ပိုးတွေ့နှုန်းများနေတဲ့အချိန် ဆေးမြီးတို နည်းလမ်းတွေမသုံးကြဖို့ တိုက်တွန်း

ကိုဗစ်-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေကို ၂၀၂၀၊ စက်တင်ဘာ ၂၅ ရက်နေ့က အစီရင်ခံတင်ပြစဉ်

Photo: Myanmar State Counsellor Office

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ များပြားနေချိန်မှာ ရောဂါလက္ခဏာရှိတဲ့သူ တချို့ဟာ ဆေးရုံ၊ ဆေးခန်းတွေမှာ ပြသတာမျိုးမရှိဘဲ အိမ်မှာပဲ ကျိတ်ပြီး ကုသနေတာမျိုးတွေရှိနေတယ်လို့ ကြားရတဲ့အတွက် ကျိတ်ကုတာမျိုး မလုပ်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က စက်တင်ဘာ ၂၅ ရက်နေ့ ည ၈ နာရီသတင်းမှာ ပြောကြားသွားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နှုန်းများပြားနေချိန် ရောဂါလက္ခဏာရှိနေတဲ့သူတချို့ဟာ ကိုယ့်အိမ်မှာပဲတင် တစ်ပါးသူတွေမသိအောင် ဆေးမြီးတိုနည်းလမ်းမျိုးတွေနဲ့ ကျိတ်ကုသနေတာမျိုးတွေ ရှိနေပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့ ည ၈ နာရီ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့သတင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆေးမြှီးတိုတွေနဲ့ အိမ်မှာပဲ ကျိတ်ကုမနေဘဲ သက်ဆိုင်ရာ မြို့နယ် ဆေးရုံဆေးခန်းတွေထံ သွားရောက်ပြသကြဖို့ ပြောကြားထားပါတယ်။

"တချို့တွေက ရောဂါဖြစ်တယ်ထင်ရင် အိမ်မှာကုဖို့ ကြိုးစားကြတဲ့သူတွေရှိတယ်ဆိုတာ ကျမတို့ တွေ့ရပါတယ်။ အိမ်မှာဆေးမြီးတိုနဲ့ ကုသလို့မရမှ ဆေးရုံသွားတာရှိပါတယ်။ အဲဒီအခါ ထိထိရောက်ရောက်ကုဖို့ နောက်ကျသွားပါတယ်။ အရေးကြီးတာက စောစောစီးစီး ကုသမှုခံယူဖို့ ဖြစ်ပါတယ်။"

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ကလည်း အိမ်မှာပဲ ကျိတ်ကုမယ်ဆိုရင် နောက်ပိုင်းဖြစ်လာနိုင်မယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေရှိကြောင်း ပြောပါတယ်။

"ကျိတ်ကုတဲ့လူနာရှိလာရင် ထိန်းမရတော့ဘဲ ပိုပြီးဆိုးလာမယ်။ ကျိတ်ကုတာမှာ နှစ်မျိုးရှိတယ်။ တစ်မျိုးက သူ့မှာ ပိုးရှိနေတယ်လို့ သံသယရှိပြီး အသိမခံဘဲ ကျိတ်ကုတာ။ အဲဒါက ကျိတ်ကုတာ စစ်စစ်၊ နောက်တစ်ပိုင်း က နှာစေးချောင်းဆိုး တုတ်ကွေးမိတာလို့ပဲထင်ပြီး ကျိတ်ကုတာ။ အဲဒါက သူ့ကိုယ်သူ ကျိတ်ကုတယ်လို့တောင် မထင်ဘဲ လျှောက်သွားနေတာမျိုး။ ကိုဗစ်က အင်မတန် မာယာများတော့ တော်တော်လေး ပြောရ ခက်ပါတယ်။"

ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကို အိမ်မှာပဲ ကုသနိုင်မယ့်နည်းလမ်းဆိုတာမျိုး ရောဂါပျောက်ကင်းနိုင်တယ်ဆိုတဲ့ ဆေးမြီးတိုတွေ၊ အခြေအမြစ်မရှိတဲ့ကုသနည်းတွေကို တာဝန်မဲ့စွာ ဖြန့်ဝေနေတာမျိုးရှိနေတဲ့အတွက် အဲဒီလို ကုသတာမျိုးမလုပ်ဘဲ မြို့နယ် ဆေးရုံ၊ ဆေးခန်းတွေကို အားကိုးပါယုံကြည်ပါလို့လည်း နိုင်ငံတော် အတိုင်ပင်ခံက တိုက်တွန်းထားပါတယ်။

ဒီလိုမျိုး ကျိတ်ပြီးကုသတယ်ဆိုတာ ကြပ်မတ်စောင့်ကြည့်တဲ့စင်တာတွေကို မသွားချင်ကြတာမျိုး ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားနေတဲ့ အိမ်မှာကုသနိုင်တယ်ဆိုတဲ့ သတင်းအမှားတွေကို ယုံကြည်နေတာမျိုးကြောင့် ဖြစ်နိုင်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ထောက်ပြပါတယ်။

"နိုင်ငံတော်အနေနဲ့ အကောင်းဆုံးစီစဉ်နေတာတွေရှိတယ်။ အွန်လိုင်းပေါ်မှာတော့ ကွာရန်တင်းစင်တာ သွားသွား၊ ဆေးရုံပဲတက်တက် ကိုယ့်အိမ်မှာနေသလောက်တော့ အဆင်ပြေချင်မှ ပြေမှာပေါ့။ ဒါတွေကို သည်းမခံနိုင်ဘဲ ရေးနေကြတာ အဆင်မပြေဘူး။ နောက်တစ်ခုက ကလေးလေးတစ်ယောက် ကလေးပဲ ခေါ်သွားတယ်ဆိုတာမျိုး ရေးကြတယ်။ ကလေးကိုတော့ ဘယ်သူမှ ကလေးတစ်ယောက်ပဲ မခေါ်ဘူး သူ့အမေဖြစ်ဖြစ် တစ်ယောက်ယောက်ပါခေါ်တယ်။ အဲ့ဒါမျိုးပေါ့ ကိုယ်က ဘာရယ်မဟုတ်ဘူး ရေးလိုက်ပေမယ့် တစ်ဘက်မှာ မလိုလားအပ်ဘဲ ကြောက်စိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာတွေဖြစ်လာနိုင်တယ်။ အဲ့တော့ သေချာစဉ်းစားစေချင်တယ် ဘာပဲတင်တင် ဘာပဲရှဲရှဲ။"

အိမ်မှာဆေးမြီးတိုနဲ့ ကုသရုံနဲ့ ပျောက်ကင်းသွားနိုင်တဲ့ရောဂါ မဟုတ်တဲ့အတွက် ဆေးရုံဆေးခန်းတွေမှာ ပြသဖို့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကို လိုက်နာကြဖို့ လိုအပ်နေပါတယ်။

ဆေးရုံဆေးခန်းကို သွားခိုင်းတယ်ဆိုပေမယ့် ရောဂါလက္ခဏာပြလို့ ဆေးရုံသွားတဲ့အခါ လူနာများပြားတဲ့ အခြေအနေကြောင့် ဆေးပေးပြီး ပြန်လွှတ်လိုက်တာမျိုးတွေ အောက်ခြေမှာရှိနေတယ်လို့ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်းက ပြောပါတယ်။

