ရန်ကုန်မှာ ကိုဗစ်လူနာတွေ ကုဖို့ အ‌ရေးပေါ်ဆေးရုံတွေ ဆောက်

ရန်ကုန်မှာအ‌ရေးပေါ်ဆေးရုံတွေ အတွက် ပြင်ဆင်မှုတွေလုပ်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် -၁၉ ရောဂါပိုးရှိသူတွေကို ကုသဖို့အတွက် ဆေးရုံတွေ ထပ်မံ တည်ဆောက်ဖို့ပြင်ဆင်နေပါတယ်။

လူနာ ၇၀၀ ဆန့်တဲ့ ဆေးရုံတစ်ရုံကို အင်းလျားလိတ် ဟိုတယ်ဝင်းထဲမှာ ဖွင့်ဖို့ ပြင်ဆင်နေပြီး၊သာကေတမြို့နယ်ထဲမှာရှိတဲ့ Fortune Plaza Expo ခန်းမကို ကိုဗစ်လူနာ ၁၀၀၀ ထိကုသနိုင်မယ့် ဆေးရုံအဖြစ် ဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

အင်းလျားလိတ်ဟိုတယ်ဝင်းထဲက အဆောက်အအုံကို ကိုဗစ်လူနာ ကုသတဲ့ ဆေးရုံအဖြစ် တည်ဆောက်ဖို့ အတွက် ကမ္ဘောဇဘဏ်အုပ်စုက အဓိက တာဝန်ယူပေးထားတယ်လို့လည်း ကမ္ဘောဇဘဏ်အုပ်စုက အကြီးအကဲတစ်ဦးဖြစ်သူ ဦးခွန်နောင်မြင့်ဝေက ဘီဘီစီကိုပြောပါတယ်။

အင်းလျားလိတ်ဟိုတယ်ဝင်းထဲက ကိုဗစ် ဆေးရုံကို ခုတင် ၆၀၀ နဲ့ ၇၀၀ ကြားဆေးရုံ အဖြစ် နိုင်ငံတကာ စံနှုန်းနဲ့ အညီ ၁၀ ရက်အတွင်း အပြီးဆောက်မှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အင်းလျားလိတ် ကိုဗစ် စင်တာကို လူနာ ၇၀၀ ခန့်အထိကုနိုင်အောင် ပြင်ဆင်ထား

ဒီဆေးရုံတည်ဆောက်ရေးအတွက် ကျပ် သိန်းပေါင်း တစ်သောင်းနီးပါး ကုန်ကျဖို့ရှိပြီး ကမ္ဘောဇကုမ္ပဏီက အများဆုံးထည့်ဝင် လှူဒါန်းထားတယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၂၈ ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ တစ်သောင်း တစ်ထောင် ကျော်ရှိပြီး သေဆုံးသူ ၂၅၆ ဦးထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့ က တစ်ရက်တည်းသေဆုံးသူ ၂၈ ဦး အထိရှိခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်က သေဆုံးသူ ၂၇ ဦးအထိ အများဆုံးပါဝင် နေပါတယ်။

နဂို ‌ရောဂါ အခံကြောင့် ခန္ဓာကိုယ်ထဲမှာ ပျက်စီးတာရယ်၊ကိုဗစ်ကြောင့် ခန္ဓာကိုယ်ထဲမှာ ပျက်စီးတာရယ် ပေါင်းပြီးတော့ ရောဂါ ပိုပြင်းထန်သွားတာပါလို့လည်း သေဆုံးသူ လူနာတွေ များလာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကျန်းမာရေးဌာန ပြောခွင့်ရသူ ‌ဒေါက်တာ သန်းနိုင်စိုးက ဘီဘီစီကိုပြောပါတယ်။

ကိုဗစ် လက္ခဏာ တစ်ခုဖြစ်တဲ့ အနံ့ပျောက်သူ အများစုရှိနေတဲ့လှိုင်သာယာမြို့နယ်မှာလည်း လူဦးရေများလာတဲ့အတွက် စင်တာတွေ ထပ်တိုးချဲ့နေရတယ်လို့ လှိုင်သာယာမြို့နယ် ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီရဲ့ ပြန်ကြားရေး တာဝန်ခံဖြစ်သူ ကိုဇေကိုကိုက ဘီဘီစီကို ပြောပြပါတယ်။

သာကေတမြို့နယ်ထဲမှာ ရှိတဲ့ Fortune Plaza Expo ခန်းမကိုလည်းကို ဗစ်လူနာ ၁၀၀၀ ထိကု သနိုင်မယ့် ဆေးရုံအဖြစ် ဆောင်ရွက်သွားဖို့ရှိတယ်

