ကိုဗစ်ကာလ ရခိုင်မှာ လူထောင်ချီ နေရပ်စွန့်ခွာထွက်ပြေးနေရ

ရသေ့တောင် နဲ့ကျောက်တော် မြို့နယ်ထဲက ကျေးရွာ ၇ ရွာက ဒေသခံတွေ စစ်ဘေးကြောင့် နေရပ်စွန့်ခွာလာကြ

ရခိုင်ပြည်နယ်မှာ ဒေသတွင်းစစ်ရေးတင်းမာမှု တွေ မြင့်လာနေတဲ့အတွက် ရခိုင်မြောက်ပိုင်းက မြို့နယ်နှစ်ခုအတွင်းမှာ ထောင်နဲ့ချီတဲ့ ဒေသခံကျေးရွာသားတွေဟာ စုပြုံပြီး နေရပ် စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

အဲ့ဒီ ထွက်ပြေးနေကြရတဲ့ ကျေးရွာသားတွေဟာ ရသေ့တောင်မြို့နယ်က ကျေးရွာသုံးရွာနဲ့ ကျောက်တော်မြို့နယ်က ကျေးရွာ လေးရွာခန့်တို့က ရွာသားတွေဖြစ်ကြပြီး အခုစက်တင်ဘာ တတိယအပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်ပစ်ခတ်မှုတွေကြောင့် မူလနေရပ်ကျေးရွာတွေကို စွန့်ခွာထွက်ပြေးလာခဲ့ကြရတာဖြစ်တယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဘီဘီစီကို ပြောပါတယ်။

အဲဒီကျေးရွာတွေမှာ လက်နက်ကြီး ကျည် ကျရောက်ပြီး လူသေဆုံးမှုတွေကြောင့် ထွက်ပြေးနေကြတာ ဖြစ်တယ်လို့လည်း ဒေသခံတွေ ကပြောပါတယ်။

ထွက်ပြေးလာတဲ့ သူတွေဟာဟာ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ စုပြုံပြီးတော့ နေထိုင်နေကြရပြီး ကိုဗစ် ၁၉ ကူးစက်မှုတွေ ဖြစ်ပွားလာမှာကို စိုးရိမ်ရတဲ့အခြေ အနေတွေကို မြင်တွေ့ခဲ့ရတယ်လို့ သွားရောက်အကူညီပေးခဲ့တဲ့သူတွေကပြောပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ Stay at Home နေအိမ်မှာနေကြဖို့ အစိုရက ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ရက်နေ့ က အမိန့်ထုတ်ထားခဲ့သလို သြဂုတ်လ ၂၁ ရက်နေ့ကလည်း တစ်ပြည်နယ်လုံးမှာ ညမထွက်ရ အမိန့်ထုတ်ထားပေမဲ့လည်း တိုက်ပွဲတွေကြောင့် နေအိမ်တွေကို စွန့်ခွာပြီးထွက်ပြေးလာကြတာဖြစ်ပါတယ်။

စစ်ဘေးရှာင်တွေ အတွက် ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားလာမှာကို စိုးရိမ်ရတဲ့အခြေ အနေရှိ

ရသေ့တောင်မြို့နယ် အတွင်းမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ရွှေလောင်းတင်ကျေးရွာအနီး တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ကြပြီး လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဦးဂါကျေးရွာက လူငယ်တစ်ဦးမှာ မျက်စိ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့မှာတော့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာအနီးမှာရှိတဲ့ ရွှေလောင်းတင်ကျေးရွာကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး တစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

အဲ့ဒီဖြစ်စဉ်ကြောင့် ဒေသခံကျေးရွာသားတွေဟာ အခုလိုမျိုး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရမှာကို စိုးရိမ်ပြီးတော့ ရွှေလောင်းတင်ကျေးရွာအပါအဝင် ကံပြင်၊မြင်းကန်းချောင်း စတဲ့ကျေးရွာတွေက ဒေသခံ တစ်ထောင်နီးပါးလောက်ဟာ ရေပိုက်ဆုံကျေးရွာကို ထွက်ပြေးရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့ ထွက်ပြေးရောက်ရှိနေတဲ့ ရွှေလောင်းတင် ကျေးရွာသား ဦးအောင်နိုင်က ပြောပါတယ်။

"၁၅ ရက်နေ့က တိုက်ပွဲတွေဖြစ်ကြတယ်။ အဲ့ဒီနေ့ကစလို ထွက်ပြေးလာခဲ့ကြတာပါ။ ၁၇ ရက်နေ့မှာ တော့ တိုက်ပွဲမဖြစ်ဘူး။ တစ်ဖက်သတ်ပစ်တာပဲရှိတယ်။ အဲ့ဒီနေ့က ရွာထဲကိုလက်နက်ကြီးကျတယ်။ တစ်ယောက်သေ တယ်၊ နှစ်ယောက်ဒဏ်ရာရတယ်။ ကြောက်ပြီးတော့ တစ်ရွာလုံးထွက်ပြေးကြတာပေါ့။ ရွာပေါင်း သုံးရွာလောက်ပါတယ်ဗျ။ လူပေါင်း ၉၀၀ ကျော်ရှိပါတယ်။ ရွာမှာ လူတွေမရှိတော့ဘူး။ ဒါအကုန်ပဲ"လို့ ဦးအောင်နိုင်က ပြောပါတယ်။

