲ့လူတွေ အလုပ်လက်မဲ့ ဖြစ်နေဆဲမှာ တစ်ချို့တွေက အလုပ် ပြန်လည် ရရှိကြပေမယ့် အထိအနာဆုံး လုပ်ငန်းတွေကတော့ ပြန်လည် နာလန်ထူဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

ပြည်နယ် အစိုးရတွေက အလုပ်လက်မဲ့ ဖြစ်နေသူတွေကို ပေးအပ်တဲ့ ထောက်ပံ့ငွေ အနည်းငယ် အပေါ်မှာ ဗဟိုအစိုးရက ဇူလိုင်လကုန်အထိ တစ်ပတ် အမေရိကန် ဒေါ်လာ ၆၀၀ ထပ်ဆောင်း ထောက်ပံ့ပေးခဲ့ပါတယ်။

ဒါပေမဲ့ ထောက်ပံ့ကြေး ပေးအပ်တဲ့ ကာလ သက်တမ်းတိုးဖို့နဲ့ ထောက်ပံ့ငွေကြေး သုံးစွဲမှု ပမာဏ အပေါ်မှာ ထရမ့် အစိုးရဘက်ကစေ့စပ် ဆွေးနွေးသူတွေနဲ့ ဒီမိုကရက် အမတ်တွေအကြား သဘောတူညီချက် မရရှိခဲ့ကြပါဘူး။

နွေရာသီ ရပ်နားထားခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် လုပ်ငန်းတွေကို အင်္ဂါနေ့မှာ ပြန်လည် စတင်ခဲ့တာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးကို အထောက်အပံ့ပေးရေး နောက်ထပ် ဥပဒေတရပ် အတည်ပြုနိုင်ရေး မျှော်လင့်ချက်တွေ မှေးမှိန် နေဆဲ ဖြစ်ပါတယ်။

နွေဦးရာသီအစမှာ အမေရိကန် ဒေါ်လာ ၃ ထရီလီယံ တန်ဖိုးရှိတဲ့ အထောက်အပံ့ပေးရေး ဥပဒေတစ်ရပ် အတည်ပြုပြီး ကတည်းက ထရမ့် အစိုးရနဲ့ ဒီမိုကရက် အမတ်တွေ အကြား နောက်ထပ် သဘောတူညီချက် မရရှိခဲ့ကြပါဘူး။

နွေရာသီ ရပ်နားထားတဲ့အောက်လွှတ်တော်ရဲ့ လုပ်ငန်းတွေကို စက်တင်ဘာလ ၁၄ ရက်နေ့မှာမှ ပြန်လည် စတင်မှာ ဖြစ်ပါတယ်။

အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi နဲ့ အထက်လွှတ်တော် လူနည်းစု ခေါင်းဆောင် Chuck Schumer တို့ကတော့ အထက်လွှတ်တော်က ဒီတစ်ပတ် ထဲ မဲခွဲဆုံးဖြတ်မဲ့ ဥပဒေမူကြမ်းဟာ နိုင်ငံရေးကစားတာ သက်သက်ဖြစ်တယ်ဆိုပြီး ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/senate-republican-leader-to-hold-vote-on-covid-19-relief-bill-/5575748.html

ကိုဗစ်အထောက်အပံ့ပေးရေး ဥပဒေမူကြမ်း ကန် အထက်လွှတ်တော် မကြာခင်မဲခွဲမည် ကိုဗစ်အထောက်အပံ့ပေးရေး ဥပဒေမူကြမ်း ကန် အထက်လွှတ်တော် မကြာခင်မဲခွဲမည် Reviewed by THITHTOOLWIN on 01:30 Rating: 5

No comments:

Powered by Blogger.