မြန်မာမှာ အသက် ၃၂ နှစ်အရွယ်ကိုဗစ်လူနာတစ်ဦး သေဆုံး

ရန်ကုန်က ကိုဗစ်-၁၉ ကုသရေးဌာန ဖောင်ကြီးမှာ တက်ရောက်ကုသမှုခံယူနေတဲ့ လူနာနံပါတ် ၂၁၆၅ ဟာ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းမှာ သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

သေဆုံးရတဲ့အကြောင်းရင်းကတော့ ပြင်းထန်တဲ့အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးတာနဲ့ အရေပြား လေးဘက်နာရောဂါအခံကြောင့် ကျောက်ကပ်ပျက်စီးခြင်းနဲ့ သေဆုံးရတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာမှာ ကိုဗစ်အတည်ပြုလူနာတွေထဲက သေဆုံးသူဟာ စက်တင်ဘာ ၁၂ ရက်နေ့ခင်းပိုင်းထိ ၁၅ ဦးထိ ရှိလာပါပြီ။

ဒီ ၁၅ ဦးထဲမှာ အခု နောက်ဆုံးကွယ်လွန်တဲ့ လူနာနံပါတ် ၂၁၆၅ အမျိုးသမီးဟာ အသက် ၃၂ နှစ်သာ ရှိသေးတာကြောင့် ကွယ်လွန်သူတွေထဲမှာ အသက်အငယ်ဆုံး လူနာ ဖြစ်လာခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက်က ကွယ်လွန်ခဲ့တဲ့ လှိုင်မြို့နယ်က ဆီးချိုရောဂါအခံရှိသူ ကိုဗစ်အတည်ပြုလူနာနံပါတ် ၁၄၉၁ ဟာလည်း အသက် ၄၅ နှစ်သာ ရှိသေးတာကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်အရေး တိုင်းပြည်ကို စက်တင်ဘာ ၁၀ ရက်က ပြောကြားတဲ့ မိန့်ခွန်းထဲမှာ အခုနောက်ပိုင်း ကိုဗစ်လူနာတွေထဲက ကွယ်လွန်အနိစ္စရောက်သူတွေထဲမှာ ၂ ဦးက အသက်လည်းမကြီးသေးသလို အရွယ်ကောင်းတွေလို့ ပြောလို့ရပြီး တခြားဘာရောဂါ အခံမှလည်းမရှိဘူးလို့ ပြောပါတယ်။

ဒါကြောင့် ကိုဗစ်ကို အသက်အန္တရာယ် မထိခိုက်ဘူးဆိုပြီး ပေါ့ပေါ့တန်တန် မစဉ်းစားဖို့လည်း အတိုင်ပင်ခံက သတိပေးပါတယ်။

မြန်မာမှာ စက်တင်ဘာ ၁၁ ရက်အတွက် ကိုဗစ်ဓာတ်ခွဲနမူနာပေါင်း လေးထောင်ကျော်ကို စစ်ဆေးခဲ့ရာမှာ အတည်ပြုလူနာ ၁၈၀ ဦး တွေ့ရှိခဲ့ရပါတယ်။

အတည်ပြုလူနာတွေကို ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းတို့ မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရန်ကုန်က တစ်ရာကျော်နဲ့အများဆုံးဖြစ်ပြီး မွန်ပြည်နယ်က ၁၉ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

မန္တလေးက ၁၁ ဦးနဲ့ တတိယအများဆုံးဖြစ်ပြီး အရင်က လူနာတွေ့နှုန်းမြင့်တက်ခဲ့တဲ့ ရခိုင်ပြည်နယ်ကတော့ စုစုပေါင်း ၇ ဦးသာ ပါဝင်လာခဲ့ပါတယ်။

