စင်ကာပူရောက်နေသူတွေ သံရုံးမှာကြိုတင်မဲပေးဖို့ အဖွဲ့အစည်းတွေ ကူညီ

စင်ကာပူရောက်မြန်မာများ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ တန်းစီနေကြတာကို တွေ့ရစဉ် / ဓာတ်ပုံ - ကိုလင်းအောင်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား သုံးသောင်းခွဲ လာမယ့် အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ကြိုတင်မဲပေးကြတော့မှာ ဖြစ်ပါတယ်။

ကြိုတင်မဲပေးနိုင်ရေးအတွက် မြန်မာလူမှုအဖွဲ့အစည်း ခုနှစ်ဖွဲ့က မြန်မာသံရုံးနဲ့ ပူးပေါင်း ကူညီဆောင်ရွက်ပေးနေတာပါ။

အဲဒီထဲက အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာကလပ်ရဲ့ ဥက္ကဋ္ဌ ဦးဘိုဘိုဝင်းက ကပ်ဘေးကာလမှာ လူစုလူဝေးမဖြစ်ဖို့နဲ့ ကျန်းမာရေး စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ စနစ်တကျ မဲထည့်နိုင်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

မဲထည့်မယ့်သူက စင်ကာပူနိုင်ငံ မြန်မာသံရုံးရဲ့ အင်တာနက်စာမျက်နှာမှာ ရက်ချိန်းယူတဲ့အခါ Queue လို့ ခေါ်ကြတဲ့ QR Code ရရှိမယ်လို့ ဆိုပါတယ်။

“လူမှုရေးအဖွဲ့အစည်းတွေ ကူညီနိုင်တာက သံရုံးက ဦးဆောင်တဲ့ကိစ္စ၊ သံရုံးထဲကို ဝင်ပြီးတော့မှ မဲပေးရမှာဖြစ်တဲ့အတွက် ပထမ ပုံစံ ၁၅ ပြီးသွားတဲ့အခါမှာ ဘယ်လိုလုပ်ရမယ်ဆိုတာ ကူညီခဲ့ပြီးပြီ။ ဒုတိယ မဲ ဘယ်လိုပေးရမလဲ။ ဘယ်လို Queue ယူရမလဲ။ ကိုယ်မဲပေးဖို့အတွက် ကိုယ့်ရဲ့ သံရုံးက ကြေညာတဲ့ မဲစာရင်းမှာ ပါ၊ မပါ၊ Queue ဘယ်လိုယူရမယ်ဆိုတာတွေကို အရပ်ဘက်အဖွဲ့အစည်းတွေ အပါအဝင် မြန်မာကလပ်က အချိန်ပြည့် အချိန်နဲ့ တစ်ပြေးညီ သတင်းတွေ ပေးနေတယ်။”

စင်ကာပူမှာ ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ လျှောက်ထားခဲ့သူ သုံးသောင်းခြောက်ထောင်ကျော် ရှိကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်က လျှောက်လွှာတွေ စိစစ်ပြီးနောက် သံရုံးကို မဲစာရင်း နှစ်သောင်းကျော် ပြန်လည်ပေးပို့ထားပြီးဖြစ်ကြောင်း သိရပါတယ်။

ကျန်တဲ့ မဲပေးခွင့်ရှိသူ စာရင်းကို စက်တင်ဘာ ၂၈ ဒီကနေ့ ရက်နေ့မှာ ထပ်ရောက်လာမယ်လို့ သိရကြောင်း ဦးဘိုဘိုဝင်းက ပြောပါတယ်။

နေ့စဉ် မဲဆန္ဒရှင် နှစ်ထောင်ကျော်နှုန်း လာရောက်မဲထည့်နိုင်မှာဖြစ်တယ်လို့ ဦးဘိုဘိုဝင်းက ပြောပါတယ်။

“ဒီလင့်က သံရုံးကတင်ထားတဲ့ ဝဘ်ဆိုဒ်မှာပဲ သွားယူရမယ်။ ဒါပေမဲ့ အဲဒီ Queue တစ်ခုတည်းပဲ ယူလာရမယ်။ အောက်တိုဘာ ၁ ရက်ကနေ ၁၈ ရက်အထိ။ ဥပမာ ဆိုပါစို့၊ ကိုယ်က မနက်ပိုင်း ၉ နာရီမှာ မဲပေးမယ်ဆိုရင် အဲဒီ Bar Code ပါတဲ့စာရွက်ကို ဖုန်းနဲ့ screenshot ရိုက်လာလို့ရတယ်။ အဲဒီ Bar Code ပါရင် သံရုံးမှာ မဲပေးလို့ ရပြီ။”

စင်ကာပူနိုင်ငံရောက်နေတဲ့ ဦးဝင်းအောင်က ၂၀၁၅ ခုနှစ်တုန်းက မဲပေးတဲ့အချိန် တန်းစီပြီး ဆန္ဒမဲပေးရတာ လွယ်ကူပေမယ့် အခု ဒီနှစ်မှာတော့ ကပ်ဘေးနဲ့ တိုက်ဆိုင်နေတဲ့အတွက် ကူးစက်ရောဂါပိုး ပျံ့နှံ့မှု ကန့်သတ်ရေးဆိုင်ရာ စည်းကမ်းချက်တွေ သိထားရမယ်လို့ ပြောပါတယ်။

construction worker လို့ ခေါ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမားတွေထဲမှာ အပြင်ထွက်ခွင့်ရဖို့ ခက်ခဲနိုင်သူရှိနိုင်သလို သွားလာရေးခက်ခဲတဲ့နေရာမှာ ရောက်နေကြသူတချို့လည်း မဲသွားပေးဖို့ ခက်ခဲနိုင်ကြောင်း  ပြောပါတယ်။

