မိုးကုတ်မှာ မိုးကြီးလို့ မြေပြိုပြီး လူလေးဦး သေဆုံး

မိုးကုတ်မြို့နယ်မှာ ၂၀၂၀ စက်တင်ဘာလ ၁၅ ရက်နေ့ညက မိုးရွာသွန်းမှုများတာကြောင့် ရေကြီးနေတာကို တွေ့ရစဉ် / ဓာတ်ပုံ -ကိုကျော်မင်းလှိုင်

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်းက ပာင်းပြင်ကျေးရွာအုပ်စု၊ ကိုးလံကျေးရွာနဲ့ ရွှေတိုင်ရွာတွေမှာ ရေကြီးတာနဲ့ မြေသားနံရံပြိုကျမှုတွေဖြစ်ခဲ့တာပါ။

ကိုးလံကျေးရွာက အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ယောက် အပါအဝင် မိသားစုဝင် သုံးယောက် သေဆုံးခဲ့ပြီး ရွှေတိုင်ရွာက အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦး၊ စုစုပေါင်းလေးဦး သေဆုံးခဲ့ပါတယ်။

မီးသတ်တပ်ဖွဲ့က မြေပြိုခဲ့တဲ့ ကျေးရွာတွေကို ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတယ်လို့ မိုးကုတ်မြို့နယ်၊ မီးသတ်ဦးစီးဌာနက အရန်မီးသတ်တပ်ဖွဲ့၊ ရုံးအုပ်ကြီး ဦးကျော်ခိုင် ကပြောပါတယ်။

“မြေမဲရွာက အိမ်ပြိုပြီး လူ သုံးယောက်သေတယ်။ ရွှေတိုင်ရွာ မြေပြိုတာက အဘွားကြီးတစ်ယောက် သေဆုံးပါတယ်။ ဝမ်ရှော့က ကားတစ်စီး ပါသွာတယ်။ သတင်းရတဲ့ရွာတွေကို ကယ်ဆယ်ရေးသွားနေပါတယ်။ မြေပြိုတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ပေးပါတယ်။”

မိုးကုတ်မြို့နယ်အတွင်း မနေ့က စက်တင်ဘာလ ၁၅ ရက်နေ့မှာ မိုးရေချိန် ၆.၆ လက်မနဲ့ မိုးပြင်းထန်စွာ ရွာခဲ့ပါတယ်။

ချောင်းတွေကျဉ်းမြောင်းလာလို့  မိုးများတဲ့အခါ သဘာဝဘေးဒဏ်ကို ခံစားရတာလို့ မိုးကုတ်မြို့၊ ရှောလီဝိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပြောပါတယ်။

“နှစ်စဉ်မဖြစ်ဘူး၊ ရေနီချောင်းက ကျဉ်းလာတာလည်းပါတယ်။ အမှိုက်တွေပစ်တော့ ကျဉ်းလာတယ်။ တချို့နေရာဆို ပေ ၂၅၊ ပေ ၃၀ လောက်ပဲရှိတော့တယ်။ တကယ်တမ်းလိုအပ်တာက ပေ ၅၀ လောက် လိုတယ်။”

သဘာဝဘေးကြုံတွေ့ရမှုတွေမှာ ဒေသခံတွေရဲ့ ချောင်းတွေအနီး စည်းကမ်းမဲ့ နေအိမ်ဆောက်လုပ်တာတွေလည်း ပါဝင်ပြီး ဒါတွေကိုဆင်ခြင်သင့်တယ်လို့ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်ကပြောပါတယ်။

“ဒေသခံကလည်း ဆင်ခြင်ရမှာပေါ့၊ ဆောက်ချင်တဲ့ နေရာမှာဆောက်ကြပြီးတော့ အစီစဉ်ချတဲ့နေရာကလည်း သူတို့ကလည်း လာမနေနိုင်တော့ ကျူးကျော်တွေက နေရာယူတယ်။ အဲ့ဒါတွေက အားလုံးက ဆင့်ကဲ ဆင့်ကဲဖြစ်နေတာ။ အဓိကတော့ ရာသီဥတုပြောင်းတာပါ၊ မိုးကုတ်တင်မဟုတ်ပါဘူး၊ မြေပြန့်တွေက သဲချောင်းတွေရှိတဲ့နေရာတွေမှာလည်း မိုးတအားများရင်ဖြစ်လာတယ်။”

ပျက်စီးဆုံးရှုံးမှုတွေအပေါ် အစိုးရအနေနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနရဲ့ သတ်မှတ်ထားတဲ့ နှုန်းထားတွေအတိုင်း လျော်ကြေးတွေပေးဖို့ရှိတယ်လို့ ဝန်ကြီး ဦးမျိုးသစ်က ပြောပါတယ်။


သဘာဝဘေး ကြုံခဲ့ရတဲ့ ကျေးရွာတွေကို ဒီနေ့မှာ မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေနဲ့လူမှုကူညီရေး အသင်းအဖွဲ့တွေနဲ့  အစိုးရတာဝန်ရှိသူတွေက  ကယ်ဆယ်ရေးလုပ်ငန်းတွေ လာရောက်လုပ်ဆောင်ပေးကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mogok-landslide-four-dead-09162020011407.html

မိုးကုတ်မှာ မိုးကြီးလို့ မြေပြိုပြီး လူလေးဦး သေဆုံး  မိုးကုတ်မှာ မိုးကြီးလို့ မြေပြိုပြီး လူလေးဦး သေဆုံး Reviewed by THITHTOOLWIN on 19:35 Rating: 5

No comments:

Powered by Blogger.