မြန်မာမှာ ကိုဗစ်လူနာတွေထဲ သေဆုံးသူ တစ်ရာ ရှိပြီ

ကပ်ရောဂါအတွက် ကျပ်ဘီလီယံ တစ်ထောင်သုံးတာဟာ သမိုင်းတလျှောက် အများဆုံးသုံးတဲ့ပမာဏ ဖြစ်

ရန်ကုန်တစ်တိုင်းလုံး ကိုကိုးကျွန်းကလွဲလို့ အကျုံးဝင်တဲ့ အိမ်မှာနေဖို့ အမိန့် စတင်အသက်ဝင်တဲ့ စက်တင်ဘာ ၂၁ ရက်မှာပဲ မြန်မာနိုင်ငံ မှာ ကိုဗစ်အတည်ပြုလူနာစုစုပေါင်းက ခြောက်ထောင်ကျော်ခဲ့ပါပြီ။

လူနာ ခြောက်ထောင်ကျော်မှာ ရန်ကုန်တစ်မြို့တည်းကပဲ လေးထောင်ခန့် ရှိပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ရန်ကုန်မှာ အိမ်မှာနေဖို့အမိန့် စတင်အသက်ဝင်တဲ့နေ့မှာ တိုင်းပြည်ကို မိန့်ခွန်း ပြောခဲ့ပါတယ်။

ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေနဲ့ အကျိုးဆက်တွေအတွက် ကျပ်ဘီလီယံတစ်ထောင်ကျော် သုံးဖို့ ဖယ်ထားတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။

ဒါက ကပ်ရောဂါအတွက် သမိုင်းတလျှောက် အများဆုံးသုံးတဲ့ပမာဏလည်းဖြစ်ပါတယ်။

တက်သုတ်ရိုက်အမိန့်စာ

ရုံးပိတ်ရက် တနင်္ဂနွေမှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအပြီး နေ့မကူးခင်မှာပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဟာ ပင်လယ်ထဲ က ကိုကိုးကျွန်းကလွဲလို့ ရန်ကုန်တစ်တိုင်းလုံးကို အိမ်မှာနေဖို့ အမိန့်ကို အလျင်အမြန်ပဲ ထုတ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၁ ရက် မနက် ၈ နာရီမှာ အသက်ဝင်မယ့်အမိန့်ကို စက်တင်ဘာ ၂၀ ရက်ည ၈ နာရီမှာထုတ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် စာပါညွှန်ကြားချက်တွေ မရှင်းလင်းတဲ့အတွက် လူထုကြား အငြင်းပွားစရာတချို့ ဖြစ်ခဲ့ပါတယ်။

စာထဲမှာဖော်ပြချက်အရတော့ အစိုးရဝန်ထမ်းတွေရုံးတက်ဖို့ကို နှစ်ပတ်ဆင်း၊ နှစ်ပတ်နား ဆောင်ရွက်ရမှာဖြစ်ပါတယ်။

အထည်ချုပ်လို လက်ခစားလုပ်ငန်းတွေက ဝန်ထမ်းတွေကတော့ လာမယ့် စက်တင်ဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၇ ရက် အထိ အလုပ်မသွားဖို့ အမိန့်စာမှာ ဖော်ပြထားပါတယ်။

ဘဏ်နဲ့ငွေကြေးလုပ်ငန်းတွေ၊ စက်သုံးဆီဆိုင်တွေ၊ စားသောက်ကုန်နဲ့သားငါးအအေးခန်းတွေ၊ ဆေးနဲ့ဆေးပစ္စည်းတွေ၊ရေသန့်နဲ့ နေ့စဉ်တစ်ကိုယ်ရည်သုံးပစ္စည်းထုတ်သူတွေကလွဲလို့ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေကတော့ အိမ်ကနေအလုပ်လုပ်ရမှာပါ။

ဒါပေမဲ့ အိမ်မှာလုပ်လို့မရတဲ့ ပုဂ္ဂလိကလုပ်ငန်းတချို့ဟာ အလုပ်တွေရပ်ရမလား၊ မရပ်ရဘူးလား ဆိုတာ ခွဲခြားရခက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

အဲဒီလိုဝေခွဲမရဖြစ်နေတဲ့လုပ်ငန်းတွေထဲမှာ အိမ်အရောက်ပို့ဆောင်ရေးလုပ်ငန်းတွေကနေ သံရုံးလို နေရာအထိ ပါတယ်လို့ ISP Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်သူငြိမ်းက ဘီဘီစီကိုပြောပါတယ်။