“အခက်အခဲတစ်ခုက ဘာလဲဆိုတော့ တချို့ construction worker တွေက ပတ်စပို့တွေ မရှိတာလည်း ပါတယ်။ နောက် ထွက်လို့မရတာလည်း ပါတယ်၊ အခုချိန်ထိ ကိုဗစ်ကြောင့်။ အဲဒါလေးတွေက ပုံစံ ၁၅ တော့ တင်ပြီးသွားပြီ။ အွန်လိုင်းကနေ တင်ကြတာ။ ဒါပေမဲ့ အပြင်ထွက်ပေး ပေးဖို့ကျတော့ သူတို့ သတ်မှတ်ထားတဲ့ ရက်နဲ့ သူတို့ ကုမ္မဏီက ပေးထွက်လို့ ရတဲ့ရက်နဲ့ Queue ယူတဲ့ ရက်နဲ့ ကိုက်မလားပေါ့။ အဲဒါလေးတွေ နည်းနည်းလေးတော့ ကျနော်ထင်ပါတယ်၊ လူ တစ်ထောင်ဝန်းကျင်လောက်ကတော့ မဲပေးနိုင်ပါ့မလားပေါ့။”

“သူတို့က အပြင်ကို ထွက်ခွင့်မပေးသေးဘူးဗျ။ construction sector အားလုံး တချို့ကုမ္ဗဏီတွေ အလုပ်နဲ့ သူတို့နေတဲ့အဆောင်ပေါ့နော်။ အဲဒါတွေမှာပဲ သွားလို့ရတယ်။ public transport သွားလို့ မရတဲ့ဟာတွေရှိတယ်။ အချို့ကုမ္ဗဏီတွေ ရှိသေးတယ်။ သူတို့မဲပေးဖို့အတွက် မဲပေးဖို့အတွက် သံရုံးက သိရဲ့လား။ အဲဒါလေးတွေ တချို့အခက်အခဲလေးတွေ ဖြစ်နိုင်တယ်။”

ဆန္ဒမဲပေးဖို့အတွက် Bar Code ပါဝင်တဲ့ ရက်ချိန်းအတည်ပြုစာ (Queue Appointment confirmation letter)၊ နိုင်ငံကူးလက်မှတ် မူရင်း၊ စင်ကာပူမှာ နေထိုင်ခွင့်ကတ်တို့ကို ယူဆောင်လာရမယ်လို့  မြန်မာသံရုံးက စက်တင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မဲရုံဖွင့်တဲ့ရက်မှာ  သံရုံးကနေ ကိုက် ၅၀၀ အတွင်း မဲဆွယ်တာ၊ မဲလာပေးသူ စိတ် အနှောက်အယှက် ဖြစ်အောင်လုပ်တာ၊ ပါတီအင်္ကျီ တံဆိပ်၊ ရင်ထိုး၊ ခေါင်းစည်းတွေ ဝတ်ဆင်တာတွေ မလုပ်ကြဖို့ အပါအဝင် ရှောင်ရှားရမယ့် အချက်တွေကိုလည်း အသိပေး ထုတ်ပြန်ထားပါတယ်။

သတ်မှတ်ရက်အတွင်း မနက် ကိုးနာရီကနေ ညနေ ငါးနာရီခွဲချိန်ထိ မဲပေးနိုင်ပြီး ကိုယ်အပူချိန် ၃၇.၅ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်နေသူတွေကို သံရုံးထဲ ဝင်ခွင့်ပြုမှာ မဟုတ်ပါဘူး။

၂၀၁၅ ရွေးကောက်ပွဲမှာလည်း မြန်မာနိုင်ငံသား နှစ်သောင်းကျော် မဲထည့်ခဲ့တယ်လို့ သိရပါတယ်။  ပြည်ပရောက်နေသူတွေထဲမှာ စင်ကာပူရောက် မြန်မာပြည်သားတွေက မဲပေးသူ အများဆုံး ဖြစ်ခဲ့ပါတယ်။

တောင်ကိုးရီးယားနိုင်ငံ မြန်မာသံရုံးမှာတော့ အောက်တိုဘာ ၂ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ၊ ထိုင်းနိုင်ငံက မြန်မာသံရုံးမှာ အောက်တိုဘာ ၃ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ သွားရောက် မဲပေးနိုင်ကြမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့မှာ ကော်မရှင်အဖွဲ့ခွဲတွေက ကြိုတင်မဲတွေကို မဲရုံမဖွင့်ခင် သက်ဆိုင်ရာ မဲရုံမှူးတွေကို အပ်နှံရမှာပါ။

ကော်မရှင်က မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ စုစုပေါင်း (၄၅) ရုံးကို ပေးပို့ခဲ့ပြီးတဲ့ ကြိုတင်ဆန္ဒမဲလက်မှတ် အရေအတွက်  တစ်သိန်းကျော် (၁၀၁၅၂၆) ရှိတယ်လို့ အစိုးရက ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/election-for-myanmar-people-in-singapore-09282020084809.html

စင်ကာပူရောက်နေသူတွေ သံရုံးမှာကြိုတင်မဲပေးဖို့ အဖွဲ့အစည်းတွေ ကူညီ  စင်ကာပူရောက်နေသူတွေ သံရုံးမှာကြိုတင်မဲပေးဖို့ အဖွဲ့အစည်းတွေ ကူညီ Reviewed by THITHTOOLWIN on 23:59 Rating: 5

No comments:

Powered by Blogger.