ဗြိတိန် လော်ရီကားပေါ် လူတွေသေဆုံးမှု - ဗီယက်နမ်မှာ လူ ၄ ယောက်ကို ထောင်ဒဏ်တွေ စီရင်

လော်ရီပေါ်က အအေးခန်းကုန်သေတ္တာကြီးထဲမှာ သေဆုံးနေတဲ့ ဗီယက်နမ်နိုင်ငံသား ၃၉ ယောက်ရဲ့ အလောင်းတွေကို တွေ့ရ

ဗြိတိန်နိုင်ငံ အက်စ်ဆက် ကောင်တီကို ဝင်ရောက်လာခဲ့တဲ့ လော်ရီကားတစီးရဲ့ ကုန်သေတ္တာကြီးအတွင်းမှာ သေဆုံးလျက်သားတွေ့ခဲ့ရတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ၃၉ ယောက်အမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ လူ ၄ ယောက်ကို ဗီယက်နမ်မှာ ထောင်ဒဏ်ချမှတ်လိုက်ပြီဖြစ်ကြောင်း ဒေသတွင်း မီဒီယာတွေက တဆင့် သိရပါတယ်။

ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ဂရေးလ်စ် မြို့တနေရာမှာ ရပ်ထားတဲ့ အဲဒီလော်ရီကားအတွင်း သေဆုံးသွားရတဲ့သူတွေထဲ အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေ ပါဝင်ပါတယ်။

သံသယတရားခံ ၄ ယောက်ဟာ "တရားမဝင် ပြောင်းရွှေ့ဝင်ရောက်စေတဲ့ အမှုကို စီစဉ်ခဲ့မှု၊ ပွဲစားလုပ်မှုတို့နဲ့" အပြစ်ရှိကြောင်း ဗီယက်နမ်နိုင်ငံ၊ ဟာတင်း မြို့တရားရုံးကနေ နေ့ချင်းပြီး စီရင်ကာ ဆုံးဖြတ်ချမှတ်လိုက်တယ်လို့ VnExpress သတင်းဌာနက ပြောပါတယ်။

တရားမဝင်ခရီးစဉ်အတွက် သားကောင်အဖြစ် ခံခဲ့ကြရသူတွေထဲက တယောက်ဟာ ဒေါ်လာ ၂၂, ၀၀၀ ပေးခဲ့ရတယ်လို့လည်း အဲဒီ နိုင်ငံပိုင် သတင်းဌာနကပြောပါတယ်။

အသက် ၂၄ နှစ်နဲ့ ၃၆ နှစ်အရွယ်ကြားရှိတဲ့ တရားခံ ၄ ယောက်ဟာ ထောင်ဒဏ် ၂ နှစ်ခွဲကနေ ၇ နှစ်ခွဲ အသီးသီးကျခံရမှာပါ။

ဘယ်လ်ဂျီယမ်က ထွက်လာတဲ့ ကုန်တင်သင်္ဘောကြီးတစီးနဲ့ အဲဒီ လော်ရီကား ဗြိတိန်ကိုရောက်လာပြီး မကြာခင် စက်မှုဇုန်ဝင်းတခုအတွင်းမှာ အဲဒီကားကို စွန့်ပစ်ထားခဲ့ကြပြီး အဲဒီကားပေါ်က ကုန်သေတ္တာအတွင်းမှာ ဗီယက်နမ်နိုင်ငံသားတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတာပါ။

သေဆုံးသူတွေထဲ ဆက်ကျော်သက်အရွယ် ၁၀ ယောက်ပါဝင်ပြီး အဲဒီထဲက ၂ ယောက်က ၁၅ နှစ်အရွယ်ယောက်ျားလေးတွေပါ။

အသက်ရှူမွန်းကျပ်တာ၊ ပူလောင်လွန်းလှတာ စတာတွေကြောင့် လူတွေ သေဆုံးခဲ့ရတာလို့ ဆေးစစ်ချက်တွေက ဆိုပါတယ်။

အရင်လအတွင်းကလည်း ဒီအမှုနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံသား ကားမောင်းသမား အသက် ၄၀ နှစ်အရွယ် ရိုနန် ဟူးချ် က လူသေမှု၊ တရားမဝင် လူတွေ ခေါ်သွင်းလာခဲ့မှု စတာတွေမှာ သူအပြစ်ရှိကြောင်း လန်ဒန်က အိုးလ်ဘေလီ တရားရုံးမှာ ဝန်ခံခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် အမ်မွန် ဟယ်ရစ်ဆန်က တော့ လူ ၃၉ ယောက်ကို သေစေမှု နဲ့ စွဲဆိုထားတာကို ငြင်းဆိုထားပါတယ်။

နောက်တယောက်ဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ် ဂက်ဇ်မီယာ နပ်ဇီက တရားမဝင် လူခေါ်သွင်းမှုမှာ အပြစ်ရှိကြောင်း ဝန်ခံထားပါတယ်။

ဒီနှစ်အစောပိုင်းက လော်ရီ ကားမောင်းသမား အသက် ၂၅ နှစ်အရွယ် မောရစ် ရော်ဘင်ဆန်ဟာ လူသေမှု ၃၉ မှု၊ တရားမဝင် လူခေါ်သွင်းမှု စတဲ့ အပြစ်တွေမှာ သူအပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

တရားစွဲခံရသူ နောက်ထပ် ၃ ယောက်ရှိပြီး သူတို့က သူတို့မှာ အပြစ်မရှိကြောင်း ငြင်းဆိုထားကြပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-54164772

ဗြိတိန် လော်ရီကားပေါ် လူတွေသေဆုံးမှု - ဗီယက်နမ်မှာ လူ ၄ ယောက်ကို ထောင်ဒဏ်တွေ စီရင်  ဗြိတိန် လော်ရီကားပေါ် လူတွေသေဆုံးမှု - ဗီယက်နမ်မှာ လူ ၄ ယောက်ကို ထောင်ဒဏ်တွေ စီရင် Reviewed by THITHTOOLWIN on 00:40 Rating: 5

No comments:

Powered by Blogger.