ဒါ့အပြင် ပိုးတွေ့လူနာတွေနဲ့ ထိတွေ့တဲ့ လူတွေကိုထားဖို့ သီးသန့်နေရာတွေကိုလည်း စတင် ပြင်ဆင်နေပြီ ဖြစ်တယ်လို့လည်း ရန်ကုန်တိုင်း အစိုးရကနေ တစ်ဆင့် သိရပါတယ်။

ရန်ကုန်တိုင်း တာမွေ မြို့နယ်က မဟာသန္တိသုခ ဘုန်းတော်ကြီးကျောင်းဝင်းထဲက အဆောင်အချို့မှာလည်း ကိုဗစ်လူနာအချို့ကို ထားဖို့ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ရန်ကုန်တိုင်းအတွင်း အနံ့ပျောက်သူအများအပြားကို ဆေးရုံတွေမှာ နေရာ မလောက်တော့တဲ့အတွက် နေအိမ်တွေကို ပြန်လွှတ်ခဲ့ရသူတွေ အများစုရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း အနံ့ပျောက်သူအများစုမှာ ပိုးကူးစက်ခံထားရကြောင်း တွေ့ခဲ့ရတာကြောင့် အနံ့ပျောက်ပါက နေအိမ်တွေမှာကျိတ်ပြီး မကုသကြဖို့နဲ့ ရောဂါပြင်းထန်မှ ဆေးရုံရောက်ပါက အသက်အန္တရာယ် ထိခိုက် လာနိုင်တဲ့အတွက် အနံ့ပျောက်တာနဲ့ ဖျားနာကုဆေးခန်း ဒါမှမဟုတ် ဆေးရုံတွေမှာ သွားရောက်စစ်ဆေးပြီး ကုသမှုခံယူကြ ဖို့ ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ သမားတော်တွေကနေ ဆိုရှယ်မီဒီယာက တစ်ဆင့် သတိပေးပြောဆိုတာတွေလည်းရှိပါတယ်။

နယ်ကျော်သွားလာ သူတွေကို စစ်ဆေးနေ

သေဆုံးမှုတွေ များလာတဲ့နောက်ပိုင်း ရန်ကုန်မှာ မြို့နယ်ကျော် သွားလာတာတွေကိုလည်း စစ်ဆေးပြီး အရေးယူမှုတွေလုပ်ဖို့ ရှိနေပါတယ်။

လောလောဆယ်မှာတော့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တစ်နေ့ကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ လူ ၅၅၀၀ သာစစ်ဆေးနိုင်ပြီးတော့စက်တင်ဘာ ၂၉ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိကို နာရီဝက်အတွင်း စစ်ဆေးနိုင်တဲ့ ကမ္ဘာကျန်းမာရေးအဖွဲ့အသိအမှတ်ပြု Test Kits တွေရောက်ရှိလာမှာဖြစ်ပါတယ်။

အဲဒီလို Test Kits တွေရောက်ရှိလာတဲ့အခါ တစ်နေ့ကိုလူ သောင်းနဲ့ချီစစ်ဆေးနိုင်မှာဖြစ်လို့ ပိုးတွေ့လူနာတွေ့ရှိမှုလည်း များလာမှာဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်​အောင်ဆန်းစုကြည်ကလည်း အဲဒီ့ Test Kits တွေနဲ့စစ်ဆေးတဲ့ အခါ ရောဂါပိုးရှိသူတွေ ပိုများလာနိုင်ပြီး စိတ်ဓာတ်မကျဖို့ကို စက်တင်ဘာလ ၂၈ ရက်နေ့က ပြည်သူလူထုကို အသိပေး ပြောကြားခဲ့ပါတယ်။

ပိုးတွေ့လူနာတွေကို မြန်မြန်ထိန်းချုပ်နိုင်ရင်တော့ ရောဂါပြန့်ပွားမှု ကိုလည်း မြန်မြန် ထိန်းချုပ်နိုင်မှာ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ပြောဆိုကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-54328600

ရန်ကုန်မှာ ကိုဗစ်လူနာတွေ ကုဖို့ အ‌ရေးပေါ်ဆေးရုံတွေ ဆောက်  ရန်ကုန်မှာ ကိုဗစ်လူနာတွေ ကုဖို့ အ‌ရေးပေါ်ဆေးရုံတွေ ဆောက် Reviewed by THITHTOOLWIN on 23:43 Rating: 5

No comments:

Powered by Blogger.