ကိုဗစ်ကူးစက်သူ မရှိသေးတဲ့ကယားမှာ စည်းကမ်းအသစ်တွေထုတ်

ပြည်တွင်း ကိုဗစ် ကူးစက်မှုတွေ နေ့စဉ်မြင့်တက်နေချိန်မှာ စက်တင်ဘာ ၁၁ ရက် ညနေထိ အတည်ပြုလူနာ မတွေ့ရှိသေးတဲ့ ကယားပြည်နယ်ကို မကူးစက်စေရေး ရောဂါကာကွယ်ရေးစည်းကမ်းချက်သစ်တွေကို အာဏာပိုင်တွေက စက်တင်ဘာ ၁၁ ရက်မှာ ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီစည်းကမ်းချက်တွေကတော့ ကယားပြည်နယ်တွင်းကို ဝင်ရောက်လာသူ ဘယ်သူမဆို သတ်မှတ် ထားတဲ့နေရာမှာ ၁၄ ရက်နဲ့ နေအိမ်မှာ ၇ ရက် စုစုပေါင်း ၂၁ ရက် အသွားအလာကန့်သတ်နေထိုင်ရမှာ ဖြစ်ပြီး ကိုဗစ် ရောဂါရှိမရှိ ဓာတ်ခွဲနမူနာတစ်ကြိမ် စစ်ဆေးရမှာ ဖြစ်ပါတယ်။

အဲဒီလို ကွာရန်တင်းဝင်တဲ့အခါမှာ ပြည်ပပြန်တွေကလွဲလို့ အစိုးရဝန်ထမ်းတွေအပါအဝင် ပြည်တွင်းက ဝင်လာသူတွေအားလုံးဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် အစားအသောက်ကိစ္စ တာဝန်ယူရမှာ ဖြစ်ပါတယ်။

ကွာရန်တင်းစင်တာတွေမှာ စားသောက်မယ်ဆိုရင် တစ်နေ့ကို ကျပ် ၂၈၀၀ နှုန်းနဲ့ ၁၄ ရက်စာ ကျပ် လေးသောင်းခန့်ကို ကြိုတင်ကျခံပေးသွင်းရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူစုလူဝေးမဖြစ်စေဖို့ ထီးစဲခါးရေတံခွန်အပါအဝင် ပြည်နယ်တွင်းက အထင်ကရ ခရီးသွားနေရာ ၁၁ နေရာကို စက်တင်ဘာ ၃၀ ရက်ထိ ပိတ်သိမ်းထားမယ်လို့လည်း ပါရှိပါတယ်။

ပြည်နယ်တွင်း ပြေးဆွဲတဲ့ ယာဥ်လိုင်းတွေကလွဲလို့ အဝေးပြေး ယာဥ်လိုင်းတွေကို ၁၂ ရက် ကနေ လကုန်အထိ ရပ်ဆိုင်းထားမယ်လို့လည်း ကြေညာထားပါတယ်။

ပြင်ပက ဝင်လာမယ့် ကုန်တင်ယာဉ်တွေကိုတော့ သီးသန့်ယာဉ်ရပ်နားစခန်းတွေမှာသာ ရပ်နားစေမှာဖြစ်ပြီး ကုန်တွေကို မြို့တွင်းကနေ လာရောက်သယ်ယူတဲ့စနစ်နဲ့ ဆောင်ရွက်မှာဖြစ်ပါ တယ်။

ဒီစည်းကမ်းချက်တွေဟာ စက်တင်ဘာ ၁၂ ရက်ကစပြီး အသက်ဝင်မှာဖြစ်တယ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးကျော်သန်းလင်းက ဘီဘီစီကိုပြောပါတယ်။

ကယားပြည်နယ်ဟာ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစစ်နေပြီး မယ်စဲ့၊ ရှားတော၊ ဘောလခဲနဲ့ ရွာသစ် စတဲ့ နယ်စပ်ဂိတ်စခန်း ၄ ခု အထိ ရှိပါတယ်။

ကယားပြည်နယ်မှာ ကိုဗစ် ထိန်းချုပ်ရေး လုပ်ဆောင်နေမှုနဲ့ ပတ်သက်ပြီး မြို့ဝင်မြို့ထွက် ဂိတ်တွေမှာ ဌာနဆိုင်ရာတွေ၊ ပြည်သူတွေ ပူးပေါင်းပြီး ကျန်းမာရေး စစ်ဆေးမှုတွေ သေချာလုပ်တာ၊ ကွာရန်တင်းလုပ်တာတွေ ရှိတယ်လို့ ဦးကျော်သန်းလင်းက ပြောပါတယ်။

ကယားပြည်နယ်မှာ ကိုဗစ်လူနာမတွေ့သေးတာနဲ့ ပတ်သက်ပြီး ပြည်နယ်ဟာ လူဦးရေ နည်းပါးပြီး ခရီးသွား ဝင်ရောက်မှုလည်း တခြားတိုင်းနဲ့ ပြည်နယ်တွေလောက် မများတာကြောင့်လည်း အခုလို ကိုဗစ်လူနာ မတွေ့ရသေးတာ ဖြစ်နိုင်တယ်လို့ ကယားပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဌာနမှူး ဒေါက်တာဌေးလွင်က ဘီဘီစီကို ပြောပါတယ်။

တကယ်လို့ ကယားပြည်နယ်မှာ ကိုဗစ် လူနာ ကုသရေး ပြင်ဆင်ထားတာနဲ့ ပတ်သက်ပြီး လက်ရှိမှာ လွိုင်ကော်ဆေးရုံကြီးမှာ ကုတင် ၁၃၀ ကျော် ပြင်ဆင်ထားပြီး တိုင်းရင်းဆေးရုံမှာ ကုတင် ၅၀ ရှိလို့ လူ ၂၀၀ လောက်ကို ကုသပေးနိုင်တဲ့ အနေအထား ရှိတယ်လို့ ဒေါက်တာဌေးလွင်က ဆိုပါတယ်။

လိုအပ်လာရင် သူနာပြု သင်တန်းကျောင်းတွေ၊ မြို့နယ်၊ပြည်နယ် ခန်းမတွေမှာ ဆေးရုံတွေ ချဲ့ပြီး ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

ကယားပြည်နယ်အတွက် အခက်အခဲကတော့ ကုသပေးမယ့် ဆရာဝန်နဲ့ လူနာများလာရင် အောက်ဆီဂျင် ပေးဖို့ အခြေအနေကို တစ်မျိုးပြောင်း စီစဥ်ရမှာ ဖြစ်တယ်လို့ ဒေါက်တာဌေးလွင်က ဆိုပါတယ်။

လက်ရှိမှာ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်လူနာတွေအတွက် အသက်ရှူစက် နှစ်လုံး အသင့်ပြင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ကယားပြည်နယ်မှာ စက်တင်ဘာ ၁၁ ရက်မနက် ၈ နာရီထိ ကိုဗစ် ဓာတ်ခွဲဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းဆဲ လူနာကတော့ ၄၂ ဦးရှိတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54118256

ကိုဗစ်ကူးစက်သူ မရှိသေးတဲ့ကယားမှာ စည်းကမ်းအသစ်တွေထုတ်  ကိုဗစ်ကူးစက်သူ မရှိသေးတဲ့ကယားမှာ စည်းကမ်းအသစ်တွေထုတ် Reviewed by THITHTOOLWIN on 18:21 Rating: 5

No comments:

Powered by Blogger.