သမ္မတ ထရမ့် ဒေါ်လာ ၇၅၀ ပဲ ဝင်ငွေခွန် ဆောင်တယ်လို့ နယူးယောက်တိုင်းမ်စ်ပြော

နယူးယောက်တိုင်မ် သတင်းကို "သတင်းတု" ဆိုပြီး ဒေါ်နယ်ထရမ့်က ပယ်ချ

ဒေါ်နယ်ထရမ့်ဟာ ၂၀၁၆ ခုနှစ် သူ သမ္မတ ရာထူး ဝင်ပြိုင်တဲ့ နှစ်နဲ့ အိမ်ဖြူတော် မှာ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ နှစ် နှစ်ခုစလုံးမှာ ဝင်ငွေခွန် အဖြစ် ဒေါ်လာ ၇၅၀ (ပေါင်စတာလင် ၅၈၇ ပေါင်) သာ ပေးဆောင်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းစာက ပြောလိုက်ပါတယ်။

နယူးယောက်တိုင်းမ်စ် ဟာ မစ္စတာ ထရမ့်ရဲ့ အခွန်မှတ်တမ်းတွေ ရရှိထားတယ်လို့ ဆိုပါတယ်။ အဲဒီ မှတ်တမ်းတွေ အရ မစ္စတာ ထရမ့် ပိုင်ဆိုင်တဲ့ ကုမ္ပဏီ တွေ ဟာ ဆယ်စုနှစ် နှစ်ခု ကျော် အတွင်း နောက်ဆုံး ၁၅ နှစ်မှာ ၁၀ နှစ် က လုံးဝ ဝင်ငွေခွန် မပေးဆောင်ထားဘူးလို့ ပြောပါတယ်။

"နှစ်လကြာရှည် အရှုံးတွေနဲ့ အခွန်မဆောင်ထားတဲ့ နှစ်များစွာ" ကိုတွေ့ရှိရတယ်လို့ မှတ်တမ်းတွေက ဆိုကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာက ဆိုပါတယ်။

မစ္စတာ ထရမ့်က ဒီ ရေးသားချက်ဟာ "သတင်းတု၊ သတင်းမှား" လို့ ခေါ်ဆိုလိုက်ပါတယ်။

"ကျွန်တော်က အခွန်ဆောင်ပါတယ်၊ အခွန်ပြန်တမ်းတွေ စစ်ဆေးပြီးရင် သိလာရမှာပါ၊ စာရင်းစစ်ဆေးတာက နှစ်အများကြီး ကြာနေလို့ပါ" လို့ သူ့ရဲ့ အခွန်သတင်း ထွက်လာပြီးပြီးချင်း တနင်္ဂနွေနေ့က သမ္မတ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

"ပြည်တွင်းအခွန်ဌာက က သူ့ အပေါ် မျှမျှတတ မရှိဘူး" လို့လည်း မစ္စတာ ထရမ့်က ပြောပါတယ်။

အမေရိကန်မှာ သမ္မတကို ဘယ်လိုရွေးကြသလဲ၊ ဘယ်သူတွေက ရွေးပေးရတာလဲ။

မစ္စတာ ထရမ့်သူ့ရဲ့ ကြွယ်ဝမှုနဲ့ စီးပွားရေး လုပ်ငန်းတွေ အကြောင်း ဆိုင်ရာ စာရွက်စာတမ်းတွေကို ထုတ်ဖော်တာ မရှိတဲ့ အတွက် ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သူဟာ ၁၉၇၀ ခုနှစ်တွေက စပြီး အများပြည်သူကို အခွန်ပြန်တမ်း ထုတ်ဖော်ခြင်း မရှိတဲ့ ပထမဆုံး အမေရိကန် သမ္မတ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စုမှာ တရားဥပဒေ အရတော့ သမ္မတ တွေဟာ ဒီလို ထုတ်ပြန်ရမယ်လို့ သတ်မှတ်ထားတာတော့ မရှိပါဘူး။

နယူးယောက်တိုင်းမ်စ် သတင်းစာကတော့ သတင်းပါ အချက်အလက်တွေကို "တရားဥပဒေ ကြောင်း အရ အခွန်ပြန်တမ်းတွေ ကို ကြည့်နိုင်တဲ့ သတင်းရင်းမြစ်တွေက ပံ့ပိုးတာ" လို့ ဆိုပါတယ်။

နယူးယောက်တိုင်းမ်စ်ရဲ့ သတင်းဟာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပြန် အရွေးခံရဖို့ ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်နဲ့ စကားစစ်ထိုးပွဲ မတိုင်မီ ရက်ပိုင်းအလိုမှာ ထွက်လာတာ ဖြစ်သလို နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲ မတိုင်ခင် ရက်သီတင်းပတ် အနည်းငယ် မတိုင်မီ ဒီသတင်း ထွက်လာတာ ဖြစ်ပါတယ်။

