သုဝဏ္ဏဘောလုံးကွင်းမှာ ကူးစက်လူနာလေးရာဆံ့ ဆေးရုံ တည်ဆောက်

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ မြက်ခင်းတု ဘော်လုံးကွင်းမှာ ကုတင် ၄၀၀ ဆံ့ ယာယီဆေးရုံကို ၂၀၂၀ စက်တင်ဘာ ၁၆ ၇က်နေ့က ဆောက်လုပ်နေစဉ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူတွေကို ကုသပေးဖို့အတွက် ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ မြက်ခင်းတု ဘောလုံးကွင်းမှာ ကုတင် လေးရာဆံ့ ယာယီဆေးရုံတစ်ရုံ တည်ဆောက်နေပါတယ်

အခုလ ၁၂ ရက်နေ့က စတင်ခဲ့တဲ့ တည်ဆောက်ရေးလုပ်ငန်းကို ဒီတပတ်အတွင်း အပြီးသတ်မှာဖြစ်ပြီး၊ အတည်ပြုလူနာတွေ ရောက်လာရင် တားမြစ်ကန့်သတ်နေရာအဖြစ် သတ်မှတ်မယ်လို့ သိရပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူတွေထဲက  အနံ့အာရုံ ပျောက်ဆုံးပေမယ့် တခြား Covid-19 ရောဂါလက္ခဏာ မပြတဲ့သူတွေ၊ မပြင်းထန်တဲ့သူတွေကိုသာ ထားမှာဖြစ်ပြီး၊  ရောဂါပြင်းထန်လာရင်တော့ သက်ဆိုင်ရာဆေးရုံတွေကို လွှဲပြောင်းမယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း တစ်နေ့ထက်တစ်နေ့ ပိုများလာတဲ့ ပိုးကူးစက်ခံထားရသူတွေအတွက် နေရာအခက်အခဲ ဖြစ်နေတာကြောင့် အခုလိုစီစဉ်တာလို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

ဒီလို သီးသန့်ခွဲထားလိုက်တာကြောင့် ဆေးရုံမှာရှိနေတဲ့ ရောဂါပြင်းထန်တဲ့ လူနာတွေကို ပိုပြီးအာရုံစိုက် ကုသပေးနိုင်မယ်လို့  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောပါတယ်။

ဘော်လုံးကွင်း မြက်ခင်းပြင်ပေါ်က ယာယီဆေးရုံအတွက် ရေချိုးခန်း၊ အိမ်သာ၊ လျှပ်စစ်မီး၊ အင်တာနက်လိုင်း၊ လေအေးစက် စတာတွေကိုပါ ထည့်သွင်းတည်ဆောက်နေပြီး၊  အတွင်းထဲမှာ ၁၀ ပေ - ၆ ပေ အကျယ်ရှိတဲ့ အခန်းလေးတွေ ဖွဲ့စည်းထားပါတယ်။

ဒီကုသရေးဌာန  တည်ဆောက်ဖို့အတွက် ဧရာဝတီဖောင်ဒေးရှင်းက ငွေကြေးစိုက်ထုတ် ဆောင်ရွက်တာဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက စောင့်ရှောက်မှုနဲ့ ကုသရေးကိစ္စတွေကို တာဝန်ယူသွားမယ်လို့ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်က သူရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃၆၃၆ ဦး ရှိနေတယ်လို့ စက်တင်ဘာလ ၁၆ ရက်နေ့လယ်ခင်းအထိ ရရှိတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကူးစက်ခံရသူ အများစုတည်ရှိရာ ရန်ကုန်မြို့မှာ ရပ်ကွက်အတွင်း လမ်းတွေကို လူဝင်လူထွက် ကန့်သတ်ထားတဲ့နည်းနဲ့ ကူးစက်မှု လျော့ကျအောင် အာဏာပိုင်တွေက လုပ်ဆောင်နေပါတယ်။

အိမ်မှာပဲ နေထိုင်ပြီး လူစုလူဝေး ရှောင်ကြဖို့၊ မဖြစ်မနေ အိမ်အပြင်ထွက်ရတဲ့အခါ နှာခေါင်းစည်း တပ်ဆင်ဖို့၊ မျက်နှာကို မကြာခဏထိတွေ့တဲ့ လက်ကို မကြာခဏ ဆေးကြောဖို့ ကျန်းမာရေးဌာနက ညွှန်ကြားထားပါတယ်။

လတ်တလော အခက်အခဲကို အားလုံးပူးပေါင်းဆောင်ရွက်ပြီး ကျော်လွှားကြဖို့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၁၅ ရက်နေ့ညက ပြည်သူကို အစီရင်ခံတဲ့  မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ကပ်ဘေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လက စိုးရိမ်စရာကောင်းတဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်လို့ရလာတာဟာ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/thuwanna-covid-temporary-hospital-09162020061746.html

သုဝဏ္ဏဘောလုံးကွင်းမှာ ကူးစက်လူနာလေးရာဆံ့ ဆေးရုံ တည်ဆောက်  သုဝဏ္ဏဘောလုံးကွင်းမှာ ကူးစက်လူနာလေးရာဆံ့ ဆေးရုံ တည်ဆောက် Reviewed by THITHTOOLWIN on 19:37 Rating: 5

No comments:

Powered by Blogger.