ကိုဗစ် ၁၉ ကာလ တောင်ကြီးမြို့တွင် ဆိုင်ကယ်ခိုးမှု မြင့်တက်လာ


သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ဆိုင်ကယ်ခိုးမှု မြင့်တက်လာကြောင်းစုံစမ်းသိရှိရသည်။

၂၀၂၀ နှစ်ဉီးပိုင်း မှစတင်ကာ ဆိုင်ကယ် ပျောက်ဆုံးမှုသည် ၁၂ မှုလောက်ရှိပြီး ဖမ်းဆီးရမိသည့် တရားခံမှာ ၁၅ ဦး ရှိကြောင်း တောင်ကြီးမြို့မရဲစခန်းမှ အရာရှိတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလိုခိုးမှု များလာတဲ့ အပေါ် ကျနော် တို့ဘက် ကလည်း ပိုပြီတော့ လုံခြုံရေးတိုးမြင့် မှုကို လုပ်ဆောင်နေပါတယ်။ ကျန်းမာရေးနဲ့အညီ ကျနော်တို့က လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေပါတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

တောင်ကြီးမြို့တွင် ခိုးမှုများလာသည့်အတွက် လုံခြုံရေးတိုးမြင့်ထားကြောင်း၊ ညဦးပိုင်း နှင့် ညနက်ပိုင်း ၂ ပိုင်းခွဲကာ ကင်းလှည့်နေကြကြောင်းသိရသည်။

တောင်ကြီးမြို့ နယ် အတွင်း ယခင်တွင် ခိုးမှု မရှိသလောက် ရှားပါးခဲ့ပြီး၊ ယခု နှစ်ဆန်းပိုင်း ကိုဗစ်-၁၉ ကာလအတွင်း ခိုးမှု များသည် နေ့စဉ်နှင့် အမျှ မြင့်တက်လာကြောင်း တောင်ကြီးဒေသခံများက ပြောသည်။

ဆိုင်ကယ်ခိုးသူများသည် နေအိမ်ခြံဝင်းထဲအထိ ဝင်ရောက်ခိုးယူကြသကဲ့သို့ အစိုးရ ဌာနဆိုင်ရာရုံးတွင် လည်း ဝင်ရောက်ခိုးကြကြောင်း သိရသည်။

ဆိုင်ကယ်ခိုးမှု နှင့် ပတ်သက်ပြီး CCTV မှတ်တမ်း သက်သေ အထောက်အထားရှိသော်လည်း ရဲတပ်ဖွဲ့ မှ တရားခံများဖမ်းဆီးရမိမှုမှာ အားနည်းနေသည် ကို မေးခွန်းထုတ်စရာဖြစ်နေကြောင်း ဆိုင်ကယ်ပျောက်ဆုံးသူ တဦးဖြစ်သည့် နန်းယိင်းတိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြည်သူတွေတင်ထားတဲ့ CCTV မှတ်တမ်းကို ပြန်ကြည့်မယ်ဆိုရင် ဒီလူဘဲခိုးနေတာ။ ဘာကြောင့် မဖမ်းနိုင်တာလဲလို့ဘဲ မေးခွန်ထုတ်ချင်ပါတယ်။ ကိုဗစ် ၁၉ ကာလအတွင်း ပြည်သူတွေအတွက် စားဝတ်နေရေး ခက်ခဲနေတာ တော့မှန်ပါတယ်။ လုံခြုံရေးကို အရင်ကထက်တိုးပြီးလုပ်ဆောင် ပေးဖို့လိုတယ်” ဟု နန်းယိင်းတိုင်းက ကပြောသည်။

ထိုနည်းတူ သျှမ်းပြည် အရှေ့ပိုင်း၊ သျှမ်းပြည် မြောက်ပိုင်းတွင်လည်း ကိုဗစ်-၁၉ ကာလ အတွင်း ခိုးမှုများမြင့်တက်လာသည် ဟု ဒေသခံများပြောပြချက် အရသိရသည်။

“ ဆိုင်ကယ်ပျောက်တာကတော့ နေ့တိုင်းလိုလိုပဲ။ ဆိုင်ရှေ့ မှာ ဇက်သော့ခတ်ပြီးရပ်ထားရင်တောင် ခိုးခံရတာ။ ညတောင်မဟုတ်ဘူး။ နေ့လည်လဲ ခိုးခံနေရတာ” ဟု မူဆယ်ဒေသခံ စိုင်းကျော် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်တဝှမ်းတွင် ခိုးမှု၊ လုယက်မှုများ နေ့စဉ်အမျှ ဖြစ်ပွားနေသဖြင့် သက်ဆိုင်ရာ မှ ဖမ်းဆီးအရေးယူပေးပြီး ပြည်သူများ၏ လုံခြုံရေးကို လည်း ပိုပြီး အားဖြည့်လုပ်ဆောင်ပေးစေချင်ကြောင်း ဒေသခံများကပြောသည်။


(အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။)

SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

ကိုဗစ် ၁၉ ကာလ တောင်ကြီးမြို့တွင် ဆိုင်ကယ်ခိုးမှု မြင့်တက်လာ ကိုဗစ် ၁၉ ကာလ တောင်ကြီးမြို့တွင် ဆိုင်ကယ်ခိုးမှု မြင့်တက်လာ Reviewed by THITHTOOLWIN on 19:04 Rating: 5

No comments:

Powered by Blogger.