"ဒီထက်ပိုပြီး အရေးကြီးတဲ့လူနာတွေရှေ့မှာ ရှိနေတာပေါ့နော်။ တချို့က လည်ချောင်းနာရုံ၊ အနံပျောက်ရုံ၊ ဖျားရုံလောက် အရမ်းအခြေအနေမဆိုးရင် အဲဒီက ဆရာဝန်က သောက်ဆေးပေးပြီး အိမ်မှာပြန်နေ အရမ်းအခြေအနေဆိုးမှ အသက်ရှုကျပ်မှ ပြန်လာခဲ့ဆိုပြီး မှတ်ချက်ရေးပြီး ပြန်လွှတ်တာ၊ ဒါက ဆေးရုံတိုင်း ဟုတ်မဟုတ်မသိဘူး။ တချို့ဆေးရုံတွေ အဲလိုပြန်လွှတ်တာ ကျနော် လူနာတော်တော်များများ ဖြစ်နေတယ် အပေါ်က ညွှန်ကြားပေမယ့် အောက်မှာ ဒီတိုင်းဖြစ်နေတယ်။"

ပိုးတွေ့လူနာအင်အားကြောင့် ရောဂါလက္ခဏာ မပြင်းထန်သူတွေကို ဆေးစစ်ချက်မယူနိုင်၊ ကြပ်မတ် စောင့်ကြည့်တာမျိုး မလုပ်နိုင်ဘဲ ပြန်လွှတ်လိုက်ရတဲ့ အခြေအနေမျိုးတွေရှိနေတာ ဖြစ်ပါတယ်။

နောက်ပိုင်း ပိုးတွေ့လူနာများပြားလာချိန်မှာ တိုင်းကျန်းမာရေးရဲ့ညွှန်ကြားချက်အရ ရောဂါလက္ခဏာ ပြသူတွေကို သီးသန့်ကြပ်မတ်စောင့်ကြည့်တာမျိုး လုပ်နေတယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က အခြေအနေကို ရှင်းပြပါတယ်။

"အခြေအနေက လူက သာမန်ပဲဆိုပြီး နှာစေးချောင်းဆိုးဆို ဆေးပေးပြီး ပြန်လွှတ်တာရှိတယ်။ ဒီနောက်ပိုင်း ကူးစက်မှုတွေများလာတော့ တိုင်းအစိုးရက ညွှန်ကြားချက်ပေးတယ်။ ကျနော်တို့ကလည်း အင်းစိန်ဆေးရုံ နားက အထက (၁) ကျောင်းမှာ အနံပျောက်တွေ ဆေးရုံကိုလာပြတဲ့ ကိုဗစ်လက္ခဏာနဲ့ ဆေးရုံလာပြရင် ပြန်မလွှတ်ဘူး။ ကျောင်းဝန်းထဲမှာ ထားပြီး စောင့်ကြည့်တာတွေ လုပ်နေပါတယ်။"

နိုင်ငံတော် အတိုင်ပင်ခံ ပြောကြားသွားတဲ့အထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး၊ ကုသဆေးဆိုတာ မပေါ်သေးကြောင်း၊ ကိုဗစ်အကြောင်း သိကောင်းစရာဆိုပြီး ကျန်းမာရေးဝန်ကြီးဌာန ဖေ့စ်ဘွတ် စာမျက်နှာမှာ မေးမြန်းနိုင်ဖို့ စီစဉ်ထားပြီး ကျန်းမာရေးဝန်ကြီးဌာနနဲ့ သမားတော်ကြီးတွေကို အင်္ဂါ ၊ ဗုဒ္ဓဟူး ကြာသာပတေးနေ့မှာ ဖြေကြားပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/not-to-use-short-acting-drug-for-covid19-09262020060854.html

ပိုးတွေ့နှုန်းများနေတဲ့အချိန် ဆေးမြီးတို နည်းလမ်းတွေမသုံးကြဖို့ တိုက်တွန်း  ပိုးတွေ့နှုန်းများနေတဲ့အချိန် ဆေးမြီးတို နည်းလမ်းတွေမသုံးကြဖို့ တိုက်တွန်း Reviewed by THITHTOOLWIN on 23:42 Rating: 5

No comments:

Powered by Blogger.