တစ်ရက်တည်း စံချိန်တင်ပိုးတွေ့လူနာ ၁၉၇ ဦးမှာ ရန်ကုန်က အများဆုံးဖြစ်

စက်တင်ဘာ ၈ ရက်အတွက် တစ်ရက်တည်းပိုးတွေ့လူနာ ၁၉၇ ဦးမှာ ရန်ကုန်က ၁၆၈ ဦးပါဝင်ပါတယ်။

မြန်မာမှာ ကိုဗစ်အတည်ပြုလူနာတွေထဲ သေဆုံးသူ ၁၂ ဦးထိရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၈ ရက် နေ့လယ်ထိ သေဆုံးသူ ၈ဦးရှိခဲ့တာပါ။ ဒါပေမဲ့ စက်တင်ဘာ ၈ ရက် ညပိုင်းနဲ့ ၉ ရက်မှာ ထပ်တိုးသေဆုံးသူ လေးဦး ရှိလာခဲ့ပါတယ်။

သေဆုံးလူနာ လေးဦးနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်အရ လေးဦးလုံးဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း ရုတ်တရက်ပျက်စီးခြင်းရောဂါနဲ့သေဆုံးတယ်လို့ ဆိုပါတယ်။

အဲဒီလေးဦးအနက် သုံးဦးမှာ ဆီးချိုနဲ့ သွေးတိုးရောဂါအခံရှိသူတွေဖြစ်ပြီး အသက် ၈၂ နှစ်အရွယ် အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးပါဝင်ပါတယ်။

ဒီသေဆုံးသူတွေထဲက ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် ၅၁ နှစ်အရွယ် အမျိုးသား လူနာနံပါတ် ၈၈၅ ဟာ ရုတ်တရတ် နှလုံးရပ်ခြင်း၊ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရတ် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းနဲ့ စက်တင်ဘာ ၉ ရက် နံနက် သုံးနာရီခွဲမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီး လူနာနံပါတ် ၁၆၉၂ ဟာလည်း ပြင်းထန်အဆုတ် ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းနဲ့ စက်တင်ဘာ ၇ ရက် ညနေပိုင်းက သေဆုံးခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီလူနာအမျိုးသမီးကတော့ ဆီးချို သွေးတိုးရောဂါအခံရှိသူ လို့ ဆိုပါတယ်။

မော်လမြိုင် ပြည်သူ့ဆေးရုံကြီးမှာ ကုသနေတဲ့ အသက် ၆၅ နှစ်အရွယ် ဆီးချိုသွေးတိုးရောဂါအခံရှိသူ အမျိုးသား လူနာနံပါတ် ၁၆၂၉ ဟာ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းနဲ့ စက်တင်ဘာ ၇ ရက်မှာ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဖောင်ကြီး ကိုဗစ်ကုသရေးစင်တာမှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၈၂ နှစ်အရွယ် ဆီးချို သွေးတိုးရောဂါအခံရှိသူ အမျိုးသမီး လူနာနံပါတ် ၁၄၈၅ဟာလည်း ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း ရုတ်တရက်ပျက်စီးပြီး စက်တင်ဘာ ၈ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။

စက်တင်ဘာ ၈ ရက်အတွက် ဓာတ်ခွဲနမူနာပေါင်း ၃,၃၁၇ ကို နှစ်သုတ်ခွဲ စစ်ဆေးခဲ့တဲ့အနက် ပထမအသုတ်မှာ လူနာသစ် ၉၉ ဦးနဲ့ ဒုတိယအသုတ်မှာ လူနာသစ် ၉၈ ဦး စုစုပေါင်း အတည်ပြုလူနာသစ် ၁၉၇ ဦး ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၂၄ နာရီအတွင်း စစ်ဆေးမှုကနေ တွေ့ရှိတဲ့ လူနာအရေအတွက် အများဆုံးစံချိန်သစ်ဖြစ်ပြီး အဲဒီထဲမှာ ရန်ကုန်က ၁၆၈ ဦး ပါဝင်နေတာဖြစ်ပါတယ်။

သင်္ဃန်းကျွန်းမှာ ကိုဗစ်လူနာ အများဆုံးဖြစ်နေ

ပိုးတွေ့လူနာတွေ့ရှိမှုများလို့ နေအိမ်တွေမှာပဲနေဖို့ သတ်မှတ်ထားတဲ့ ရန်ကုန်က မြို့နယ် ၇ မြို့နယ်အနက် သင်္ဃန်းကျွန်းမြို့နယ်မှာ ပိုးတွေ့လူနာက စုစုပေါင်း ၁၇၁ ဦးအထိ ရှိလာပါပြီ။ စက်တင်ဘာ ၉ ရက်မနက်ပိုင်းထုတ်ပြန်တဲ့ အတည်ပြုလူနာသစ် ၉၈ ဦးထဲမှာ သင်္ဃန်းကျွန်းတစ်မြို့နယ်တည်းက ၇၃ ဦးပါဝင်နေပါတယ်။

ဒီလူနာ ၇၃ ဦးလုံးဟာ လုပ်ငန်းခွင်တစ်ခုတည်းကနေ ကူးစက်ခံရသူတွေဖြစ်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ပိုးတွေ့လူနာတွေ့နှုန်းမြင့်တက်နေတဲ့သင်္ဃန်းကျွန်းမှာ ကိုယ်ပူချိန်တိုင်းတဲ့ကျန်းမာရေးစစ်တမ်းကောက်မှုကြောင့် လူစုလူဝေးဖြစ်စေတဲ့အပေါ် ဝေဖန်တာတွေရှိနေပါတယ်။

ဒီလို ကူးစက်မှုမြင့်တက်နေချိန် သင်္ဃန်းကျွန်းမှာ ကျန်းမာရေးစစ်တမ်းကောက်ယူခြင်းနဲ့ ကိုယ်အပူချိန်တိုင်းကျန်းမာရေးစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ရာမှာ လူစုလူဝေးဖြစ်ပေါ်စေတယ်ဆိုပြီး မြို့ခံတွေကြား ဝေဖန်မှုတွေလည်းရှိနေပါတယ်။

ကိုယ်အပူချိန်တိုင်းရုံ၊ ကိုယ်ရေးအချက်အလက်ဖြည့်သွင်းရုံစစ်ဆေးမှုဖြစ်ပြီး ကိုဗစ်ရှိမရှိ တို့ဖတ်နမူနာတွေယူပြီးစစ်ဆေးတာလည်းမဟုတ်တာကြောင့် လူစုလူဝေးကို ရှောင်လိုသူတွေက သွားရောက်စစ်ဆေးမှုမပြုလုပ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

မြန်မာမှာ အတည်ပြုလူနာဟာ စက်တင်ဘာ ၉ ရက်နေ့လယ်ပိုင်းအထိ ၁,၈၀၇ ဦးရှိပြီး အဲဒီထဲက ၄၆၀ ဦးကို ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-54083462

တစ်ရက်တည်း စံချိန်တင်ပိုးတွေ့လူနာ ၁၉၇ ဦးမှာ ရန်ကုန်က အများဆုံးဖြစ်  တစ်ရက်တည်း စံချိန်တင်ပိုးတွေ့လူနာ ၁၉၇ ဦးမှာ ရန်ကုန်က အများဆုံးဖြစ် Reviewed by THITHTOOLWIN on 18:59 Rating: 5

No comments:

Powered by Blogger.