ထရမ့် လုပ်ငန်းစုကလည်း နယူးယောက်တိုင်းမ်ရဲ့ စွပ်စွဲချက်ကို ပယ်ချထားပြီး အချက်အလက် အများစုက မမှန်ကန်ဘူးလို့ ငြင်း

အဓိက စွပ်စွဲချက်တွေက ဘာပါလဲ။

The Times က သမ္မတထရမ့်နဲ့ သူ့ စီးပွားရေးလုပ်ငန်းက ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေရဲ့ အခွန်ပေးဆောင်ထားမှုမှတ်တမ်းတွေကို ၁၉၉၀ နှစ်တွေ လောက်အထိ ပြန်ကြည့်ထားပြီး မစ္စတာထရမ့်သမ္မတဖြစ်ပြီးတဲ့နှစ် ၂၀၁၆ နဲ့ ၂၀၁၇ မှာ သူ့ရဲ့ တစ်ကိုယ်ချင်း အခွန် ပေးဆောင်မှုမှတ်တမ်းကိုလည်း လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအခါမှာ သမ္မတဟာ ၂၀၁၆ ရော ၂၀၁၇ မှာပါ ဝင်ငွေခွန်အဖြစ် ဒေါ်လာ ၇၅၀ ပဲ ပေးခဲ့တာတွေ့ရပြီး ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ၁၀ နှစ်က အခွန်လုံးဝ မပေးခဲ့ဘူးလို့ သတင်းစာက ဆိုပါတယ်။ သူဟာ "ရတဲ့ဝင်ငွေထက် ဆုံးရှုံးရတဲ့ ပမာဏက ပိုများနေတယ်" ဆိုပြီး အကြောင်းပြချက် ပေးခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတဖြစ်မလာခင်က မစ္စတာထရမ့်ဟာ နာမည်ကြီးစီးပွားရေးသမားနဲ့ အိမ်ခြံမြေလုပ်ငန်းရှင်ကြီး တစ်ယောက်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမေရိကန် အခွန်ဌာန IRS ကို တင်ပြချက်တွေမှာတော့ "သူ့ကိုယ်သူ ပုံဖော်တဲ့နေရာမှာ သူဟာ တစ်နှစ်တစ်နှစ်ကို ဒေါ်လာသန်းရာနဲ့ချီပြီး ဝင်ငွေတွေရခဲ့တယ် ဒါပေမယ့် ဟိုးကတည်းက ဆက်တိုက်ရှိလာတဲ့ အရှုံးတွေကို ကာမိအောင် မလုပ်နိုင်သေးဘူးဆိုပြီး အခွန်မပေးရအောင် ကြိုးစားခဲ့တယ်" လို့လည်း သတင်းထဲမှာ ဖော်ပြထားပါတယ်။

သမ္မတရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ သူဟာ ၂၀၀၈ ခုနှစ်အတွင်း အနည်းဆုံး ဝင်ငွေ ဒေါ်လာ ၄၃၄.၉ သန်း ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် The New York Times ကတော့ ဒီအချက်ကို ငြင်းချက်ထုတ်ပါတယ်။ သမ္မတရဲ့ အခွန်မှတ်တမ်းကို ကြည့်ရင် သူဟာ ဒေါ်လာ၄၇.၄သန်းတောင် အရှုံးပေါ်ခဲ့တာ တွေ့ရတယ်လို့ ထောက်ပြပါတယ်။

ထရမ့်စီးပွားရေးလုပ်ငန်းအဖွဲ့ကလည်း သမ္မတလိုပဲ သတင်းစာထဲမှာ ရေးထားတာတွေက မမှန်ဘူးလို့ ငြင်းဆိုပါတယ်။ ကုမ္ပဏီရဲ့ ဥပဒေအရာရှိချုပ် အလန်ဂါတန်က "သတင်းစာထဲမှာပါတဲ့ အချက်အားလုံး မဟုတ်တောင် အများစုက မတိကျပါဘူး" လို့ သူက ပြောပါတယ်။

"ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း သမ္မတထရမ့်ဟာ ဒေါ်လာသန်းဆယ်ချီပြီး ဖက်ဒရယ်အစိုးရကို သူ့ရဲ့ တစ်ဦးချင်းဝင်ငွေခွန်အဖြစ်ပေးခဲ့တယ်၊ ၂၀၁၅ ခုနှစ်မှာ သမ္မတအဖြစ်ဝင်အရွေးခံမယ်လို့ ကြေညာချိန်ကစလို့လည်း ဝင်ငွေခွန်ကို သန်းနဲ့ချီပြီပေးခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54322750

သမ္မတ ထရမ့် ဒေါ်လာ ၇၅၀ ပဲ ဝင်ငွေခွန် ဆောင်တယ်လို့ နယူးယောက်တိုင်းမ်စ်ပြော  သမ္မတ ထရမ့် ဒေါ်လာ ၇၅၀ ပဲ ဝင်ငွေခွန် ဆောင်တယ်လို့ နယူးယောက်တိုင်းမ်စ်ပြော Reviewed by THITHTOOLWIN on 23:40 Rating: 5

No comments:

Powered by Blogger.