မိုးစဲကျွန်းဒေသ ရွှေလောင်းတင် ကျေးရွာမှာ စက်တင်ဘာ ၁၇ ရက် လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ရေပိုက်ဆုံကျေးရွာမှာ အဲ့ဒီကျေးရွာသုံးရွာက ထွက်ပြေးရောက်ရှိလာခဲ့ကြတဲ့ အိမ်ထောင်စုပေါင်း ၁၉၀ နီးပါးရှိပြီး လူဦးရေ ၉၀၀ ကျော်ရှိနေကာ အဲ့ဒီလူတွေဟာ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ စုပြုံပြီးတော့ နေထိုင်နေကြတာကို မြင်တွေ့ခဲ့ရတယ်လို့ သွားရောက်အကူညီပေးခဲ့တဲ့ ကိုဘက္ကာက ပြောပါတယ်။

ဒုက္ခသည်စခန်း သတ်သတ်မှတ်မှတ်မရှိဘဲ လတ်တလော ရောက်ရှိလာခဲ့ကြသူတွေဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ပြွတ်သိပ်ပြီး နေထိုင်နေကြရတဲ့အတွက် ကူးစက်ရောဂါဖြစ်ပွားလာမှာကိုလည်း စိုးရိမ်နေရတယ်လို့ ဦးအောင်နိုင်က ပြောပါတယ်။

ကျောက်တော်မြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တောင်ပေါက်ကျေးရွာနဲ့ ဘုရားပေါင်း ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရပြီး ရွာသားတွေ ပစ်သတ်ခံလိုက်ရသလို ဩဂုတ်လ ၃၁ ရက်နေ့ကစတင်ဖြစ်ပွားခဲ့တဲ့ ကုလားတန်မြစ်အထက်ပိုင်း ကျေးရွာတွေပစ်ခတ်ခံရပြီးတော့ ကျောင်းသူကျောင်းသားတွေ သေဆုံးထိုခိုက်ခဲ့ရတဲ့ ဖြစ်စဉ်တွေကြောင့် အခုလို ထွက်ပြေးလာခဲ့ကြတာဖြစ်တယ်လို့ ဦးဦးထွန်းဝင်းက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်တွေကြောင့် တောင်ပေါက်ကျေးရွာ၊ ဘုရားပေါင်းကျေးရွာ၊ ပုဏ္ဏားရွာစတဲ့ ကျေးရွာပေါင်း ၅ ရွာလောက်က ဒေသခံပေါင်း ၄ ထောင်နီးပါးလောက် ထွက်ပြေးရောက်ရှိနေကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးရောက်ရှိလာနေကြသူတွေမှာ ကိုဗစ် ၁၉ ရောဂါကူးစက်မှုဖြစ်ပွားမှာထက် လက်နက်ကြီးတွေ ကျရောက်မှာနဲ့ ဘယ်သူတွေလာရောက်ပြီး ဖမ်းဆီးစစ်ဆေးခံရမလဲဆိုတာတွေကို ပိုပြီးတော့ စိုးရိမ်နေရတယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။

ရသေ့တောင်မြို့နယ်မှာ စက်တင်ဘာ ၁၁ ရက် က လက်နက်ကြီးကျည်တစ်လုံး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရ

ကျောက်တော်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်တွေ ရောက်ရှိခိုလှုံနေကြတဲ့ နေရာတွေကတော့ စပါးဆိပ်ရွာ၊ မဟာမြတ်မုနိ ဓမ္မာရုံ၊ သဝင်ကိုင်း၊ ရွှေလှိုင်၊ ကျောက်တန်း၊ ဆင်အိုးချိုင်၊ စစ်အောင်နဲ့ ညောင်ချောင်းစခန်းတို့မှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။

မဟာမြတ်မုနိဓမ္မာရုံမှာ လူဦးရေ တစ်ထောင်လောက်ရှိပြီး ၊စပါးဆိပ်ရွာမှာ ခြောက်ရာလောက်ရှိကာ အားလုံးပေါင်းလိုက်ရင် တော့ လူပေါင်း လေးထောင်ပတ်ဝန်းကျင်လောက်ဟာ ဒီရက်ပိုင်းအတွင်း ထွက်ပြေးရောက်ရှိနေကြတယ်လို့ ဦးဦးထွန်းဝင်းက ပြောပါတယ်။

လက်ရှိမှာ ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ကျေးရွာတွေ စွန့်ခွာ ထွက်ပြေးလာခဲ့ကြသူ စစ်ဘေးဒုက္ခသည်ပေါင်း ၁၈၀၀၀ ဝန်းကျင်ထိ ရှိနေပြီလို့ သူက ပြောပါတယ်။

လတ်တလောထွက်ပြေးလာခဲ့ကြတဲ့ ကျေးရွာသားတွေထဲမှာ တချို့က မိသားစုတွေရှိတဲ့နေရာတွေမှာ သွားရောက်နေထိုင် သူတွေလဲ အများအပြားရှိနေသေးတယ်လို့ သူက ပြောပါတယ်။

အဲ့ဒီကျေးရွာတွေဟာ တပ်မတော်ရဲ့ စစ်ရေယာဉ်တွေအသွားအလာပြုနေတဲ့ မြစ်ကြောင်းတွေနဲ့ နီးစပ်တဲ့ကျေးရွာ တွေဖြစ်တဲ့ အတွက် ပစ်ခတ်မှုတွေကို ဆက်လက်ကြုံတွေ့ရမှာကို စိုးရိမ်ရတဲ့အတွက် သူတို့ရဲ့ နေရပ်ကျေးရွာတွေဆီ ပြန်လည်သွား ရောက်နေထိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ထွက်ပြေးလာခဲ့ကြသူတွေက ပြောဆိုကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54228028

ကိုဗစ်ကာလ ရခိုင်မှာ လူထောင်ချီ နေရပ်စွန့်ခွာထွက်ပြေးနေရ  ကိုဗစ်ကာလ ရခိုင်မှာ လူထောင်ချီ နေရပ်စွန့်ခွာထွက်ပြေးနေရ Reviewed by THITHTOOLWIN on 00:00 Rating: 5

No comments:

Powered by Blogger.