'အမိန့်စာက ရှင်းလင်းမှုမရှိလို့ ပြည်သူတွေကြားမှာ နားလည်သလိုအဓိပ္ပာယ်ဖွင့်နေကြရတယ်' လို့ လည်း သူကပြောပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက လေဆိပ်၊ ဆိပ်ကမ်း အလုပ်တွေနဲ့ ဆက်စပ်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို လုပ်ငန်းခွင်ထဲ သွားရောက်ခွင့်ရဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနဆီ စာပို့ခဲ့ပါတယ်။

ရှင်းလင်းတဲ့အသေးစိတ်ထုတ်ပြန်ချက်တွေ လိုအပ်

ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အချိန်လုနေရတာကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာပဲ ကျန်းမာရေးဝန်ကြီးဌာနက ဒီအမိန့်ကို အလျင်အမြန်ပဲ ထုတ်ခဲ့တာဖြစ်တယ်လို့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

တခြား သက်ဆိုင်ရာဝန်ကြီးဌာနတွေက အသေးစိတ်ထုတ်ပြန်ချက်တွေ ထပ်ထုတ်ဖို့ရှိတယ်လို့ သူကဆက်ပြောပါတယ်။

ကူးစက်မှုတွေဖြတ်တောက်ဖို့ လူတွေအိမ်ထဲမှာနေဖို့လိုအပ် လို့ ကျန်းမာရေးပြောခွင့်ရသူ ပြောပါတယ်။

အမျိုးသားအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ဗဟိုကော်မတီက အများပြည်သူနဲ့သက်ဆိုင်တဲ့ ကိစ္စတွေမှာ ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေပေးပြီးပြီလို့တော့ သူကပြောပါတယ်။

စားသောက်ဆိုင်လုပ်ငန်းတွေကိုလုံးဝမပိတ်သိမ်းဘဲ ပါဆယ်စနစ်နဲ့ရောင်းချဖို့၊ အိမ်အရောက်ပို့ အစားအသောက်လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့၊ ဈေးဝယ်စင်တာတွေမှာဆိုလည်း အဝတ်အထည်နဲ့ ဇိမ်ခံပစ္စည်းတွေကလွဲလို့ ဆေးဝါး၊ သားငါး၊ ကုန်ခြောက် နဲ့ လျှပ်စစ်ပစ္စည်းတွေ ဆက်ရောင်းဖို့ ညွှန်ကြားထားတယ်လို့ သူက ဆက်ပြောပါတယ်။

"အမိန့်စာနဲ့ ရုံးစာ ဆိုတာရှိတယ်။ ကျန်းမာရေးဝန်ကြီးဌာနကထုတ်လိုက်တာအမိန့်စာ။ ရုံးစာတွေထဲမှာ အသေးစိတ်ပါတယ်။ လူတွေက အမိန့်စာပဲ ဖတ်ရပြီး ရုံးစာမဖတ်ရတဲ့အခါ မရှင်းလင်းတာတွေဖြစ်သွားတာပါ။ သက်ဆိုင်တဲ့ဌာနဆိုင်ရာတွေက ဆက်ထုတ်ပါလိမ့်မယ်" လို့ သူကပြောပါတယ်။

ပြည်သူကြားမှာ အမိန့်စာနဲ့ပတ်သက်လို့ ကျန်းမာရေးလိုအပ်ချက်ကြောင့်ဆိုတာကို ရှင်းရှင်းလင်းလင်းနားလည်ခဲ့ကြပြီး ရုတ်တရက် ထုတ်ပြန်လိုက်လို့ပြင်ဆင်ချိန်မရတဲ့အပိုင်းနဲ့ တိကျတဲ့အသေးစိတ်ညွှန်ကြားချက်တွေ မပါဝင်တဲ့အချက်ကိုပဲ ထောက်ပြခဲ့ကြတာဖြစ်ပါတယ်။

ကူးစက်မှုတွေဖြတ်တောက်ဖို့အိမ်ထဲမှာနေကြဖို့လို

ကျန်းမာရေးဝန်ကြီးဌာနရဲ့အမိန့်စာမှာ မဖြစ်မနေ ဈေးဝယ်စရာရှိရင် တစ်ယောက်ပဲ အပြင်ထွက်ဖို့၊ ဆေးခန်းသွားရင် နှစ်ယောက်ထက်မပိုဖို့ ပါဝင်ပါ တယ်။ သတ်မှတ်ဦးရေထက် ပိုချင်ရင်ပဲဖြစ်ဖြစ်၊ တခြားအရေးပေါ်ကိစ္စတွေအတွက် သွားစရာရှိရင်ပဲဖြစ်ဖြစ် ရပ်ကွက်အုပ်ချုပ်ရေးကို ခွင့်ပြုချက် တောင်းပြီးသွားဖို့ ညွှန်ကြားထားပါတယ်။

