ကပ်ဘေးကာလမှာ ထိုင်းကို တရားမဝင်သွားတဲ့ မြန်မာတွေ အဖမ်းခံရ


မြန်မာနိုင်ငံ မြို့အများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလာချိန်မှာ ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသမှာ လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ပါတယ်။ နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာပြည်သားတချို့ ဖမ်းဆီးခံနေရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာတဲ့အတွက် ထိုင်းမြန်မာနယ်စပ် လုံခြုံရေးတိုးမြှင့်ဖို့၊ နယ်စပ်အဝင်အထွက် ပိုမို စောင့်ကြည့်စစ်ဆေးဖို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

ကိုဗစ်-နိုင်တီးန်ရောဂါ အထူးဂရုထားနေရတဲ့ ကာလမှာ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ တပ်ခ်၊ ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ ကန်ချနဘူရီ၊ ဖက်ချဘူရီ၊ ပရကျွတ် ခရီခန်၊ လတ်ဘူရီ၊ ချွမ်ဖွန်နဲ့ ရနောင်း စတဲ့ ခရိုင် ၁၀ ခုကို လုံခြုံရေးနဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ တိုးမြှင့်ဖို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ချတ်ချိုင် ဖရွမ်လတ် (Chatchai Phromlert) က ပြောဆိုတယ်လို့ သြဂုတ်လ ၂၈ ရက်နေ့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

တစ်ရက်တည်းမှာပဲ သောင်းရင်းမြစ်ကို ဖြတ်သန်းပြီး ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ဘက် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀ ကျော် အဖမ်းခံရတယ်လို့ မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“အခုသူတို့ ဘာဘဲပြောပြော ဒုတိယလိုင်း ကိုဗစ်နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာလည်း ဘေးပတ်ဝန်းကျင် နိုင်ငံနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ စိုးရိမ်ကြောင့်ကျနေတာ ရှိတယ်။ အိမ်နီးချင်းနိုင်ငံနဲ့ ပတ်သက်လို့၊ ကမ္ဘာမှာ ကိုဗစ် အလုံခြုံဆုံးနိုင်ငံလို့ သုံးသပ်ထားတဲ့အခါကြတော့ သူကလုံခြုံရေးကို ပိုပြီး ဖိဖိစီးစီး လုပ်လာတဲ့သဘောပေါ့။”

သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံဘက် ကူးသန်းသွားလာသူတွေဟာ ဆောက်လုပ်ရေး၊ တောင်ယာ၊ ဈေးရောင်း၊ ကုန်တင်ကုန်ချ စတဲ့ ကျပန်းအလုပ်တွေ လာလုပ်တဲ့လူတွေ ဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

ကပ်ဘေးဟာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့ကျရောက်နေပြီး ကပ်ဘေး အစောပိုင်းကာလ နှစ်ဆန်းပိုင်းကတည်းက ကူးစက်ရောဂါပိုး ပျံ့နှံ့မှု ဟန့်တားထိန်းချုပ်နိုင်ဖို့ ထိုင်း-မြန်မာနယ်စပ်ကို လုံခြုံရေး အထူးတင်းကျပ်ထားတာပါ။

သြဂုတ်လ ၂၈ ရက်နေ့မှာ ဘုရားသုံးဆူ နယ်စပ်ဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၅ ဦးနဲ့ သူတို့ကို သယ်ဆောင်လာတဲ့ ကားသမား နှစ်ဦးကို ရဲက ထိန်းသိမ်းလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ သြဂုတ် ၂၈ ရက်နေ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ခြောက်ခု ရှိပြီး သူတို့တွေက လေကြောင်းခရီးစဉ်နဲ့ ပြည်ပကနေ ဝင်ရောက်လာသူတွေဖြစ်တယ်၊ သူတို့တွေကို အသွားအလာ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ သြဂုတ် ၂၈ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၄၁၀ ရှိတယ်လို့ ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ ၉၅ ရာခိုင်နှုန်း ပြန်လည်သက်သာလာပြီဖြစ်ပြီး ဆေးရုံမှာ ကုသမှု ခံယူနေသူပေါင်း ၁၁၅ ဦး ရှိတယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့သူက ၅၈ ဦးပါ။

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာတော့ ကူးစက်ခံရသူ ၆၅၆ ဦး အထိရှိလာနေပြီး ထက်ဝက်ကျော် ပြန်လည်သက်သာလာပါပြီ။ သေဆုံးသွားသူ ၆ ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးဌာနက ကြေညာထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/illegal-myanmarworkers-were-arrested-by-thaipolice-08292020004034.html

ကပ်ဘေးကာလမှာ ထိုင်းကို တရားမဝင်သွားတဲ့ မြန်မာတွေ အဖမ်းခံရ  ကပ်ဘေးကာလမှာ ထိုင်းကို တရားမဝင်သွားတဲ့ မြန်မာတွေ အဖမ်းခံရ Reviewed by THITHTOOLWIN on 20:01 Rating: 5

No comments:

Powered by Blogger.