မြန်မာ ကိုဗစ်လူနာ သေဆုံးသူ ၉၀ ကျော်လာ

ရန်ကုန်မြို့ ကွာရမ်တင်းစင်တာတခုမှာ COVID-19 စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (မေ ၁၆၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၅,၅၀၀ ကျော်နဲ့ သေဆုံးသူ ၉၂ ယောက်ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရတော့ ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၂၇၈ ယောက် ထပ်မံတွေ့ရှိတာကြောင့် အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံသူ ၅,၅၄၁ ယောက် ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။ ဓာတ်ခွဲနမူနာ ၂,၂၀၉ ခုကို စမ်းသပ်စစ်ဆေးခဲ့တာမှာ အခုလို ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၂၇၈ ယောက်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့မှာ နောက်ထပ် သေဆုံးသူ ၃ ယောက်ရှိပြီး အသက် ၆၄ နှစ်က ၇၈ နှစ်ကြား အမျိုးသားတွေ ဖြစ်ပါတယ်။ သူတို့ ၃ ယောက်စလုံးဟာ ရန်ကုန်တိုင်းကဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံနဲ့ အရှေ့ပိုင်းဆေးရုံတွေမှာ ကုသနေတဲ့သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့ အစောပိုင်းကလည်း သေဆုံးသူ ၈ ယောက်ရှိတယ်လို့ ထုတ်ပြန်ထားတာကြောင့် ဒီနေ့တရက်တည်းမှာ သေဆုံးသူ စုစုပေါင်း ၁၁ ယောက် ဖြစ်ပါတယ်။ အဲဒီ ၈ ယောက်မှာ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက ၇ ယောက်နဲ့ နေပြည်တော်က ၁ ယောက် ဖြစ်ပါတယ်။

ဒါ့အပြင် ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးလာနေတာကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်တဲ့ မြို့နယ်တွေမှာ နေထိုင်သူတွေအနေနဲ့ မလိုအပ်လျှင် အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) အရ အဲဒီလို အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီနေ့မှာ ၂ ကြိမ်ဆက် ပိုးမတွေ့သူ ၇၂ ဦး ရှိတာကြောင့် ရောဂါသက်သာ ပျောက်ကင်းပြီး ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်း ၁,၂၆၀ ရှိသွားပြီဖြစ်ပါတယ်။ ဒါ့အပြင် မနေ့ကနဲ့ ဒီနေ့ နေ့လယ် ၁၂ နာရီအထိ နောက်ထပ် စောင့်ကြည့်လူနာသစ် ၃၉၈ ယောက်ရှိတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid19-update/5590558.html

မြန်မာ ကိုဗစ်လူနာ သေဆုံးသူ ၉၀ ကျော်လာ မြန်မာ ကိုဗစ်လူနာ သေဆုံးသူ ၉၀ ကျော်လာ Reviewed by THITHTOOLWIN on 00:01 Rating: 5

No comments:

Powered by Blogger.