မလေးရှားက မြန်မာ ၁၆၀ ကျော် သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့ပေး

စက်တင်ဘာလ ၁၆ ရက်နေ့က မလေးရှားကနေ နေရပ်ပြန်သူတချို့။ (ဓာတ်ပုံ- မြန်မာသံရုံးမလေးရှားနိုင်ငံ - စက်တင်ဘာလ ၁၆၊ ၂၀၂၀)


ကိုဗစ်ကပ်ရောဂါ ကာလ မလေးရှားရောက် မြန်မာနိုင်ငံသားတွေထဲမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သူတွေ တိုးလာနေချိန်မှာပဲ အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသား ၁၆၀ကျော်ကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့ပေးခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်မှုတွေကြား အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ချင်ပေမဲ့ မပြန်နိုင်ဘဲ ဖြစ်နေသူတွေ၊ ဖမ်းဆီးခံရသူတွေ ရှိနေသလို ကိုယ့်ကိုယ်ကို အဆုံးစီရင်သူတွေလည်း ရှိနေတာပါ။ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ မြန်မာအလုပ်သမား ၂ ဦးနဲ့ပါဆိုရင် စုစုပေါင်း ၁၇ ဦးအထိ ရှိသွားပါပြီ။ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းကတော့ အခက်အခဲကြုံရပေမဲ့ လက်မလျှော့ကြဖို့နဲ့ သံရုံးကို ဆက်သွယ် အကူအညီတောင်းဖို့ တိုက်တွန်းထားပါတယ်။

"ကိုဗစ်ကာလဆိုတော့ စိတ်ဓါတ်ကျတာလည်းဖြစ်မှာပေါ့ ကျနော်တို့က ပြောချင်တာက ဒါကဖြေရှင်းနည်းအမှန် မဟုတ်ဘူး။ အခက်အခဲရှိနေတယ်ဆိုရင်ကျနော်တို့ ဦးစားပေးခေါ်တာတွေရှိနေပါတယ်။ စိတ်ဓါတ်မကျဖို့ ပြောချင်တာပါ။ တခုခုဆို သံရုံးကိုဖုန်းဆက်ပါ အကြံဉာဏ်တောင်းပါ။"

ကပ်ရောဂါကာလ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေတာ မနေ့တုန်းက ၁၄ ကြိမ်မြောက်အဖြစ် လူပေါင်း ၁၆၀ ကျော်ကို ပြန်ပို့ပေးခဲ့ကြောင်းလည်း အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းကပြောပါတယ်။

"၁၆၄ ယောက်မနေ့က ပြန်ပို့တာ အမျိုးသားက ၁၅၀၊ အမျိုးသမီးက ၁၄ ဦးပါ။ အလုပ်သမားတွေပါတယ်၊ သင်္ဘောသားပါတယ်၊ စီအိုင် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား လက်မှတ်လုပ်ပေးထားတဲ့သူတွေ ပါတယ်၊ ကျောင်းသားပါတယ်၊ ဒေါက်တာတဦးပါတယ်၊ အလည်ဗီဇာသမားပါတယ်။ စုစုပေါင်း ၂,၅၄၇ ယောက် ပြန်ပို့ပေးနိုင်ခဲ့ပြီး ၁၅ ကြိမ်ဆိုရင် ထိန်းသိမ်းရေးစခန်းက ၃၉၁ ဦးအပါအဝင်ပေါ့။"

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကပ်ရောဂါကာလမှာ နေရပ်ပြန်ဖို့ အကူအညီတောင်းထားတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော် ရှိနေပြီး၊ ဒီအထဲက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကျန်းမာရေး မကောင်းသူတွေ အပါအဝင် အရေးပေါ်အခြေအနေ ကြုံနေရသူ ၁၃၀ ကျော်ကို နေရပ်ပြန်ပို့နိုင်ဖို့ စီစဉ်ထားကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရသလို နေရပ်ပြန်ဖို့ တရားမဝင် နည်းလမ်းတွေက ကြိုးပမ်းရာက ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေပါတယ်။


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/malaysia-myanmar-migrant/5586914.html

မလေးရှားက မြန်မာ ၁၆၀ ကျော် သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့ပေး မလေးရှားက မြန်မာ ၁၆၀ ကျော် သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့ပေး Reviewed by THITHTOOLWIN on 20:36 Rating: 5

No comments:

Powered by Blogger.