တစ်ကျော့ပြန် ကိုဗစ်ရောဂါဖြစ်ပွားမှုမှာ ရန်ကုန်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်အတည်ပြုလူနာ အများဆုံးဖြစ်နေပြီး စုစုပေါင်း လူနာဦးရေဟာ စက်တင်ဘာ ၁၂ ရက်နေ့ခင်းပိုင်းမှာ တစ်ထောင်ကျော်ခဲ့ပြီဖြစ်ပါတယ်။

ပြည်တွင်းကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်မှာတော့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူနာသစ်တွေ့နှုန်း ကျလာခဲ့ပြီး တစ်ကျော့ပြန်ကိုဗစ်ဖြစ်ပွားမှုမှာ စုစုပေါင်းလူနာအရေအတွက်က ခြောက်ရာကျော် ရှိနေပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်မှာ စည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ် သတ်မှတ်ခဲ့ပြီး ပြည်သူလူထုက လိုက်နာလို့ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်အရေး ရုပ်မြင်သံကြားကနေ စက်တင်ဘာ ၁၀ ရက်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။


ဒါကြောင့် ရန်ကုန်ကိုလည်း စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားပြီး တင်းကျပ်တယ်လို့ တချို့က ထင်ပေမယ့် ဒီလို တင်းတင်းကျပ်ကျပ်နဲ့ နှစ်ပတ်သုံးပတ်လောက် လိုက်နာမယ်ဆိုရင် ဒီရောဂါကို ထိန်းချုပ်နိုင်မယ်လို့ အတိုင်ပင်ခံက ဆိုပါတယ်။

လတ်တလော ကူးစက်မှုတွေမြင့်တက်နေတဲ့ ရန်ကုန်မှာ ဖောင်ကြီးကုသရေးဌာနမှာ ကိုဗစ်လူနာတွေအတွက် ယာယီလူနာဆောင်တွေတိုးချဲ့နေသလို လူမနေသေးတဲ့ ကွန်ဒိုအလွတ်နှစ်လုံးမှာလည်း လူနာ ခြောက်ရာနီးပါး ထားနိုင်ဖို့ စတင်ပြင်ဆင်နေပြီလို့ ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာန တာဝန်ခံ ပါမောက္ခ ဒေါက်တာမော်မော်ဦးက ပြောပါတယ်။

ဒီထက် လူနာပိုးများလာရင်တော့ ဘောလုံးကွင်းတွေထဲမှာ ယာယီဆေးရုံ(Hospital tents) ရွက်ဖျင်တဲ တွေထိုးပြီး လူနာတွေ ကုသဖို့ စီစဉ်မယ်လို့ သူက ဆက်ပြောပါတယ်။

လောလောဆယ်မှာ ကိုဗစ် သံသယလူနာတွေကိုလက်ခံထားရှိဖို့ ရန်ကုန်ဆေးရုံကြီးမှာ နေရာမလုံ လောက်တဲ့အတွက် ဆေးရုံကြီးရဲ့ ကင်ဆာဆေး ကုသဆောင်ကို ကိုဗစ်လူနာထားဖို့ ယာယီလူနာဆောင်အဖြစ် ပြောင်းလဲထားရပါတယ်။

ဆေးရုံကြီးရဲ့ အထူးကုပြင်ပလူနာဌာနတချို့ကိုလည်း ဆေးရုံကြီးအနီးက အမှတ် ၂၊ အခြေခံပညာ အထက်တန်းကျောင်း၊ လသာမြို့နယ်ကျောင်းဝင်းထဲကို စက်တင်ဘာ ၁၄ ရက်ကစလို့ ပြောင်းရွှေ့ဖွင့်လှစ်ဖို့ ရှိနေပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54128925

မြန်မာမှာ အသက် ၃၂ နှစ်အရွယ်ကိုဗစ်လူနာတစ်ဦး သေဆုံး  မြန်မာမှာ အသက် ၃၂ နှစ်အရွယ်ကိုဗစ်လူနာတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 18:23 Rating: 5

No comments:

Powered by Blogger.