စာသင်တိုက်တွေ ကိုရိုနာဗိုင်းရပ်စ်မကူးအောင် အထူးဂရုပြုဖို့လို


မြန်မာပြည်မှာ ဗုဒ္ဓသာသာနာအတွက် သံဃာတွေပညာသင်တဲ့ စာသင်တိုက်ကြီးတွေဟာ ကိုရင်တွေ ရဟန်းတော်တွေ တနေရာထဲမှာ ရာနဲ့ချီ သီတင်းသုံးနေထိုင်ရတဲ့ နေရာတွေဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်တိုင်း၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်က သံဃာအပါး ၃၅ဝ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နေပါတယ်။

မြန်မာနိုင်ငံမှာ ရဟန်းသံဃာ ၅ သိန်းခန့်ရှိပြီး တချို့စာသင်တိုက်ကြီးတွေမှာ သံဃာအပါး ထောင်နဲ့ချီ သီတင်းသုံးနေထိုင်ကြတဲ့အတွက် ကျောင်းဝင်းအတွင်းရှိ သံဃာတွေဖြစ်စေ လူဖြစ်စေတဦးဦးကို ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမယ်ဆိုရင် ကျန်ပုဂ္ဂိုလ်တွေကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဝိမုတ္တိသုခဝိဟာရကျောင်းတိုက်မှာ သီတင်းသုံးတဲ့ ဆရာတော် အရှင်မင်းသုညက သံဃာတော်များအပြင် ကျောင်းတိုက်အတွင်းရှိ ဝေယျာဝစ္စလုပ်ကိုင်သူတွေလည်း အထူးသတိထားပြီး ကျန်းမာရေးညွန်ကြားချက်တွေကို လိုက်နာကျင့်ကြပါလို့ ပန်ကြားလိုက်ပါတယ်။

“ရဟန်းသံဃာတွေ ဆွမ်းဘုန်းပေးရင် ဆွမ်းစားဝိုင်းမှာ အတူတူထိုင်ရတယ်။  ပန်းကန်တွေ ဇွန်းတွေလည်း အတူတူဆိုတော့ ကူးစက်ဖို့လွယ်တယ်။ စာသင်တိုက်တွေဆိုရင် တခန်းစီ နေထိုင်ကြရတာ မဟုတ်ဘူး။ ခန်းမကြီးတွေထဲမှာ တန်းစီပြီး နေထိုင်ကြတာများပါတယ်။ ဒါကြောင့် တပါးဖြစ်ပြီဆိုရင် တခြားသူကို ကူးစက်ဖို့ အလွန်လွယ်ပါတယ်”

ပြင်ဦးလွင်မြို့ရှိ အာရှအလင်းရောင်ကျောင်းတိုက် ဆရာတော် အရှင် ဦးစိန္တိတ ကတော့ ….

“ရဟန်းသံဃာဆိုတာ ဒါယိကာ ဒါယိကာမတွေရဲ့ ပစ္စည်းလေးပါးကို မှီပြီးရပ်တည်ရသူတွေဖြစ်လို့ ဆွမ်းခံစားရပါတယ်။ ကျောင်းရှိ သံဃာတွေ ဆွမ်းခံကြွတဲ့အခါ Face shield တွေ နှာခေါင်းစည်းတွေ တပ်ရပါတယ်။ ပြန်လာတာနဲ့ Hand gelနဲ့ လက်ဆေးပြီးရင် ရေချိုးရပါတယ်။ မိမိတို့ကျောင်းတိုက်က သံဃာတော်တွေကို ဒီရောဂါပိုးမကူးစက်အောင် စနစ်တကျ ကျန်းမာရေးဝန်ကြီးဌာန ညွန်ကြားချက်တွေနဲ့အညီ နေထိုင်ဖို့ ဆောင်ရွက်သလို ရွာမှာရှိတဲ့ ဒါယိကာ ဒါယိကာမ တွေကိုလည်း အဲဒီလိုနေထိုင်ကြဖို့ ဟောကြားပါတယ်။ သူတို့ကလည်း လိုက်နာကြပါတယ်။"