ကပ်ရောဂါ ထိန်းချုပ်တဲ့အခြေအနေမှာ တစ်ရက်ဆို ဆိုသလောက် အရေးပါလို့ ဒီလိုအမိန့်စာကို အလျင်အမြန်ထုတ်ရတာလို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။ လော့ဒေါင်းချတာမျိုးမဟုတ်ဘဲ အရေးကြီးတဲ့အခြေအနေအလိုက် ဖြေလျှော့မှုတွေ ပေးထားတယ်လို့လည်း သူကပြောပါတယ်။

"လူတွေတစ်ယောက်စီကနေ တစ်ယောက် ကူးနေတာတွေကို အမြန်ဖြတ်တောက်ဖို့ အိမ်ထဲမှာပဲ အမြန်နေခိုင်းဖို့လိုနေပြီ။ ဒါမှ ထိန်းချုပ်ရေးမှာ ကျွန်တော်တို့က နိုင်နိုင်နင်းနင်း ပြန်ဖြစ်မှာ" လို့ သူကပြောပါတယ်။

စံချိန်တင်ပိုးတွေ့မှုတွေ ဆက်တိုက်တွေ့ရှိနေလို့ ကုသရေးပိုင်းမှာ ဝန်ထုပ်ဝန်ပိုးတွေဖြစ်နေပါပြီ။ လက်ရှိအခြေအနေအရ ရန်ကုန်မှာ ကိုဗစ်-၁၉ ကုသပေးတဲ့နေရာက ၄ ခုပဲရှိပြီး ဖောင်ကြီး၊ ဝေဘာဂီ၊ တောင်ဥက္ကလာနဲ့ သုဝဏ္ဏမြက်ခင်းတုဘောလုံးကွင်းက ဧရာဝတီကိုဗစ်ကုသရေး စင်တာတို့ပဲဖြစ်ပါတယ်။

ကျန်တဲ့ ကိုဗစ်စင်တာတွေက ရောဂါကုသတဲ့နေရာတွေမဟုတ်ဘဲ ရောဂါလက္ခဏာ မပြသသူတွေနဲ့မပြင်းထန်တဲ့ သူတွေကို သီးခြား ခွဲထားပြီးစောင့်ကြည့်တဲ့နေရာတွေဖြစ်ပါတယ်။

နေရာတွေပြည့်နေလို့ ကိုဗစ်စင်တာတွေ ထပ်တိုးချဲ့ရင်တောင် ဆေးပစ္စည်းနဲ့ ကျန်းမာရေးဝန်ထမ်းပိုင်း အရင်းအမြစ်အရ ကုသရေးဌာနတွေ ထပ်ချဲ့နိုင်မှာ မဟုတ်တော့ဘဲ စောင့်ကြည့်ရေးစင်တာတွေပဲ ထပ်ချဲ့နိုင်မှာဖြစ်တယ်လို့ ကုသရေးပိုင်းက ဆရာဝန်တွေကပြောပါတယ်။

"ကိုဗစ်စင်တာတွေမှာ ရောဂါပြင်းထန်တဲ့သူရှိလာရင် အရေးပေါ်လူနာတင်ယာဉ်နဲ့ ကုသရေးစင်တာတွေကို ပို့ဆောင်ပြီးကုသမှာပါ" လို့ ရန်ကုန် ဆေးရုံကြီးအရေးပေါ်ဌာနက ပါမောက္ခ ဒေါက်တာ မော်မော်ဦးက ပြောပါတယ်။

မြန်မာမှာ စက်တင်ဘာ ၂၂ ရက်မနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ခြောက်ထောင်ကျော်နဲ့ သေဆုံးသူက ၁၀၀ ဦးရှိပြီဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-54245106

မြန်မာမှာ ကိုဗစ်လူနာတွေထဲ သေဆုံးသူ တစ်ရာ ရှိပြီ  မြန်မာမှာ ကိုဗစ်လူနာတွေထဲ သေဆုံးသူ တစ်ရာ ရှိပြီ Reviewed by THITHTOOLWIN on 18:57 Rating: 5

No comments:

Powered by Blogger.