မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံး၊ တစ်ဦးပျောက်နေဆဲ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် နှစ်ဦး။ (နိုဝင်ဘာ ၁၂၊ ၂၀၁၇)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သရက်အုပ်ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားနှစ်ဦး ပျောက်ဆုံးရာကနေ ရဲတပ်သားတဦးရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့တပ်မတော်ဘက်က ထုတ်ပြန်ထားသလို ရွာသားတွေကို မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးနေတဲ့အကြောင်း တင်ဆက်ပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မောင်တောမြို့နယ်၊ သရက်အုပ်ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ ရဲတပ်သား ဇေယျာမျိုးနှင့် ရဲတပ်သား မြင့်သိန်းတို့ နှစ်ဦးဟာ စက်တင်ဘာ ၅ ရက် ညနေပိုင်းမှာ မိသားစုရှိရာ ရွက်ညိုတောင်ကျေးရွာကို လက်နက်ခဲ ယမ်းတွေနဲ့အတူအပြန် လမ်းခရီးမှာပျောက်ဆုံးသွားခဲ့တာပါ။

စက်တင်ဘာ ၇ ရက်နေ့မှာတော့ ရွက်ညိုတောင်ကျေးရွာအနီး ပုစွန်ကန်ဟောင်းနေရာ ရွှံ့နွံအတွင်းမှာ ရဲတပ်သား ဇေယျာမျိုးရဲ့ အလောင်းကို တွေ့ရှိရပြီး နှိပ်စက်ထားတဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးတာတွေ့ရှိရတယ်လို့ တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ရဲတပ်သား နှစ်ဦးပျောက်ဆုံး သေဆုံးတဲ့ကိစ္စ ပဏာမ စုံစမ်းချက်အရ AA နှင့် ARSA လက်နက်ကိုင်အုပ်စုက အလစ် အငိုက်ချောင်းမြောင်းသတ်ဖြတ်ခြင်းဖြစ်တယ်လို့ တပ်မတော်ဖက်က သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်ရဲ့ထုတ်ပြန်ချက်အပေါ် ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက အခုလိုငြင်းဆိုထားပါတယ်။

"အဲဒီရဲတပ်သား ၂ ယောက်က အရပ်ထဲမှာ သူတို့နဲ့စီးပွားရေး လုပ်ဖေါ်ကိုင်ဖက်တွေအကြားမှာ ငွေရေးကြေးရေး အရှုပ်အရှင်းတွေ အဲဒီကိစ္စတွေကြောင့်နေပြီးတော့ လူမှုရေးအရှုပ်အရှင်းတွေကြားမှာ သူတို့သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်။ အဲဒီကိစ္စကတော့ ကျနော်တို့နဲ့ ဘာမှပတ်သက်မှုမရှိဘူး။”

သေဆုံးနေတဲ့ ရဲတပ်သားဇေယျာမျိုးအလောင်းကို စက်တင်ဘာ ၇ ရက်နေ့ သရက်အုပ်ရဲကင်းစခန်းနဲ့မနီးမဝေး ရွက်ညိုတောင်ကျေးရွာအနီး ပုစွန်ကန်အဟောင်းမှာ တွေ့ရှိခဲ့လို့ ပုဇွန်ကန်ပိုင်ရှင် ဦးမောင်ထွန်းစိန်ကိုလဲ လူသတ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နဲ့ ငါးခူရနယ်မြေရဲစခန်းမှာ မနေ့က ဖမ်းဆီးအမှုဖွင့်လှစ်ထားပါတယ်။

ဒီအခြေအနေကို ရွက်ညိုတောင်ရွာသားတဦးက အခုလိုပြောပါတယ်။

"စစ်သားနှစ်ဦးပျောက်သွားတယ်လို့ ကျနော်တို့ အဲဒီလိုသတင်းစကားကြားသိရပါတယ်။ မနေ့ကတော့ အလောင်း တလောင်း ရတယ်ဆိုပြီးတော့ ကျနော်တို့ ကြားသိရပါတယ်။ အဲဒီအလောင်းကတော့ ကျနော်တို့ ရွက်ညိုတောင်ရွာရဲ့ အရှေ့ပိုင်းမှာ ပုဇွန်ကန်တွေရှိတယ်။ ပုဇွန်ကန်မှာ မျောနေတယ်လို့ သတင်းရပါတယ်။ ပုဇွန်ကန်ပိုင်ရှင်က ရွက်ညိုတောင်ရွာက ကျနော်တို့ တိုင်းရင်းသား ရခိုင်ပိုင်ရှင် တဦးဖြစ်ပါတယ်။ ပုဇွန်ကန်က ပိုင်ရှင်ကိုတော့ အခု ငါးခူရနယ်မြေက အဲဒီလိုထိန်းသိမ်းထားပါတယ်။”

အလောင်းတွေ့ရှိရာ ပုဇွန်ကန်ဟာ ၂၀၁၇ မောင်တောဒေသအကြမ်းဖက်ဖြစ်စဉ်ကတည်းက အလုပ်သမားတွေ မရှိလို့ မလုပ်ဘဲ ပစ်ထားတာလို့ အဖမ်းခံရသူ ဦးမောင်ထွန်းစိန်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ မကြာခဏ တိုက်ခိုက်ခံရသလို တိုက်ခိုက်ခံရတိုင်း AA နှင့် ARSA လက်နက်ကိုင်အုပ်စုလက်ချက်လို့ တပ်မတော်ဘက်ကထုတ်ပြန်လေ့ရှိပါတယ်။


ကိုနိုင်ကွန်းအိန်/VOA (Burmese)

https://burmese.voanews.com/a/maung-taw-rakhine-conflict/5576702.html

မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံး၊ တစ်ဦးပျောက်နေဆဲ မောင်တော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံး၊ တစ်ဦးပျောက်နေဆဲ Reviewed by THITHTOOLWIN on 01:47 Rating: 5

No comments:

Powered by Blogger.