အဲဒီ အာရှအလင်းရောင်ကျောင်းတိုက်မှာ သံဃာတွေအပြင် မယ်သီလရှင်တွေ၊ မိဘမဲ့ကျောင်းသားတွေ၊ ဝန်ထမ်းတွေစု စုပေါင်း ၁ဝဝ ကျော် ရှိပါတယ်။ မန္တလေးမြို့ ၊ နန်းရှေ့မှာရှိတဲ့ ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး အထက်တန်းကျောင်းတိုက်မှာဆိုရင် ပုံမှန်အားဖြင့် သံဃာနဲ့ တခြားဝန်ထမ်းတွေ စုစုပေါင်း ၁၅ဝဝ ခန့်ရှိပြီး ကိုဗစ် ၁၉ ကူးစက်မှာကို စိုးရိမ်တဲ့အတွက် နယ်တွေကို ပြန်သွားသူတွေရှိတာကြောင့် လက်ရှိမှာတော့ သံဃာအပါး ၃၅ဝ ခန့်၊ ဝန်ထမ်းနဲ့ တိုင်းရင်းသားကျောင်းသားတွေ အပါအဝင် စုစုပေါင်း ၇ဝဝ ခန့်ရှိပါတယ်။ အဲဒီ ကျောင်းတိုက်က လက်ထောက်ဆရာတော် အရှင် ဦးတေဇောဘာသ က သူတို့ကျောင်းတိုက်မှာ စည်းကမ်းတွေကို အထူးတင်းကျပ်ထားပြီး ကျောင်းဝင်းအပြင်ကို ဘယ်သူမှ မထွက်ဖို့ စည်းကမ်းထုတ်ထားတယ်လို့ RFA ကို မိန့်ကြားပါတယ်။

“Covid 19 ဖြစ်ပြီဆိုကတည်းက ကျောင်းတိုက်ကို Lockdown ချလိုက်တယ်။ ကျောင်းပြင်က လာလှူသူတွေကိုလည်း ကျောင်းအဝင်မှာ ကိုယ်အပူချိန်တိုင်းတယ်။ လက်ဆေးရတယ်။ Mask တပ်ပြီးမှ ဝင်ခွင့်ပေးတယ်။ အပြင်ကလာတဲ့ ပစ္စည်းတွေကို ကျောင်းအဝင်မှာ လက်ခံတဲ့ကလေးတွေက နှာခေါင်းစည်းတပ်ရတယ်။ လက်အိတ်စွပ်ရတယ်။ Face shield တပ်ရတယ်။ ပြီးရင် ပစ္စည်းတွေကို ဆေးဖျန်းတယ်။ ကျောင်းထဲမှာရှိတဲ့ စားစရာတွေကိုပဲ ချက်ကျွေးပါတယ်။ အပြင်က ဆွမ်းချိုင့်တွေ လက်မခံပါဘူး။”

အဲဒီ ဖောင်တော်ဦးကျောင်းတိုက်ဟာ ဝ၊ ပလောင်၊ ရှမ်း၊ လားဟူ၊ အခါ၊ လီရှော၊ ဓနု နဲ့ ပအို့စ်စတဲ့ တိုင်းရင်းသား ကျောင်းသားတွေ အများအပြားရှိတဲ့ ကျောင်းတိုက်ဖြစ်ပါတယ်။အခုအချိန်အထိတော့ အထက်ပါ ကျောင်းတိုက် ၃ ခုမှာရှိတဲ့ ဆရာတော် သံဃာတော်တွေ၊ မယ်သီလရှင်တွေရော တခြား ကျောင်းဝင်းအတွင်းရှိ ကျောင်းသူကျောင်းသားနဲ့ လူပုဂ္ဂိုလ်အားလုံး တစုံတဦးကိုမျှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မရှိသေးဘူးလို့ ဆရာတော်တွေက မိန့်ကြားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/monasteries-in-myanmar-need-to-prevent-Covid-19-infection-09252020180326.html

စာသင်တိုက်တွေ ကိုရိုနာဗိုင်းရပ်စ်မကူးအောင် အထူးဂရုပြုဖို့လို စာသင်တိုက်တွေ ကိုရိုနာဗိုင်းရပ်စ်မကူးအောင် အထူးဂရုပြုဖို့လို Reviewed by THITHTOOLWIN on 23:45 Rating: 5

No comments:

Powered by Blogger.